SJ WorldNews - шаблон joomla Авто

ကြက်ဥနှင့် အာဟာရ

Tuesday, 03 April 2018 09:10 font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်ထောင်ပေါင်း များစွာကပင် ငှက်ဥ၊ ငါးဥ၊ လိပ်ဥ အစရှိသဖြင့် ဥအမျိုးမျိုးတို့ကို စားသုံးခဲ့ကြသည်။ အဓိက စားသောက်ကြသောဥမှာ ကြက်ဥဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကြက်ဥကို မက်ထရစ်တန်ချိန် ၆၂ ဒသမ ၁ သန်းခန့် ထုတ်လုပ်ခဲ့သည်။ ကြက်ဥတွင် ပရိုတင်းဓာတ် ပမာဏများစွာ ပါဝင်သည့်အတွက် အာဟာရ ဖြစ်စေခြင်း၊ ဈေးသက်သာစွာ ဝယ်ယူစားသောက်နိုင်ခြင်း၊ ကြက်ဥကို မုန့်အမျိုးမျိုး၊ ကိတ်အမျိုးမျိုး၊ အစားအသောက် အမျိုးမျိုးတို့တွင် ပုံစံမျိုးစုံဖြင့် ပြုလုပ်စားသောက်ကြခြင်း တို့ကို တွေ့ရသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါဝင်သည်။ ကြက်ဥတစ်လုံးသည် ပျမ်းမျှအားဖြင့် ၅ဝ ဂရမ်ရှိပြီး ၎င်းတွင် အသားတစ်အောင်စနှင့် ညီမျှသော ပရိုတင်းပမာဏ ပါဝင်သည်။ အမေရိကန် ပြည်ထောင်စု စိုက်ပျိုးရေး ဌာန၏ သုတေသနဆိုင်ရာ ထုတ်ပြန်ချက်အရ ကြက်ဥတစ်လုံးတွင် ၇၅ ကယ်လိုရီ၊ ပရိုတင်း ၆ ဂရမ်၊ အဆီ ၅ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် သုညဂရမ်၊ ဆိုဒီယမ် ၆၃ မီလီဂရမ်နှင့် ကိုလက်စထရော ၂၁၃ မီလီဂရမ်ပါဝင်သည်။ ကြက်ဥအကာတွင် ပရိုတင်းနှင့် ကြက်ဥအနှစ်တွင် ကိုလက်စထရော အဓိကပါဝင်သည်။ ထို့ပြင်ကြက်ဥတွင် ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါး၊ မန်ဂနိစ်၊ ဆီလီနီယမ်နှင့် အိုင်အိုဒင်းတို့ အနည်းငယ်စီပါဝင်သည်။ ဗီတာမင် B၊ E၊ K၊ A၊ Choline၊ Carotenoid၊ များ ဖြစ်သော လူတင်းနှင့် ဇီဇင်သင်းတို့ ပါဝင်သည်။ ကြက်ဥအနှစ်တွင် မျက်စိအမြင်ကို အားကောင်းစေသော Lutein လည်း ပါဝင်သည်ကို တွေ့ရှိရသည်။ ကြက်ဥတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်စစ်နှင့် ပထမတန်းစား ပရိုတင်းတို့ ပါဝင်သည်။ ထို့ပြင် သဘာဝ ဗီတာမင်ဒီ ပါဝင်သော တစ်ခုတည်းသော အစားအစာဖြစ်သည်။ အလောတော် ကြက်ဥတစ်လုံး၏ အနှစ်မှာ ကိုလက်စထရော ၂၁၃ မီလီဂရမ်ပါဝင်သည်။ အဆီဓာတ် အနေဖြင့် ၅ ဂရမ်ပါဝင်ပြီး သုံးပုံတစ်ပုံသည် ပြည့်ဝဆီဖြစ်သည်။ ကြက်ဥတွင် ပါဝင်သော ကိုလက်စထရောသည် လက်ဆီသင်နှင့် တွဲနေခြင်းဖြစ်ပြီး လက်ဆီသင်သည် ကိုလက်စထရောကို သွေးထဲတွင် စုမနေစေရန်နှင့် လိုအပ်သော နေရာများသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသော ဓာတ်တစ်မျိုးဖြစ်သည်။ ကြက်ဥတွင် ၎င်းဓာတ်နှစ်မျိုးလုံး ပူးတွဲပါဝင် နေသည့်အတွက် ကိုလက်စထရောကြောင့် ဖြစ်လာမည့် ကျန်းမာရေး အန္တရာယ်များကို လျော့နည်းစေသည့်အပြင် အမျိုးသား၊ အမျိုးသမီး ဟော်မုန်းကိုလည်း တိုးတက်စေသည်။ သုတေသန စာတမ်းများအရ ကြက်ဥကို တစ်နေ့တစ်လုံး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှု အပေါ်တွင် သက်ရောက်မှုမရှိဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ကြက်ဥ၏ အန္တရာယ် ဖြစ်စေနိုင်သော အချက်တစ်ချက်မှာ ၎င်း၏အခွံတွင် အစာအဆိပ်သင့်မှုကို ဖြစ်စေသော Salmonella ရောဂါပိုး ပါဝင်နိုင်မှု ဖြစ်သည်။ ၎င်း Salmonella ရောဂါပိုး ပေါက်ပွားမှုကို ရှောင်ရှားရန် ကြက်ဥများကို ရေဖြင့်သေချာစွာ ဆေးကြောပြီး ရေခဲသေတ္တာ ထဲတွင်ထားရန်၊ နှစ်ပတ်ကျော်လျှင် မစားသုံးရန်နှင့် အစိမ်းလိုက် စားသောက်ခြင်းမှ ရှောင်ကြဉ်ရန် ကျန်းမာရေး ပညာရှင်များက အကြံပြုထားသည်။ အဝလွန်ခြင်းကို လျှော့ချသော သုတေသန မှတ်တမ်းများတွင် နံနက်စာအဖြစ် ကယ်လိုရီ လျော့နည်းသော ကြက်ဥကို စားသုံးခြင်းသည် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချရာ၌ အထောက်အကူ ပြုကြောင်း ဖော်ပြထားသည်။ ကြက်ဥသည် ကာဗိုဟိုက်ဒရိတ် ပါဝင်မှု လျော့နည်းသော အစားအစာဖြစ်ပြီး စားသုံးပြီးနောက် ဗိုက်ပြည့်စေသော ခံစားမှုကို ရရှိစေ၍ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများသော အစားအစာများ စားချင်စိတ်ကို လျော့နည်းစေသည်။ ထို့ကြောင့် ကြက်ဥသည် ကာဗိုဟိုက်ဒရိတ်ကို လျှော့ချစားသောက်သူများ အတွက် အလွန်ကောင်းသော ရွေးချယ်မှုဖြစ်သည်။

ကြက်ဥတွင် အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး ဥာဏ်ရည်ဥာဏ်သွေးကို ထက်မြက်စေသည်။ ထုံးဓာတ်နှင့် မီးစုန်းဓာတ်များလည်း ပါဝင်သောကြောင့် အရိုးနှင့်သွားများကို ခိုင်မာစေရန် အထောက်အကူပြုသည်။ ထို့ပြင် သွပ်ဓာတ်ပါဝင်သည့် အတွက် အနာကျက်မြန်စေခြင်း၊ ရောဂါပိုးမွှားများရန်မှ ကာကွယ်ခြင်း၊ ဆီလီနီယမ်ပါဝင်သည့် အတွက် အင်တီအောက်ဆီဒင့် အာနိသင်ရှိပြီး နုပျိုစေခြင်း၊ သံဓာတ်ပါဝင်သည့် အတွက် သွေးအားနည်းရောဂါကို ကာကွယ်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ ကြက်ဥတွင် ဗီတာမင်(အေ)၊ B12 နှင့် ဆီလီနီယမ်ဓာတ် ပါဝင်မှုကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကောင်းမွန်စေသည့် အပြင် အရေပြား၏ ကျန်းမာရေးကိုလည်း အထောက်အကူပြုသည်။ ထို့ပြင် ကြက်ဥတွင် ပါဝင်သော အသားဓာတ်သည် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေသော ကလေးများ၏ ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အာဟာရဓာတ်ဖြစ်သည်။ ကိုလင်းဓာတ်သည် လူတို့၏ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော ဓာတ်တစ်မျိုးဖြစ်ပြီး ကြက်ဥအနှစ်တွင် အများဆုံး ပါဝင်သည်။ ၎င်းဓာတ်သည် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများ ပုံမှန်ဖြစ်စေရန် မရှိမဖြစ် လိုအပ်သော အက်ဆီတိုင်းကိုလင်းဟု ခေါ်သည့် ဟော်မုန်းကို ဖြစ်စေသည်။ ၎င်းဟော်မုန်းချို့တဲ့လျှင် မှတ်ဥာဏ်ချို့တဲ့လာပြီး အထူးသဖြင့် အသက်ကြီးသူများတွင် အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆင်ရောဂါများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင် ကိုလင်းသည် စိတ်ကျရောဂါကိုလည်း ကာကွယ်ပေးသည်။ နှလုံးနှင့် သွေးကြောများ ပုံမှန်တာဝန် ထမ်းဆောင်နိုင်ရန် ကိုလင်းဓာတ် လိုအပ်သည်။ ကိုလင်းသည် သွေးထဲရှိ ကိုလက်စထရောနှင့် ဟိုမိုစစ်စတင်းများကို လျော့ကျစေသည်ဟု သုတေသန စာတမ်းများက ဆိုထားသည်။ ၎င်းကိုလက်စထရောနှင့် ဟိုမိုစစ်စတင်းဓာတ် ပစ္စည်းနှစ်ခုသည် သွေးထဲတွင် ရှိသင့်သော ပမာဏထက် ပိုမိုများပြားလျှင် နှလုံးသွေးကြော ကျဉ်းရောဂါကို ဖြစ်စေပြီး နှလုံးသွေးကြော ပိတ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်ခြင်းနှင့် လေဖြတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အသက် သေဆုံးနိုင်သည်အထိ ဖြစ်စေနိုင်သည်။ ကိုလင်းပါဝင်သော အစားအသောက်များ ပုံမှန်မှီဝဲပါက အထက်ပါရောဂါများမှ ကင်းဝေးစေနိုင်သည်။ ထို့ကြောင့် ကြက်ဥကို တစ်နေ့တစ်လုံး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုအပေါ်တွင် သက်ရောက်မှုမရှိဟု သုတေသန စာတမ်းများက ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ထို့ပြင် အသည်းနှင့် သည်းခြေရည်များ ပုံမှန်တာဝန် ထမ်းဆောင်ရန် ကိုလင်းဓာတ် လိုအပ်သည်။ ကိုလင်းသည် အသည်းအဆီဖုံး ရောဂါမဖြစ်စေရန် ကာကွယ်ပေးသည့် အပြင် အသည်းရောင်ခြင်း၊ အရက်ကြောင့် အသည်းပျက်စီးခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် အခြားသော အာဟာရဓာတ်များအပြင် ကိုလင်းဓာတ် ပြည့်ဝစေရန် လိုအပ်သည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် သန္ဓေသား ဦးနှောက်ဖွံ့ဖြိုး စေရန်နှင့် အာရုံကြောစနစ်များကို ကောင်းမွန်စေရန်၊ မွေးဖွားလာမည့် ကလေး၏ ဥာဏ်ရည်ဥာဏ်သွေး မြင့်မားစေရန် ကိုလင်းဓာတ်ပါဝင်သော အစားအစာများကို ပိုမိုစားသုံးပေးရန် လိုအပ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်များသည် တစ်နေ့လျှင် အနည်းဆုံး ကြက်ဥတစ်လုံး သို့မဟုတ် နှစ်လုံးစားပေးသင့်သည်။ ထို့အတူ နို့တိုက်မိခင်များ အနေဖြင့် မိခင်နို့ရည်ထဲတွင် ကိုလင်းဓာတ် ပြည့်ပြည့်ဝဝ ပါဝင်စေရန် ကြက်ဥကို စားပေးသင့်သည်။ ကြက်ဥတွင် မျက်စိနှင့် နှလုံးကို ကောင်းမွန်စေသော Carotenoid များဖြစ်သည့် Lutein နှင့် Zeaxanthin တို့ ကြွယ်ဝစွာ ပါဝင်သည်။ ၎င်းဓာတ်ပစ္စည်း နှစ်မျိုးသည် သွေးကြောနံရံများအား ခိုင်ခံ့စေပြီး အထူးသဖြင့် သွေးတိုး ရောဂါများတွင် သွေးလွှတ်ကြောပေါက်၍ လေဖြတ်ခြင်း၊ သေဆုံးခြင်းများ မဖြစ်အောင် ကာကွယ်ပေးသည်။ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်နေသော ကလေးများတွင် သွေးကြောများပေါက်၍ ရောဂါဆိုးမလာစေရန် တစ်နေ့လျှင် ကြက်ဥတစ်လုံးမှ နှစ်လုံးအထိ ကျွေးသင့်သည်။ ထို့ပြင် သက်ကြီးရွယ်အိုများတွင် Lutein နှင့် Zeaxanthin တို့သည် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးသည်။ ကြက်ဥနှင့် အသားနှစ်မျိုး လုံးတွင် ပြည့်ဝဆီနှင့် ကိုလက်စထရော နှစ်မျိုးလုံးပါဝင်သည်။ ၁ဝဝ ဂရမ်ရှိ ပြုတ်ထားသော ကြက်ဥတွင် ပရိုတင်း ၁၂ ဒသမ ၅၈ ဂရမ်၊ အသား ၁ဝဝ ဂရမ်တွင် ပရိုတင်း ၂၁ ဂရမ်ပါဝင်သည်။ အသားသည် ကြက်ဥထက် ပရိုတင်းပမာဏ ပိုမိုရရှိစေသော်လည်း တစ်ပတ်လျှင် အသား ၁၈ အောင်စ (၅၁၁ ဂရမ်)ထက် ပိုမိုစားသုံးခြင်းသည် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေသည်။ ကြက်ဥသည် အသားထက်ပို၍ အန္တရာယ်ကင်းပြီး ကိုယ်ဝန်ဆောင် မိခင်များအတွက် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးစေခြင်းနှင့် အာရုံကြော စနစ်များကို ကောင်းမွန်စေခြင်း၊ ကလေးငယ်များအတွက် အရိုးနှင့် သွားများကို ခိုင်မာစေခြင်း၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေခြင်း၊ မျက်စိအမြင်အာရုံ အားကောင်းစေခြင်း၊ သွေးအားနည်း ရောဂါကို ကာကွယ်စေခြင်း၊ အသက်ကြီးသူများတွင် အယ်ဇိုင်းမားရောဂါနှင့် ပါကင်ဆင်ရောဂါ ဖြစ်ပေါ်မှုမှ ကာကွယ်ပေးခြင်း၊ စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးခြင်း၊ အသည်းအဆီဖုံး ရောဂါနှင့် အရက်ကြောင့် အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် ကြက်ဥသည် ပရိုတင်းဓာတ်များစွာ ပါဝင်သော၊ ဈေးနှုန်းသင့်တင့် မျှတသော၊ မုန့်အမျိုးမျိုး၊ အစားအစာ အမျိုးမျိုးတို့နှင့် တွဲဖက်ပြုလုပ် စားသောက်နိုင်သော၊ အဝလွန်ခြင်းကို လျှော့ချလိုသူများအတွက် အလွန်သင့်လျော်သော အစားအသောက် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ဆေးစိုး

Read 282 times Last modified on Tuesday, 03 April 2018 09:12