SJ WorldNews - шаблон joomla Авто

ယခုနှစ်အတွင်း ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ဆရာဝန်များ ပူးပေါင်း၍ ရန်ကုန်ကလေး ဆေးရုံကြီး၌ ကျောက်ကပ် အသည်းနှင့် ရိုးတွင်းခြင်ဆီ အစားထိုး ကုသပေးမည်

Thursday, 11 January 2018 10:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၁ဝ

ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းရှိ ရန်ကုန်ကလေးဆေးရုံကြီး၌    ယခုနှစ်အတွင်း ကလေးလူနာတချို့အား ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ဆရာဝန်ကြီးများ ပူးပေါင်း၍ ကျောက်ကပ်၊ အသည်းနှင့် ရိုးတွင်းခြင်ဆီ အစားထိုး ကုသပေးရန်  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်ကလေး ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ကျောက်ကပ်ဝေဒနာ  ဆိုးရွားစွာ ခံစားနေရသော ကလေးငယ်နှစ်ဦးကို စင်ကာပူနိုင်ငံနှင့် ပြည်တွင်းမှ ကျွမ်းကျင်ဆရာဝန်ကြီးများ ပူးပေါင်းကာ  ယခုလ နောက်ဆုံးပတ်အတွင်း    ရန်ကုန် ကလေးဆေးရုံကြီး၌ ကျောက်ကပ်အစားထိုးကုသမှုများ ဆောင်ရွက်မည်ဖြစ်ပြီး  ယခုအခါ  လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။

ထို့ပြင် အသည်းနှင့် ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှုများကို ယခုနှစ်အတွင်း ရန်ကုန် ကလေးဆေးရုံကြီး၌ လုပ်ဆောင်ပေးနိုင်ရန် စီစဉ်ထားပြီး အဆိုပါ အစားထိုးကုသမှုများကို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့မှ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် မေ့ဆေးဆရာဝန်ကြီးများက ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌    လူကြီးကျောက်ကပ် အစားထိုးကုသမှုများကို ပြီးခဲ့သည့် ၁ဝ နှစ်ခန့်ကတည်းက စတင်လုပ်ဆောင်နိုင်သော်လည်း ကလေးကျောက်ကပ် အစားထိုးကုသခြင်းကို ၂ဝ၁၇ ခုနှစ်အတွင်းက မန္တလေး ကလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး  ရန်ကုန်ကလေး ဆေးရုံကြီး၌ ဒုတိယအကြိမ်မြောက် ကလေးကျောက်ကပ် အစားထိုး ကုသမှုပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။         

Read 114 times Last modified on Thursday, 11 January 2018 10:12