SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချ ဆေးနည်းတိုများ (၂၇)

Friday, 06 April 2018 10:14 font size decrease font size decrease font size increase font size increase font size

မေး။ ဆရာကြီးရှင့်။ တူမလေးက အသက်တစ်နှစ်နဲ့ ခုနစ်လရှိပါပြီ။ လေးဖက်သွား အရွယ်ကတည်းက မြေကြီးတွေ၊ သဲတွေစားနေတာ အခုထိပါပဲ။ လူကြီးလစ်တာနဲ့ စားတာပဲရှင့်။ အခုထိတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးဘာမှ မဖြစ်သေးပါဘူး။ အဲဒါတွေ စားနေတာ ဘယ်လိုလုပ်ရမလဲ၊ ဘာတွေဖြစ်တတ်လဲ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပါဦးရှင့်။

ဖြေ။ ကလေးတွေကိုမာအောင် ချပေးရတယ်လို့ ရှေးလူကြီးတွေ ပြောကြတယ်။ မကြာသေးခင်က ဘာသာပြန် ဆောင်းပါးတစ်ခုမှာ အမေရိကန် ဆေးပညာရှင် ဆရာဝန်ကြီးတစ်ယောက်က သင့်ကလေးကို မြေကြီးပေးစားပါဆိုပြီး ရေးထားတာ မြဝတီ သတင်းစာမှာ ဖတ်လိုက်ရတယ်။ ကိုယ်ခံအားကောင်းပြီး တော်ရုံရောဂါပိုးတွေကို ခန္ဓာကိုယ် ခုခံအားက တိုက်ထုတ်နိုင်စွမ်းတွေ မြင့်လာတယ်လို့ ဆိုပါတယ်။ မြန်မာဆေးပညာ အလိုအရတော့ ပထဝီဓာတ်သွင်းတာပေါ့။ ဒါပေမဲ့ တန်ဆေးလွန်ဘေး အလွန်အကျွံ စားရင်တော့ မကောင်းပါဘူး။ သန်ကောင်၊ တုတ်ကောင်ဥတွေက ကလေးဝမ်းထဲ ပေါက်ပွားမှာကို သတိပြုဖို့လိုတယ်။ ဘောစကိုင်းစေ့နဲ့ သင်္ဘောစေ့ အနက်တွေကို အခြောက်လှန်း အမှုန့်ကြိတ်ပြီး ကော်ဖီဇွန်းငယ် တစ်ဇွန်းလောက်ကို နွားနို့နဲ့ ရောတိုက်ပေးရင် သန်ကောင်၊ တုတ်ကောင်ကျစေနိုင်ပါတယ်။

မေး။ ဆရာရှင့် ကျွန်မသမီးက အသက် ၁၃ နှစ်ထဲရောက်ပါပြီ။ ပြည့်တောင် ပြည့်ပါတော့မယ်။ လူကောင်ထွားပေမယ့်လည်း မိန်းမသား ဓမ္မတာရာသီပန်း မပွင့်သေးပါဘူးရှင့်။ ဓမ္မတာ သွေးပေါ်ဖို့အတွက် ဘယ်လိုဆေး စားသုံးသင့်တာကိုညွှန်ပြပေးပါရှင့်။

ဖြေ။ ကြိတ်မှန်ရွက် လက်တစ်ဆုပ်၊ ရှားစောင်းလက်ပပ် အဖတ်ကြီး တစ်ဖတ်ကအနှစ်၊ ငရုတ်ကောင်း(အနက်)ကိုးစေ့၊ ထန်းလျက်ခုနစ်ခဲ (ထန်းလျက်အမည်း)၊ ဆားလှော်သင့်ရုံ ထည့်ကျိုပါ။ လက်ကော်ရအောင်ကျိုပါ။ ဟင်းစားဇွန်းနဲ့ တစ်ဇွန်းမနက်၊ ည တစ်နေ့နှစ်ကြိမ် ကျွေးပေးပါ။ တစ်လခွဲ ၄၅ ရက် လောက်ကျွေးရင် မီးယပ်သွေးပေါ်နိုင်တယ်။

မေး။ ဆရာ ကျွန်မသမီးလေးက အသက်ရှစ်လထဲမှာပါ။ ဝမ်းတအားချုပ်ပါတယ်။ ဆေးခန်းပြတော့လည်း နို့များများ တိုက်ဆိုလို့ နို့လည်း ဂရုစိုက်တိုက်ပါတယ်။ ရေလည်း မနက်မိုးလင်းတာနဲ့ တိုက်ပါတယ်။ လေဆေးလည်း တိုက်ပါတယ်။ သင်္ဘောသီးမှည့်လည်း ကျွေးပါတယ်။ ငှက်ပျောသီးလည်း တစ်ခါတစ်ခါကျွေးတယ်။ ဝမ်းချုပ်တဲ့ အခါတိုင်းလည်း ဝမ်းချူဘူးတွေ ထည့်နေရပါတယ်။ သူ့ကိုထမင်း၊ ပဲနီလေး၊ အာလူး၊ ကြက်ပြုတ်ရည် ရောနယ်ပြီး ကျွေးပါတယ်။ အခုဝမ်းတအားချုပ်ပြီး သူ့စအိုကကွဲပြီး သွေးစတောင် တွေ့ပါတယ်ဆရာ။ ဝမ်းမချုပ်အောင် ကျွန်မဘယ်လို လုပ်ရမလဲရှင့်။

ဖြေ။ ဆားခါးထုပ်ဝယ်ပါ။ လှော်ပြီးလေလုံအောင် သိမ်းထားပါ။ မန်ကျည်းဖျော်ရည် တစ်ခွက်မှာ ဆားခါးတစ်ဇွန်းထည့် ဖျော်တိုက်ပါ။ ညအိပ်ခါနီးအချိန်မှာ ဟင်းစားဇွန်းနဲ့ နှစ်ဇွန်းလောက် ဝင်အောင်တိုက်ပေးပါ။ ကလေးငယ်သေးတဲ့ အချိန်မှာ ထမင်းများများ မကျွေးပါနဲ့။ ဆန်ကိုလည်း ဆန်စေးမကျွေးပါနဲ့။ ဝမ်းချုပ်နိုင်ပါတယ်။ မေး။ သမီးအိမ်ထောင်ကျတာ လေးနှစ်ရှိပါပြီ။ အသက် ၃၃ နှစ်ပါ။ အိမ်ထောင် စကျကျချင်းက ကလေးမလိုချင်သေးတော့ သန္ဓေတားဆေးတွေ သောက်ခဲ့မိတယ်။ ဒါပေမဲ့ ဘာဆေးမှ မသောက်တာ သုံးနှစ်ရှိပါပြီ။ သားသမီးလည်း တအားလိုချင်ပါတယ်။ ဆရာဝန်တွေနဲ့ ပြတော့လည်း ပြစ်ချက်မရှိဘူး။ ရနိုင်ခြေရှိပါတယ်လို့ ပြောပါတယ်။ အခုထိတော့ မရသေးပါဘူး။ ဆရာသမီးတို့ သားသမီး ရနိုင်ပါ့မလား။ ဆေးနည်းတွေရှိရင် ဖြေကြားပေးပါရှင့်။

ဖြေ။ ရနိုင်ပါတယ်။ ဆေးဒဏ်က သုံးနှစ်ထိအောင် ခံရတတ်တယ်။ ဆေးအဆိပ်ပြေအောင် ကန်စွန်းရွက်ထောင်း အရည်ညှစ် သုံးဇွန်းစာကို ပျားရည်တစ်ဇွန်းနဲ့စပ် အစာမစားခင် သောက်ပါ။ တချို့ဆရာကြီးတွေ ကတော့ ကန်စွန်းရွက် အစိမ်းသတ္တုရည်ကို နွားနို့အစိမ်းရည်နဲ့ စပ်တိုက်ရင် နှစ်ကြာကလေးမရတဲ့ အမျိုးသမီး ကလေးရတယ်လို့ ပြောတယ်။ စမ်းကြည့်ပါ။ တစ်လလောက် ရက်ရှည်သောက်ဖို့တော့ လိုပါမယ်။

မေး။ ဆရာခင်ဗျာ။ ခြေဖနောင့်နာတဲ့သူ၊ အရိုးအဆစ် နာတတ်တဲ့ သူတွေဟာ မျှစ်နဲ့ မတည့်ဘူးဆိုတာ မှန်ပါသလားခင်ဗျာ။ ကျွန်တော်က မျှစ်တအားကြိုက်တဲ့ သူမို့ပါ။

ဖြေ။ မှန်ပါတယ်။ လေပူထတဲ့ အစာမို့ပါ။ မျှစ်ဟာမြေကြီးအတွင်းကနေ ထွင်းဖောက် ထွက်လာတဲ့ အရာဖြစ်လို့ အတက်စာလို့ ယူဆပါတယ်။ ပထဝီကို ဖောက်ထွက်လို့ ဝါယောအားများတဲ့ လေစာလို့လည်း ယူဆနိုင်တယ်။ လေးဖက်နာရှိသူတွေဟာ အစို့အညှောင့်တွေနဲ့ မတည့်ပါ။ ပဲစေ့က အညှောင့်ပေါက်လာတဲ့ ပဲပင်ပေါက်နဲ့ မတည့်သလို မျှစ်ကလည်း မြေကြီးထဲက ဝါးပင်အမြစ်ကနေ အညှောင့်ပေါက်လာလို့ မတည့်ပါ။ အလွန်ကြိုက်လို့ စားချင်ရင်မျှစ်ကို ပြုတ်ရည် နှစ်ရေလောက် သွန်ပစ်ပြီးမှ စားသုံးပါ။ တညင်းသီးအဆိပ် ကုန်အောင် ပြုတ်သလို မျှစ်ပြုတ်ရင် ထန်းလျက်ခဲ နှစ်ခဲ၊ သုံးခဲထည့်ပြုတ်တာဟာ မျှစ်အဆိပ်အတောက် ကင်းစေနိုင်တယ်လို့ မှတ်သားစေလိုပါတယ်။

မေး။ ဆရာရှင့်။ ရဲယိုရွက်နဲ့ ငါးခူရောချက်စားတာကို ဓာတ်စာလို့ပြောကြပါတယ်။ ဘယ်လို ရောဂါမျိုးအတွက် ဓာတ်စာအဖြစ် စားသုံးသင့်တယ် ဆိုတာကို သိလိုပါတယ်ရှင့်။

ဖြေ။ ရဲယိုရွက်နဲ့ ငါးခူတွဲပီးချက်စားတာဟာ လေအားယုတ်သူတွေအတွက် လေဆက်စေတဲ့ ဓာတ်စာမျိုးဖြစ်ပါတယ်။ ရဲယိုရွက်က လေကို ဖြစ်စေပြီး ငါးခူကသွေးအားကို ဖြစ်စေပါတယ်။ နှစ်မျိုးတွဲချက်တဲ့အခါ ခါးသက်ပြီး ဆိမ့်တဲ့ အရသာရှိတဲ့အတွက် လူငယ်တွေပါ နှစ်သက်ကြတယ်။ ရဲယိုရွက်နဲ့ ငါးခူဓာတ်စာ စားတာဟာ အကြောလေလျှောက် အားနည်းသူတွေ၊ လေဖြတ်၊ လေငန်းဝေဒနာသည်တွေ၊ ဆီးနဲ့ကျောက်ကပ် ရောဂါရှိသူတွေ၊ အရိုးအဆစ် အားနည်းပြီး ကျီးပေါင်းရှိသူတွေ အတွက် အထောက်အကူပြုပါတယ်။

မေး။ ဆရာရှင့်။ သမီးကလေးမွေးထားတာ ရက် ၂ဝ ရှိပါပြီ။ မိခင်နို့ကောင်းစွာ မထွက်ပါ။ ကလေးကလည်း တအားငိုပါတယ်။ ဘယ်လိုလုပ်ရင် မိခင်နို့များများ ထွက်မလဲရှင့်။ ကူညီပါဆရာ။

ဖြေ။ ကြက်သွန်နီဥ မီးအုံးစားပါ။ ရွက်ဟင်းချိုချက်သောက်ပါ။ နနွင်းမှုန့်စားရင် လည်းမိခင်နို့ထွက်ပါတယ်။ နွားနို့ပူပူတစ်ခွက်မှာ နနွင်းမှုန့် ကော်ဖီဇွန်းသေးနဲ့ တစ်ဇွန်းထည့် ဖျော်သောက်ပါ။ ရှေးနည်းကတော့ နွားရဲ့အမြီးကို မီးဖုတ်ပြီး ဟင်းချိုချက်သောက်ရပါတယ်။

မေး။ ဆရာရှင့် ကျွန်မအမျိုးသားက အသည်းကင်ဆာ ရောဂါဖြစ်နေပါတယ်။ အခုဆီးလုံးဝ မသွားဘူးဖြစ်နေပါတယ်။ ဗိုက်ကလည်း ဖောင်းလာလို့ အကြံလေးပေးပါဦးရှင့်။

ဖြေ။ ကြက်သွန်နီဥ မီးကင်အရည်ညှစ်နှစ်ဇွန်း၊ သကြားတစ်ဇွန်း စပ်တိုက်ပါ။ ကြက်သွန်နီဥ ပါးပါးလှီးပြီး ဆီးခုံမှာ ကပ်ပေးရင် ဆီးသွားပါတယ်။

(အကြောင်းပြန်) ဆီးတော့တစ်စက်၊ နှစ်စက်စသွားပါပြီ။ အခုဗိုက်ထဲက လေထိုးသလိုခံစားနေရလို့ လိမ်းဆေးလေးအကြံပေးပါဦး ဆရာ။

မုန်ညင်းဆီဒါမှမဟုတ် နှမ်းဆီ ၁ဝ ကျပ်သားမှာ ချင်းတက်လက်နှစ်ဆစ် ထုထောင်းထည့်ပြီး မီးနဲ့ချက် ခပ်နွေးနွေးဗိုက်မှာလိမ်းပေးပါ။

မေး။ ဆရာရှင့် ကျွန်မအမျိုးသားက နှာခေါင်း အနံ့မရတာ ၁ဝ နှစ်ရှိပါပြီ။ ကျွန်မနဲ့ အိမ်ထောင်မကျခင် ကတည်းကပါ။ ခေါင်းတစ်ခြမ်းလည်း ကိုက်ပါတယ်။ နှာလည်း စေးပါတယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပေးပါရှင့်။

ဖြေ။ ငဖြူကြီးပင်ခေါ် မုရိုးပင်အရွက်၊ အရိုးတို့ကို အခြောက်လှန်း မီးရှို့ပြီးအငွေ့ကို ရှူပေးပါ။ ကျားမနိုင်မြစ်ကိုသွေးပြီး နှာခေါင်းဝမှာ လိမ်းပေးပါ။

မေး။ ဆရာ ကျွန်တော့်ရဲ့အဒေါ် စကားပြောရင် အသံက သိပ်မရှင်းဘူးဆရာ။ အခုရက်ပိုင်း အတွင်းမှ ဖြစ်လာတာပါ။ လက်ကလည်း အားနည်းတော့ အင်္ကျီဝတ်တာတောင် အားမရှိဘူး ဖြစ်နေတယ်။ အကြောအားနည်းတဲ့ ရောဂါလို့ ဆရာဝန်ကပြောပါတယ်။ တစ်ခုခုများ ဖြစ်လာမလားလို့ စိုးရိမ်နေပါတယ်။ သင့်လျော်မယ့် ဆေးနည်းညွှန်ပြပေးပါဆရာ။

ဖြေ။ လေဖြတ်နိုင်တဲ့ လက္ခဏာပါ အကြောပြင်ဆရာ ကောင်းကောင်းပြပါ။ ဆင်တုံးမနွယ် အမှုန့်နဲ့ ပျားရည်စပ်တိုက်ပါ။ ကြက်ဟင်းခါးရွက်ထောင်းပြီး လျှာပွတ်ပေးပါ။ မသန်တဲ့ လက်နဲ့ခြေကို တောရှောက်မြစ်သွေးပြီး အရက်နဲ့ ရောစပ်လိမ်းပါ။

မေး။ ဆရာရှင့် သမီးဇက်က ဖောင်းပြီးနာနေတယ်။ အရိုးကြီးပြီးဖုသလို ဖြစ်နေတာပါ။ ပခုံးနဲ့ကျောလည်း နာပါတယ်။ လက်ပြင်လည်း အောင့်ပါတယ်။ ကျီးပေါင်းဖြစ်နေတာလို့ ပြောပါတယ်ရှင့်။ ခေါင်းအုံးပါးပါး အိပ်ဆိုလို့ ပြောင်းအိပ်တာလည်း မသက်သာပါဘူးရှင့်။ ဘာလုပ်သင့်တယ်ဆိုတာ ညွှန်ကြားပေးပါရှင့်။

ဖြေ။ ဇက်မှာ ကွမ်းရွက်မီးကင်ပြီးကပ်ပါ။ ညနေစောင်းကနေ ညအိပ်ရာ ဝင်ချိန်ထိကပ်ထားပါ။ နနွင်းမှုန့်ကို မီးကျီးခဲပေါ် ဖြူးပြီးမှိုင်းရှူပေးပါ။ ပျားရည်ဟင်းစား ဇွန်းတစ်ဇွန်း၊ နနွင်းမှုန့် ကော်ဖီဇွန်းငယ် တစ်ဇွန်းရောစပ်သောက်ပါ။ မနက်စောစော အိပ်ရာထ ဦးခေါင်းမော့ ဘယ်လှည့်၊ ညာလှည့် ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ။ မှန်မှန်ပြုလုပ်ရင် ဇက်ကျီးပေါင်း တက်ရောဂါ ပျောက်နိုင်ပါတယ်။

မေး။ ဆရာခင်ဗျာ။ တိုင်းရင်းဆေးမှာ 'ရေလ'ဲ ဆိုတာဘာကို ခေါ်တာပါလဲ။ ဘယ်လိုဆေးမျိုး သောက်တဲ့အခါမှာ 'ရေလဲ'ဆိုတာ လိုအပ်ပါသလဲ။

ဖြေ။ တိုင်းရင်းဆေးမှာ 'ရေလဲ'ဆိုတာက ရေနွေး၊ ရေအေးကို အပြောင်းအလဲပြုလုပ်ပြီး ဆေးတိုက်တဲ့ စနစ်ဖြစ်ပါတယ်။ အစာကြေဆေး၊ ချွေးထုတ်ဆေးကို ရေအေးနဲ့သောက်လို့ မရဘူး။ ရေနွေးနဲ့မှ။ ရောဂါအဆင့်မြင့်လာရင် ကွမ်းရွက်ပြုတ်၊ ချင်းပြုတ်၊ ချင်းနဲ့ ထန်းလျက်ပြုတ်၊ ကျပ်ခိုးနဲ့ မြေစာရွက်ပြုတ်စသဖြင့်ပေါ့။ ဆီးဆေးဆိုရင်လည်း ဆန်ဆေးရည်နဲ့သောက်၊ သည်းခြေဆေး၊ နှလုံးဆေးတွေဆိုရင်လည်း နံ့သာနှစ်ပါး (နံ့သာဖြူ၊ နံ့သာနီ) သွေးရည်နဲ့ သောက်ခိုင်းတာကို 'ရေလဲ'တွေလို့ ခေါ်ပါတယ်။ ဆေးတစ်ခွက် သောက်ရဖို့ နောက်ဆက်တွဲတွေက များလှတယ်။ တစ်ချိန် တစ်နေ့တစ်ရက်ဆိုရင် အကြောင်းမဟုတ်ဘူး။ ရောဂါက နာတာရှည်ဆိုရင်တော့ မိသားစုတစ်စုလုံးက ဝိုင်းလုပ်ရတော့ အလုပ်ရှုပ်တယ် ထင်လာကြတယ်။ ခေတ်ပညာတတ် သားသမီးတွေက တိုင်းရင်းဆေးအပေါ် ငြိုငြင်လာကြတယ်။ တကယ်တော့ 'ရေလဲ'မပါရင် ဆေးကမထိ ရောက်ပါဘူး။ အသားဝါ ပျောက်ဆေးကို ငုခေါက်ပြုတ်ရည်နဲ့ သောက်ရင် ပျောက်နိုင်ပြီး သူ့ချည်းသောက်ရင် အသားဝါရောဂါ မသက်သာတာ တွေ့ရတယ်။

မေး။ ဝမ်းချုပ်ပြီး အညောင်းအကိုက်များသူ အတွက် ဆေးနည်းသိလိုပါတယ် ဆရာ။

ဖြေ။ သကြား ၁ဝ ကျပ်သား၊ မန်ကျည်းသီးအမှည့် အနှစ် ငါးကျပ်သား၊ ထောပတ် ငါးကျပ်သား၊ ပျားရည် ငါးကျပ်သား၊ ပွေးကိုင်းကို ခြောက်အောင်လှော်ပြီး အမှုန့်ထောင်း ငါးကျပ်သား အဲဒါတွေအကုန်လုံးကို သမအောင် ရောမွှေ ဝမ်းမရစ်အောင် ဆားလှော်အနည်းငယ် ထည့်ရင် ပိုကောင်းပါတယ်။ (သ၊ မ၊ ထော၊ ပျား၊ ပွေးရသေ့ကြီးဦးခန္တီ ဆေးနည်းဖြစ်ပါတယ်။)

မေး။ ဆရာရှင့်။ ကျွန်မခန္ဓာကိုယ်အနှံ့အပြားမှာ အကြောလေးတွေ ထုံးနေလို့ သက်သာမယ့် နည်းလမ်းတွေရှိရင်ပေးပါရှင့်။

ဖြေ။ ဖီးကြမ်းငှက်ပျောသီးအခွံအတွင်းက ကပ်နေတဲ့ အသားနဲ့ပွတ်ပါ။ နေ့စဉ်ရေမချိုးခင် စိတ်ရှည်ရှည်နဲ့ ပွတ်ပေးပါ။ သံလွင်ဆီကိုမီးနွှေးပြီး ညအိပ်ရာဝင်ချိန်မှာလိမ်းပေးပါ။

ကြည်လွင်မြင့်(မုဒြာ)

Read 262 times Last modified on Friday, 06 April 2018 10:15