ပင်းတယ ဧပြီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တောင်တန်း ကျေးရွာများရှိ လည်ပင်းကြီးရောဂါ ဝေဒနာရှင်များအား ယမန်နေ့က ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ် ကုသပေးကြောင်း သိရသည်။
အဆိုပါ လည်ပင်းကြီးရောဂါ ဝေဒနာရှင်များကို ခွဲစိတ်ကုသပေးရာတွင် လည်ပင်းကြီး ရောဂါဝေဒနာရှင် ကိုးဦးကို မန္တလေးမြို့ အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာဦးဝင်းနှင့် အဖွဲ့၊ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ကျန်းမာရေးဝန်ထမ်း များက ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည်။ ပင်းတယ မြို့နယ် ကျေးရွာများမှ လည်ပင်းကြီးရောဂါ ဝေဒနာရှင်များကို ရှာဖွေ၍ အခမဲ့ခွဲစိတ် ကုသပေးခဲ့ရာ ယခုအကြိမ်မှာ ပဉ္စမအကြိမ်ဖြစ်ပြီး လည်ပင်းကြီးရောဂါ ဝေဒနာရှင် ၅၇ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။