SJ WorldNews - шаблон joomla Авто

ဝမ်းလျှောဝမ်းပျက် ရောဂါနှင့် အစားအစာ

Thursday, 05 April 2018 09:51 font size decrease font size decrease font size increase font size increase font size

ဝမ်းလျှောဝမ်းပျက် ဖြစ်ခဲ့လျှင် ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုကို ဖြည့်ဆည်းပေးရန်၊ အာဟာရ ပြတ်မသွားအောင် ထိန်းသိမ်းရန်၊ ဝမ်းပိုမိုသွားစေသော အစားအစာများကို ရှောင်ကြဉ်ရန်၊ စားသောက်မည့် အစားအစာသည် သန့်ရှင်းလတ်ဆတ်သော အစားအစာဖြစ်ရန်နှင့် အူနှင့်အစာအိမ် နံရံများကို ထိခိုက်စေနိုင်သော အစားအစာများ မဖြစ်ရန် စသော အခြေခံ အချက်များကို မြဝတီသတင်းစာဖတ် ပရိသတ်များ သိရှိစေရန်အတွက် ဒေါက်တာ ခင်မောင်လွင်(Fame)နှင့် တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဝမ်းလျှောဝမ်းပျက်ဖြစ်နေတဲ့သူ တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး အစားအစာတွေ စားသောက်သင့်တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

ဖြေ ။ ။ ဒါကတော့ ဝမ်းလျှောဝမ်းပျက် ဖြစ်တဲ့သူရဲ့ အသက်အရွယ် ဝမ်းလျှောဝမ်းပျက်ဖြစ်တဲ့ ပမာဏအနည်းအများ၊ အခြားဆက်စပ်နေတဲ့ရောဂါ (ဥပမာ-တိုက်ဖွိုက် ရောဂါလိုမျိုး)ရှိ၊ မရှိ၊ ယခင်က စားနေကျ အစားအစာ ဟုတ်၊ မဟုတ် စတဲ့အချက်တွေပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

အကြမ်းဖျင်းအားဖြင့်တော့-

(၁) ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုကို ဖြည့်ဆည်းပေးဖို့။

(၂) အာဟာရ ပြတ်မသွားအောင် ထိန်းသိမ်းဖို့။

(၃) ဝမ်းပိုမိုသွားစေတဲ့ အစားအစာတွေရှောင်ဖို့။

(၄) အူနဲ့အစာအိမ် နံရံတွေကို ထိခိုက်နိုင်တဲ့ အစားအစာ၊ ပိုမိုအလုပ်လုပ်ဖို့ လိုအပ်တဲ့ အစားအစာတွေကို ရှောင်ဖို့။

(၅) သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာဖြစ်ဖို့ စတဲ့အချက်တွေဟာ အဓိကထားရွေးချယ်ရာမှာ စဉ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။

မေး ။ ။ ရေနဲ့ဓာတ်ဆား ဆုံးရှုံးမှုကို ဘယ်လို အစားအစာတွေနဲ့ ပြန်လည်ဖြည့်ဆည်းရမလဲ ဆရာ။

ဖြေ ။ ။ ဝမ်းသြွးတယ်ဆိုတာနဲ့ ခန္ဓာကိုယ်မှာ ရေနဲ့အတူ ဆိုဒီယမ်တို့၊ ပိုတက်စီယမ်တို့၊ ကလိုရိုတို့၊ ဘိုင်ကာဗွန်နိတ်တို့စတဲ့ ဓာတ်ဆားတွေဆုံးရှုံးလေ့ရှိပါတယ်။ ဒီအတွက်ကို အကောင်းဆုံးက ဓာတ်ဆားရည် ဖြစ်ပါတယ်။ ဓာတ်ဆားရည်ကို အထုပ်မှာပါတဲ့ အညွှန်းအတိုင်း တိတိကျကျဖျော်ပြီး သောက်ရင် ရေနဲ့ဓာတ်ဆားတွေ ပြန်လည်ပြည့်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမျာ ဝမ်းပျက်ရင် ဓာတ်ဆားရည်ဟာ အသက်ကယ်ဆေးပဲ ဖြစ်ပါတယ်။ ဘာအစားအစာမှမဝင်လဲ ဓာတ်ဆားရည် တစ်မျိုးတည်းသာ ဝင်အောင် တိုက်ရင် အသက်ရှင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဓာတ်ဆားရည်မှာ အသက်ရှင်ဖို့ လိုအပ်တဲ့ ဂလူးကို့လို ဓာတ်ပစ္စည်းတွေ အချိုးကျကျ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

မေး ။ ။ ဓာတ်ဆားရည် တစ်မျိုးတည်း သောက်ရလို့ ငြီးငွေ့တဲ့သူတွေမှာ နွားနို့ပူပူလေးများ သောက်ရင်ရော သောက်လို့ရမလား ဆရာ။

ဖြေ ။ ။ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ဝမ်းလျှောဝမ်းပျက်ဖြစ်တဲ့သူတွေ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို တတ်နိုင်ရင် ရှောင်တာကောင်းပါတယ်။ တစ်ခုပဲရှိတယ်။ ဒိန်ချဉ်ကိုတော့ သောက်နိုင်ပါတယ်။ သောက်ရင်အကျိုးလည်း ရှိပါတယ်။

မေး ။ ။ ဒိန်ချဉ်ကျတော့ နို့ထွက်ပစ္စည်း ဖြစ်ရက်နဲ့ ဘာလို့သောက်လို့ရတာပါလဲဆရာ။

ဖြေ ။ ။ ဒိန်ချဉ်ဆိုတာ နွားနို့ကို Lactobacillus လို့ခေါ်တဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗက်တီးရီးယား တစ်မျိုးနဲ့ အချဉ်ဖောက်ထားတာ ဖြစ်လို့ နွားနို့ရဲ့ မူလအာနိသင်တွေ မရှိတော့ပါဘူး။ နွားနို့မှာပါတဲ့ ကိုလက်စထရောတွေကိုလည်း ဒီဗက်တီးရီးယား တွေက စားသုံးလိုက်လို့ ဒိန်ချဉ်မှာ လိုလက်စထရောဟာ လုံးဝမပါဝင်တော့ပါ။ ပြီးရင် Lactose Sugar တွေကိုလည်း Lactic acid အဖြစ်ပြောင်းလိုက်လို့ Lactase Intolerance ကြောင့် ဝမ်းပျက်ဝမ်းလျှောလည်း မဖြစ်တော့ပါ။ ဒါ့အပြင် မကောင်းတဲ့ ရောဂါပိုးတွေဖြစ်တဲ့ ဗက်တီးရီးယားတွေ ဗိုင်းရပ်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း ရှိလို့ ဝမ်းလျှောဝမ်းပျက်ဖြစ်တဲ့ သူတိုင်းဟာ ဒိန်ချဉ်ကို နေ့စဉ် တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်။

မေး ။ ။ အခြားအချိုရည်တွေရော သောက်ရင်ရပါသလား ဆရာ။

ဖြေ ။ ။ အချိုရည်ဆိုရာမှာ ဒီနေ့ရောင်းတမ်းမှာ ရောင်းနေတဲ့ အချိုရည်အားလုံး အကျုံးဝင်ပါတယ်။ ဝမ်းလျှောဝမ်းပျက် ဖြစ်နေတဲ့သူတွေ အနေနဲ့ အချိုရည် မသောက်သင့်ပါဘူး။ ဓာတ်ဆားရည်ကိုသာ သောက်ရမှာ ဖြစ်ပါတယ်။ အချိုရည်မှာ ပါဝင်တဲ့ သကြားဟာ ဂလူးကို့တို့၊ Sucrose တို့ဖြစ်ပါတယ်။ ဒါတွေဟာ သတ်မှတ်တဲ့ ပါဝင်မှုထက် ပိုသွားခဲ့ရင် သူတို့ကြောင့်ထပ်ပြီး ဝမ်းသွားနိုင်ပါတယ်။ ပြီးတော့ ကျန်းမာတဲ့ သူတွေသောက်ဖို့ ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်လို့ ဓာတ်ဆားရည်လို အမျိုးအစား မဟုတ်ပါဘူး။

မေး ။ ။ ဒါဆိုရင် ဈေးကွက်ထဲက အချိုရည်တွေ မဟုတ်ဘဲနဲ့ အိမ်မှာပဲ သဘာဝသစ်သီးတွေကို (ဥပမာလိမ္မော်ရည်တို့၊ သံပရာရည်တို့ကို) သန့်သန့်ရှင်းရှင်း ဖျော်သောက်မယ် ဆိုရင်ရော ဖြစ်ပါသလား။

ဖြေ ။ ။ ဒီသဘာဝသစ်သီးရည် တွေဟာလည်း ဝမ်းမပျက်တဲ့သူတွေ၊ အခြားရောဂါ ရှိသူတွေသာ သောက်သင့်ပြီး ဝမ်းလျှောဝမ်းပျက် ဖြစ်တဲ့သူတွေနဲ့ မသင့်လျော်ပါဘူး။ ဝမ်းနူးစေတဲ့ အက်စစ်ဓာတ်တွေ ပါဝင်လို့ ဝမ်းပိုသွားစေနိုင်ပါတယ်။ ဒါကြောင့် ရှောင်တာတော့ အကောင်းဆုံးဖြစ်ပါတယ်။

မေး ။ ။ အုန်းရည်သောက်ရင်ရော ရပါသလားဆရာ။

ဖြေ ။ ။ ရပါတယ်။  ဝမ်းသွားနေတဲ့သူဟာ အုန်းစိမ်းရည်သောက်ရင် အကျိုးရှိပါတယ်။ အုန်းရည်ဟာ  ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ သဘာဝ အရည်ဖြစ်လို့ သောက်နိုင်ပါတယ်။ ဝမ်းသွားလို့ ဓာတ်ဆားရည်မရတဲ့ ဒေသတွေမှာ အုန်းစိမ်းရည်ကို ဓာတ်ဆားရည်အစား သောက်နိုင်ပါတယ်။ မာရသွန် အားကစားသမားတွေ၊ တောင်တက်သမားတွေ အုန်းစိမ်းရည် သောက်ရင် အကျိုးရှိပါတယ်။

မေး ။ ။ ဝမ်းတွေလျှောပြီး ရေငတ်တဲ့အခါ ရိုးရိုးသောက်ရေသန့်ရော သောက်သင့်ပါသလား။

ဖြေ ။ ။ ဝမ်းလျှောလို့ ရေငတ်ရင် ရိုးရိုးသောက်ရေသန့်ပဲ ဖြစ်ဖြစ်၊ ရေကျက်အေးပဲဖြစ်ဖြစ် သောက်မယ့် အစားဓာတ်ဆားရည်ကိုသာ သောက်သင့်ပါတယ်။ ရိုးရိုးရေသောက်တာ များသွားရင် ဒုက္ခဖြစ်နိုင်ပါတယ်။

မေး ။ ။ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းတွေရော သောက်လို့ရပါသလား ဆရာ။

ဖြေ ။ ။ ကော်ဖီ၊ လက်ဖက်ရည်ကတော့ ရှောင်သင့်ပါတယ်။ အဓိကကတော့ ကဖင်းဓာတ် များရင်မသောက်သင့်ပါ။ ရေနွေးကြမ်းကတော့ သိပ်မကျရင် အတော်အသင့် သောက်နိုင်ပါတယ်။ ရေနွေးကြမ်းမှာပါတဲ့ Tannin ဟာဝမ်းချုပ်စေတဲ့ သတ္တိရှိလို့ အကျိုး ရှိပါတယ်။

မေး ။ ။ ဒါဆိုရင် အာဟာရဓာတ်ရဖို့ အတွက် ဘယ်အစားအစာမျိုးက အကောင်းဆုံးပါလဲ ဆရာ။

ဖြေ ။ ။ ကျွန်တော်တို့   မြန်မာလူမျိုးတွေဟာ ဆန်စားတဲ့ လူမျိုးဖြစ်လို့ ဆန်ပြုတ်ဟာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။ ဆန်ပြုတ် ပူပူနွေးနွေးလေးစားရင် ဗိုက်လည်းဝ၊ နေလို့လည်းကောင်း၊ အစာလည်းကြေ၊ အာဟာရလည်း ဖြစ်ပါတယ်။ ဆန်ပြုတ်စားရတာ ငြီးငွေ့ရင်တော့ ခေါက်ဆွဲပြုတ်၊ မြူစွမ်ပြုတ်တွေ စားရင်လည်း ကောင်းပါတယ်။

မေး ။ ။ ဆရာခုနက ပြောသွားတဲ့ အထဲမှာ အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ဖို့ ပြောသွားပါတယ်။ အဲဒါဘယ်လိုမျိုး အစားအစာကို ပြောတာပါလဲ။

ဖြေ ။ ။ ကောက်ညှင်းပေါင်းတို့၊ ကောက်ညှင်းနဲ့ ပြုလုပ်ထားတဲ့  အစားအစာတွေကိုတော့ လုံးဝမစားရပါ။ ထမင်းကြမ်းကြော်တို့ ထမင်းမာမာကြီးတွေ မစားသင့်ပါ။ ထမင်းစားလို့ရပြီ ဆိုရင်တောင် ပူပူနွေးနွေး ခပ်ပျော့ပျော့ပဲ စားသင့်ပါတယ်။ အသားတွေ၊ ငါးတွေစားမယ် ဆိုရင်လည်း ပူပူနွေးနွေးနူး နပ်အောင်ချက်ပြုတ်ပြီးမှ စားရပါမယ်။ ကြွပ်ကြွပ်ကြော်ထားတဲ့ အသား၊ ငါးမျိုးတွေ ရှောင်ရပါမယ်။ နောက်ငရုတ်သီးခြောက်ပါတဲ့ အစားအစာတွေ၊   စပ်တဲ့ အစားအစာတွေလည်း ရှောင်ရပါမယ်။

မေး ။ ။ ဟင်းရွက်စိမ်းတွေရော စားလို့ရပါသလားဆရာ။

ဖြေ ။ ။ ဝမ်းသွားနေတဲ့သူတွေဟာ ဟင်းရွက်စိမ်းတွေစားလည်း   မချေဖျက်နိုင်လို့ အာဟာရ ဓာတ်ရမှာမဟုတ်ပါ။ ဒုက္ခဖြစ်စရာသာ ဖြစ်မှာမို့ ဝမ်းသွားနေစဉ်ကာလမှာတော့ ဟင်းရွက်စိမ်းတွေ မစားသင့်ပါဘူး။ Low Fiber Foodသာ စားသင့်ပါတယ်။

မေး ။ ။ သစ်သီးတွေရော စားလို့ရပါသလား ဆရာ။

ဖြေ ။ ။ သာမန်အားဖြင့်တော့ သစ်သီးအများစုဟာ ဝမ်းပိုသွားစေနိုင်လို့ ရှောင်သင့်ပါတယ်။ အမှည့်လွန် သစ်သီးတွေကိုတော့ လုံးဝ မစားသင့်ပါ။ ဥပမာ- သရက်သီးမှည့် ဆိုရင် သူ့ကိုယ်၌က ဝမ်းသွားစေနိုင်လို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သရက်သီးဟာ မမှည့်ခင်မှာတော့ Starch တွေပဲရှိပါတယ်။ မှည့်လာရင် Reducing Sugar တွေအဖြစ် ပြောင်းလဲသွားလို့ ဝမ်းသွားရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သရက်သီးမှည့်လာရင် ယင်ကောင်တွေ လာနားပါတယ်။ ယင်ကောင်တွေဟာ သရက်သီးရဲ့ အခွံပေါ်မှာ ဥတွေဥချ ပါတယ်။ ပြီးတော့ အခွံကိုဖောက်ပြီး အတွင်းသားထိ ဝင်သွားပါတယ်။ အထဲမှာ Larvae လေးတွေ ပေါက်ပါတယ်။ ဒီ Larvae လေးတွေ စားရင်လည်းဝမ်းပျက်ပါတယ်။ ဒါပေမဲ့ စားလို့ရတဲ့ အသီးနှစ်မျိုးတော့ ရှိပါတယ်။ ဒါကတော့ ငှက်ပျောသီးနဲ့ ပန်းသီးဖြစ်ပါတယ်။  ငှက်ပျောသီးဟာ ပိုတက်စီယမ် ကြွယ်ဝပြီး သူ့ရဲ့ Starch တွေဟာ ဝမ်းမှန်ဖို့ အထောက်အကူ ပြုစေပါတယ်။ အမှည့်မလွန်ရင် စားနိုင်ပါတယ်။ ပန်းသီးမှာ Pectin ပါဝင်ပါတယ်။ ဒီ Pectin တွေဟာ ဝမ်းသွားမှုအကြိမ်ရေ နည်းသွားအောင် လုပ်ပေးပါတယ်။ အမှည့်မလွန်ရင် စားနိုင်ပါတယ်။  အမှည့်လွန်ရင်တော့ သူလည်းပဲ Pectic acid အဖြစ်ကို ပြောင်းရင် ဝမ်းပိုသွားစေလို့ပဲ ဖြစ်ပါတယ်။

မေး ။ ။ အဆီအအိမ့်တွေရော စားသင့်/မသင့် သိပါရစေ။

ဖြေ ။ ။ အဆီအအိမ့်တွေလည်း ရှောင်ရပါမယ်။ ထောပတ်၊ မာဂျရင်း(Margarine)၊ ဝက်သား၊ ဆီများများပါသော အစားအစာ အားလုံးကို ရှောင်သင့်ပါတယ်။ အဆီတွေကို မချေဖျက်နိုင်လို့ ဝမ်းပိုသွားစေနိုင်ပါတယ်။

မေး ။ ။ ပဲမျိုးစုံရော ဘယ်လိုနေပါသလဲဆရာ။

ဖြေ ။ ။ ပဲမျိုးစုံကိုစားရင် ပဲမှာပါတဲ့ ကန့်ဓာတ်(Sulfa)တွေဟာ ဗိုက်ထဲမှာ SO2 တွေ ပိုထွက်စေပါတယ်။ အဲဒီအခါ ဗိုက်ထဲမှာ Gas တွေနဲ့ ဖောင်းလာတတ်လို့ အထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဝမ်းပျက်တုန်းမှာ ပဲဟင်းတို့၊ ပဲမျိုးစုံ တို့ဟာလည်း ရှောင်သင့်တဲ့ အထဲမှာ ပါပါတယ်။ ပဲပင်ပေါက်တို့၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တွေလည်း အလားတူပဲ ဖြစ်ပါတယ်။

မေး ။ ။ ဒါဆို နောက်ဆုံးအနေနဲ့ မြဝတီ သတင်းစာ ဖတ်ပရိသတ်တွေကို ဝမ်းသွားရင် ဘယ်လို အစားအစာမျိုး စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ အကျဉ်းချုံးပြီး တင်ပြပေးပါ။

ဖြေ ။ ။ ဓာတ်ဆားရည်သောက်ပါ။ ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်ပြုတ်၊ ခေါက်ဆွဲပြုတ်တွေဟာ သင့်လျော်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ မာတဲ့အစာ၊ စပ်တဲ့အစာ၊ အသုပ်မျိုးစုံ၊ အချိုရည်မျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ ကော်ဖီ၊ လက်ဖက်ရည်၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ ကိုတော့ ခေတ္တရှောင်ဖို့ လိုပါတယ်လို့ ပြောကြားလိုပါတယ်။

မြဝတီ

Read 176 times Last modified on Thursday, 05 April 2018 10:06