SJ WorldNews - шаблон joomla Авто

ခါသင်္ကြန် မြန်မာ့ရိုးရာ အစားအစာများနှင့် အာဟာရ

Wednesday, 04 April 2018 09:33 font size decrease font size decrease font size increase font size increase font size

ဧပြီလရောက်တာနဲ့ သင်္ကြန်ရဲ့အငွေ့အသက်ကို ရရှိလာပါပြီ။ နှစ်ဟောင်းက အညစ်အကြေး တွေကို ဆေးကြောသန့်စင်ပြီး သစ်လွင်တဲ့ နှစ်သစ်ကိုကြိုဆိုရင်း မြန်မာ့အတာရေ သဘင်ပွဲကို ဆင်နွှဲကြတဲ့ သင်္ကြန်အခါသမယလည်း တစ်နှစ်လည်လို့ တစ်ခါရောက်လုပြန်ပါပြီ။ သင်္ကြန်ကာလမှာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ကြည်ကြည်နူးနူး မြူးထူးပျော်ရွှင် ရေစင်ဖျန်းပက် ကစားကြတဲ့အခါ မငြူစူဘဲ ကြည်ဖြူစွာ ရေကစားကြတာဟာ ချစ်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာ ဓလေ့တစ်ရပ် ဖြစ်ပါတယ်။ ထို့အတူ ရပ်တကာ၊ နယ်တကာမှာ သူသူငါငါ လူတကာကို စတုဒိသာ ကျွေးမွေးဧည့်ခံ ကြတာလည်း ကြည်နူးစရာ ရှေးအစဉ်အလာ ဒါနတစ်ခုရယ်ပါ။ သင်္ကြန်အခါသမယမှာ အုန်းလက်နဲ့ တမာခက်တွေ မိုးကာထားတဲ့ သင်္ကြန်မဏ္ဍပ်အတွင်း ဒါနအမှုပြုလေ့ ရှိကြတဲ့ သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ပေါင်မုန့်အုန်းနို့ဆမ်း စတဲ့မြန်မာ့ရိုးရာ အစားအစာလေးများ ဟာဖြင့် ခါသင်္ကြန်နဲ့ လိုက်လျောညီထွေ ရှိလှပါတယ်။ ဝါသနာ ပါသူများကလည်း အစဉ်လာမပျက် မိမိနေအိမ်တွင် သင်္ကြန်အစားအစာ လေးများကို ပြုလုပ်၍ အိမ်နီးချင်း မိတ်ဆွေများကို ဝေငှလှူမျှ ကြတာကလည်း အရိုးပေါ် အရွက်မဖုံးတဲ့ ချစ်စရာ့ဓလေ့ ဖြစ်ပါတယ်။ ပေးလှူသူ အတွက်ရော၊ လက်ခံစားသုံးသူ အတွက်ပါ ကျန်းမာသုတ ရကြပါစေကြောင်း သင်္ကြန်အစာနဲ့ အာဟာရတန်ဖိုး လေးတွေကို အောက်ပါအတိုင်း အကြံပြုလိုက်ပါရစေ။

သင်္ကြန်ထမင်းနှင့်အာဟာရ

နေရာဒေသပေါ် မူတည်ပြီး သင်္ကြန်ထမင်းကို မြန်မာသင်္ကြန်ထမင်းနှင့် မွန်ရိုးရာသင်္ကြန် ထမင်းဟူ၍ ကျွေးမွေးဧည့်ခံ တတ်ကြတယ်။ မြန်မာရိုးရာဖြစ်စေ၊ မွန်ရိုးရာဖြစ်စေ သင်္ကြန်ထမင်းအတွက် တွဲဖက်စားသုံးလေ့ရှိတဲ့ ဟင်းလျာများကတော့ ငါးခြောက် ထောင်းကြော်၊ ငရုတ်သီးကြော်၊ ပဲကြီးဆူးပုပ်၊ သရက်သီး သုပ်တို့ပဲဖြစ်ကြတယ်။ ညီနောင်နွယ်ဖွား မွန်တိုင်းရင်းသားများ၏ သင်္ကြန်ထမင်းကတော့ ပူပြင်းတဲ့ ရာသီမှာ အေးမြပါစေကြောင်း အလို့ငှာ ထမင်းထဲသို့ ဖယောင်းရေအေးဆမ်း၍ စားကြတာပါ။ မွန်သင်္ကြန် ထမင်းရဲ့ထူးခြားချက်မှာ ထမင်းပုံစံ လှပစေဖို့ အတွက် ဆန်ကောင်းကောင်းကိုသာ ရွေးချယ်ရပြီး ဆန်စေ့များကျက်ပြီး ရှည်ထွက်လာတဲ့ အခါမှာတော့ ဆန်ခါထဲသွန်ချပြီး ရေအေးဖြင့် သုံးကြိမ်ခန့် ဆေးကြောရတယ်။ ထမင်းတွေကို ဆန်ခါစစ်ထားပြီးနောက် ဖယောင်းသင်းရေဖြင့် ဆမ်း၍ စားခြင်းဖြစ်ပါတယ်။ မွန်လူမျိုးတို့ဟာ သင်္ကြန်ကာလမှာ ပျားဖယောင်းကို အသုံးပြုလေ့ရှိကြပြီး နံ့သာအဖြစ် နံ့သာဖြူမှုန့် အနည်းငယ်ထည့်၍ ဖယောင်း နံ့သာရည်ကို ပြုလုပ်လေ့ရှိကြတယ်။ သင်္ကြန်ထမင်းမှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေကတော့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ ဗီတာမင်အုပ်စုတို့ ဖြစ်ကြတယ်။ ငါးခြောက်ထောင်းကြော် အတွက်ကိုတော့ အသားများပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကံ့ကူရံ သို့မဟုတ် ငါးကွမ်းရှပ် ငါးခြောက်တို့ကို သုံးလေ့ရှိပြီး ၎င်းငါးခြောက်ကြော်ကနေ ပရိုတင်း၊ ကယ်လိုရီနဲ့ ဖော့စ်ဖရပ်စ်တို့ကို ရရှိနိုင်တယ်။ ပဲကြီးမှ ပရိုတင်း အာဟာရဓာတ်ကို ရရှိစေမှာ ဖြစ်သလို ဆူးပုပ်ရွက်ကလည်း အစာမကြေ လေနာရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်တယ်။ ဒါ့ပြင်ဆူးပုပ်ရွက်က ချောင်းဆိုးရောဂါကို ပျောက်ကင်း စေတာကြောင့် သင်္ကြန်ထမင်း စားပေးခြင်းဖြင့် အပူရှပ် သို့မဟုတ် အအေးမိ၍ ဖျားနာ ချောင်းဆိုးခြင်းကို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ခါသင်္ကြန်စိုရွှဲ ရွှဲချမ်းတုန်နေချိန်မှာ ငရုတ်သီးကြော် စပ်စပ်ကလေးက အလိုက်တသိ နွေးထွေးမှု ပေးစွမ်းနိုင်သလို အမျှင်ဓာတ် ကြွယ်ဝသလောက် ဗီတာမင်စီဓာတ်လည်း အမြောက်အမြား ပါရှိတဲ့ သရက်သီးစိမ်း သုပ်ဖြင့် ဝန်းရံလိုက်တဲ့ အခါမှာတော့ တစ်နှစ်မှ တစ်ရာသီသာ စားကြရမယ့် ချဉ်ငန်စပ်သင်္ကြန် ထမင်းလေးက မမေ့နိုင်စရာပါပဲ။

မုန့်လက်ဆောင်း

အသင့်လုပ်ထားတဲ့ မုန့်လက်ဆောင်းဖတ် တွေကို ဈေးထဲမှာ အလွယ်တကူ ဝယ်ယူရရှိ နိုင်ပါတယ်။ မုန့်လက်ဆောင်း အာဟာရကို ပြုလုပ်ရတာ ကရိကထ မများသလို ငွေကုန်ကြေးကျလည်း သက်သာတာကြောင့် မုန့်လက်ဆောင်းကို သင်္ကြန်မဏ္ဍပ်တိုင်း လိုလိုမှာ ကျွေးမွေးဧည့်ခံလေ့ ရှိကြတယ်။ မုန့်လက်ဆောင်း တစ်ခွက်ထဲမှာ သကြား၊ ထန်းလျက်ရည် သို့မဟုတ် အုန်းနို့ရည်၊ ဆားအနည်းငယ်တို့ဖြင့် အရသာရှိရှိ ဖျော်စပ်ထားလေ့ ရှိတယ်။ မုန့်လက်ဆောင်းဖတ်ကို ဆန်ဖြင့်ပြုလုပ် ထားတာကြောင့် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ ဗီတာမင်အုပ်စုတွေ ပါဝင်ကြတယ်။ အုန်းနို့ရည်မှ ကယ်လိုရီ အပြည့်ရရှိစေတဲ့ အပြင် ပရိုတင်း၊ ပြည့်ဝဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါရှိနေတာကြောင့်လည်း အထူးသဖြင့် ဆယ်ကျော်သက် လူငယ်လူရွယ်များ အတွက် ခွန်အားဖြည့်ပေးနိုင်တယ်။ အပူကန်၍ လည်ချောင်းနာခြင်း၊ အပူရှပ်ခြင်း၊ အဆုတ်အအေးမိခြင်းတို့ အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသော ထန်းလျက်က ကောင်းကျိုးပြုပေးနိုင် ပါတယ်။ ဒါ့ပြင် သင်္ကြန်မှာ အပျော်လွန်ပြီး မြူးတူးအော်ဟစ်၍ အသံနာ၊ အသံဝင်ခြင်းအတွက် ထန်းလျက်က သက်သာပြေလျော့ စေသလို အဆိပ်အတောက်ကို ပြေစေပြီး အဆုတ်သန့်စေတာ ကြောင့်လည်း သင်္ကြန်မှာအဖော် အပေါင်းစုံ၍ ယမကာ မှီဝဲသူများအတွက် ထန်းလျက်ရည် မုန့်လက်ဆောင်းကို များများသောက်ပေး သင့်ပါတယ်။

ရွှေရင်အေး

သူ့အမည်လေးက အတိတ်နိမိတ်ကောင်းစေ တာကြောင့် ရွှေရင်အေး အာဟာရကို ခါသင်္ကြန် အထိမ်းအမှတ်အဖြစ် ဒါနပြုလေ့ ရှိကြပါတယ်။ ရွှေရင်အေး တစ်ခွက်ရဖို့အတွက် သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ သကြား၊ အုန်းနို့တို့ဖြင့် ချိုဆိမ့်တဲ့ အရသာလေးမို့ ကလေးလူကြီးအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ၎င်းအရောအနှော မျိုးစုံပါတဲ့ တစ်ပန်းကန်စာ ရွှေရင်အေးထဲမှ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်အုပ်စု၊ ပြည့်ဝဆီ၊ ဗီတာမင်၊ စီလီနီယမ် အပါအဝင် သတ္တုဓာတ်အမျိုးမျိုး၊ အမျှင်ဓာတ်၊ မဂ္ဂနီးစ်၊ ကော့ပါး၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကစီဓာတ်တို့ကို တစ်ပြိုင်နက်တည်း ရရှိစေမှာ ဖြစ်ပါတယ်။ ချိုမွှေးအေး အရသာလေးမို့လည်း ရွှေရင်အေး တစ်ခွက်စားပြီးတဲ့ အခါ ခွန်အားပြည့် လန်းဆန်းစေမှာအမှန်ပါ။

မုန့်လုံးရေပေါ်

သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် အစားအစာ တစ်ခုဖြစ်တဲ့ မုန့်လုံးရေပေါ်ပါ။ (မြန်မာ အယူအဆအရ တိမ်မြုပ်နေတဲ့ ကံကိုကောင်းမွန် ပေါက်ရောက်စေဖို့ ဟူသော အကျိုးအလို့ငှာ မုန့်လုံးရေပေါ်ကို သင်္ကြန်တွင်း သာမက သင်္ကြန်မဟုတ်တဲ့ အချိန်မှာလည်း လှူဒါန်းကြပါတယ်) မုန့်လုံးရေပေါ်ကို ခါသင်္ကြန်အတွင်းမှာ လူအများကြီးနဲ့ ပျော်ပျော်ပါးပါး လုံးကြရင်း အိမ်နီးနားချင်းတွေ နဲ့လမ်းပေါ်မှာ ရေကစားသူတွေကို ဝေငှကြရတာ ချစ်စရာ့မြန်မာ့ဓလေ့ပါ။ ထန်းလျက်လုံး ထည့်ထားတဲ့ မုန့်လုံးရေပေါ်က ချိုဆိမ့်ပြီးသူ့အပေါ်က ဖြူးထားတဲ့ အုန်းသီးခြစ် အရသာကြောင့် ပိုမိုကောင်းမွန်တဲ့ အာဟာရ ဖြစ်သွားပါတယ်။ ကောက်ညှင်းမှုန့်ဖြင့် ပြုလုပ်ထား၍ ဝါးရတာ ခပ်စေးစေးဖြင့် လျှောခနဲလျှောခနဲ ဝင်သွားတာကြောင့် သင့်ဝမ်းဗိုက်ကြီး ဖောင်းစူလာမှာ ကြောက်ရင်တော့ သင့်လက်ကို ဘရိတ်အုပ်ထားဖို့ လိုပါမယ်။ မုန့်လုံးရေပေါ် စားခြင်းဖြင့် ရွှေရင်အေးထက် မနိမ့်သော အာဟာရ တန်ဖိုးတွေကို ရစေမှာဖြစ်ပါတယ်။ အကယ်၍ မုန့်လုံးရေပေါ်ထဲမှာ မတော်တဆ ပါလာတဲ့ ငရုတ်သီးစိမ်းတောင့် ဝါးမိခဲ့ရင် ကံဆိုးသူ မောင်ရှင်လို့ မယူဆဘဲ Capsaicinç Capsanthin နဲ့ Capsorubin စတဲ့ အယ်လ်ကာလီ ဓာတ်ပေါင်းစုတွေ ရရှိစေတာကြောင့် ဦးနှောက်ကို တက်ကြွလန်းဆန်း စေတယ်လို့ အကောင်းမြင်ဘက်က ရှုပါလေ။

ပေါင်မုန့်အုန်းနို့ဆမ်း

ပေါင်မုန့်ပေါ်ကို သကြားရည်ဖြင့် အုန်းနို့ရည် ဆမ်းထားတာကြောင့် ချိုဆိမ့်အရသာ ပေါင်မုန့်အုန်းနို့ဆမ်းလေးကို ကလေး၊ လူကြီးအားလုံး ခံတွင်းတွေ့ကြတယ်။ ဆာလောင် မွတ်သိပ်မှုကို ပေါင်မုန့်အုန်းနို့ဆမ်း တစ်ပန်းကန်က အချိန်တိုတွင်းမှာပင် အလွယ်တကူ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါတာကြောင့်လည်း စားပြီးတဲ့နောက်မှာ မိမိကိုယ်ကို အားပြည့်သွားသလို ခံစားစေနိုင်ပါလိမ့်မယ်။ စာဖတ် ချစ်ပရိသတ်ကြီးကို အကြံပြုလိုတာကတော့ အယ်နီညို၏ ဘေးထွက်ဆိုးကျိုးအဖြစ် အပူရှိန် မြင့်မားလာတာကြောင့် သင်္ကြန်တွင်း လည်ပတ်တဲ့အခါ နေလောင်ကာ လိုးရှင်းလိမ်းခြင်း၊ နေလောင်ဒဏ်ခံနိုင်သလို ရေစိုလည်းခံနိုင်တဲ့ အင်္ကျီလက်ရှည်ရွေးချယ်၍ ဝတ်ဆင်ခြင်း၊ မျက်နှာကို နေလောင်ဒဏ်အပြင် ရေလောင်ဒဏ်ပါ ခံစားရတာကြောင့် ရေစိုခံ နေရောင်ခြည်ကာ ခရင်မ် အမျိုးအစားဖြစ်တဲ့ (water proof sunscreen) ကိုသာ ရွေးချယ်ခြင်း၊ SPF50 PA+++ ပါတဲ့လိုးရှင်းနဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲခြင်းဖြင့် မိမိ၏ အသားအရေကို ကာကွယ်စောင့်ရှောက် ထားသင့်ပါတယ်။ ဆံပင်ကိုလည်း ဂရုစိုက်ပါ။ သင်္ကြန်ရေစိုလိုက်၊ နေပူရှိန် သို့မဟုတ် လေအေးတို့ကြောင့် ခြောက်သွေ့လိုက်ဖြင့် ဆံသားတွေ ပျက်စီးခြင်း မဖြစ်ရလေအောင် သင်္ကြန်လည်ပြီးတဲ့အခါ ရေများများသုံး၍ ခေါင်းပေါ်မှလောင်းချပါ။ ပြီးမှ မိမိသုံးနေကျ ခေါင်းလျှော်ရည်ကိုသုံးပါ။ အထူးသဖြင့် moisturizing shampoo ခေါ်ဆံသား အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ ခေါင်းလျှော်ရည် အမျိုးအစားကို သုံးစွဲနိုင်ရင် ပိုကောင်းပါတယ်။ ဆံသားနှစ်ခွဖြစ်၍ ပျက်စီးခြင်း မဖြစ်ရလေအောင် သင်္ကြန်ကာလ ကုန်ဆုံးတဲ့အခါ ဆံပင်ကို အဖျားမှ လက်တစ်လုံးခန့် ညှပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်အတွင်း အပူငြိမ်းအေးစေမယ့် အအေးစာလေးများ ဖြစ်ကြတဲ့ ဖရဲ၊ သခွား၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ၊ နှမ်း၊ စမုန်စပါး၊ အုန်းစိမ်းရည်၊ တလည်းသီး၊ ဘိန်းစေ့၊ ပဲနံ့သာပင်အစေ့၊ နွားနို့၊ သံပရာရည် စသည်တို့ကိုလည်း သင်္ကြန်မတိုင်မီ ကတည်းက စားသောက်ပေးသင့်ပါတယ်။ စာဖတ်ချစ်ပရိသတ်များ အားလုံး ဘေးဘယာ ကင်းဝေးကြပါ စေကြောင်း၊ သင်္ကြန်အကြို-အကျ-အကြတ်-အတက်ကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းနိုင်ကြ ပါစေကြောင်း၊ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးကြပါစေကြောင်း၊ ပျော်ရွှင်ဖွယ် ရက်မြတ်သင်္ကြန်ကို ဖြတ်သန်းပြီး နှစ်ဆန်းတစ်ရက်နေ့မှ စ၍ စိတ်သစ်၊ လူသစ်၊ အားမာန်သစ်တွေဖြင့် မြန်မာနှစ်သစ်ကူးကို ကြိုဆိုနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။

ပေါက်ပေါက်

Read 137 times Last modified on Wednesday, 04 April 2018 09:35