SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချ ဆေးနည်းတိုများ(၃၂)

Tuesday, 15 May 2018 09:54 font size decrease font size decrease font size increase font size increase font size

မေး ။ ။ နေပူထူကဲ ပြန်လာပြီး ရေခဲရေများများ သောက်မိပါတယ်။ နောက်တစ်ရက်မှာ ဆီးပူပြီး ဆီးအောင့်သလို ဖြစ်နေပါတယ်။ ဘာဆေးသောက်ရမလဲခင်ဗျာ။

ဖြေ ။ ။ ကန်စွန်းရွက်ကိုထောင်း အရည်ညှစ်ယူပါ။ အရည်သုံးဇွန်းကို သကြားတစ်ဇွန်းစပ်ပြီး သောက်ပေးပါ။ (တစ်နည်း)မြင်းခွာရွက်ကိုထောင်း အရည်ညှစ် သံပရာရည်နဲ့ရော သကြား အနည်းငယ်ထည့်ဖျော်သောက်ပါ။ ဆီးအောင့်ရင် ကြက်သွန်နီကို ပါးပါးလှီး (ရေမဆေးပါနဲ့) သကြားဖြူးပြီး တစ်ဥကုန် အောင်စားပါ။

မေး ။ ။ ဆရာရှင့် ညက အစာမကြေပြီး အန်တာ ဒီနေ့မနက်မှာ ဝမ်းဗိုက်တစ်ပြင်လုံး ဗိုက်ကြောတွေ နာနေပါတယ်။

ဖြေ ။ ။ မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီကို မီးနဲ့အပူပေးပြီး ဝမ်းဗိုက်မှာလိမ်းပေးပါ။ ရှောက်သီးအရည်နဲ့ ပျားရည်ဖျော်စပ်သောက်ပါ။

မေး ။ ။ အသံဝင်တာ ရက်တော်တော် ကြာပါပြီ။ အသံဝင်ပျောက်တဲ့ လျက်ဆား၊ ဆေးတွေသောက်ပါတယ်။ သံပရာရည်နဲ့လည်း ဖျော်လျက်ပါတယ်။ အသံက ပုံမှန် ထွက်မလာပါ။ ဆေးနည်းတွေရှိရင် ပြောပြပေးပါဆရာ။

ဖြေ ။ ။ ပြည်ပန်းညိရွက်ကို ဟင်းချိုချက်သောက်ပါ။ (တစ်နည်း) ပြည်ပန်းညိုရွက်ကိုထောင်း အရည်ညှစ်ယူပြီး ဆားလှော်အနည်းငယ်ထည့် အကြမ်းပန်းကန် တစ်လုံးစာသောက်ပါ။ (တစ်နည်း) ဒေါနပန်းခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးဆူဆူမှာ ခတ်ပြီးသောက်ပါ။

မေး ။ ။ ခုန်ချရာကနေ ဖနောင့်မှာ အသားကြေနာ ဖြစ်နေပါတယ်။ ဘယ်လိုပျောက်အောင် ကုသရပါမလဲ။

ဖြေ ။ ။ အုတ်နီခဲ အပိုင်းတစ်ခုကို မီးဖုတ်ပါ။ ညှပ်နဲ့ယူပြီး ဂုန်နီအိတ်ကို ရေစွတ်ပြီးအုပ်ပါ။ အငွေ့တွေ ထွက်လာပါလိမ့်မယ်။ အဲဒီအငွေ့ပေါ်မှာ ဖနောင့်ကို ဖြည်းဖြည်းလေးကပ်ပြီး ခံနိုင်သမျှဖိနင်းပေးပါ။ အဲဒီလိုနှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပေးရင် အသားကြေနာ ပျောက်နိုင်ပါတယ်။

မေး ။ ။ မျက်နှာမှာ ဝက်ခြံတွေ ပေါက်နေပါတယ်။ ဘာဆေးလိမ်းရမလဲ ဆရာ ဝက်ခြံပေါက်ပြီး ရင်လည်း အမည်းစက်တွေ ကျန်ခဲ့ပါတယ်။ ဘာဆေးလိမ်းရမလဲ ဖြေကြားပေးပါ။

ဖြေ ။ ။ သံပရာရည်နဲ့ ပျားရည်ရောပြီးလိမ်း နာရီဝက်ကြာရင် မျက်နှာသစ်ပါ။ အမည်းစက်ကျန်ရင် ကွမ်းသီးခြမ်း သွေးလိမ်းပါ။ ညအိပ်ရာဝင် သံပရာရည်နဲ့ သနပ်ခါး ရောစပ်လိမ်းပါ။

မေး ။ ။ ဆရာရှင့် သမီးရဲ့ အစ်ကိုတစ်ယောက် ဆီးအိမ်မှာ ကျောက်တည်ပြီး ဆီးသွားရင် အောင့်နေလို့ပါ။ ဆရာဝန်လည်း ပြပါတယ်။ ခွဲစိတ်ရမယ် ပြောပါတယ်။ မခွဲစိတ်ရသေးခင် သာသာနိုင်မယ့် နည်းလမ်းတွေရှိရင် ပြောပြပေးပါရှင့်။

ဖြေ ။ ။ ကြွေပုပ်ကို သံပုရာရည်နဲ့ စိမ်ထား အချိန်ကြာရင် ပျော်သွားပါလိမ့်မယ်။ ဟင်းစားဇွန်း တစ်ဇွန်း တစ်နေ့ သုံးကြိမ်သောက်ပေးပါ။

မေး ။ ။ မဂင်္လာပါဆရာ ကျွန်တော့်လက်ကောက်ဝတ်နာနေတာ နှစ်ပတ်လောက်ရှိပါပြီ။ ညှစ်ဆေး၊ လိမ်းဆေးတွေ လိမ်းတော့လည်း မသက်သာသေးပါဘူး။ ဆေးနည်းလေးရှိရင် ပြောပြပေးပါ။

ဖြေ ။ ။ ဗာဒံရွက်နုကို ခူးပြီးမီးကပ်ပါ။ ပြီးရင်လက်မှာ ပတ်စည်းပါ။ (ပြန်ပြော) ဗာဒံရွက် မရှိဘူးဆရာ။ ကျွန်တော်က ကိုရီးယားမှာ အလုပ်လုပ်နေတာပါ။ အလုပ်က ဆေးခန်းသွား မရလို့ပါ။ ကြက်သွန်နီဥ မီးဖုတ်ပြီးထောင်း လက်ကောက်ဝတ်မှာ အုံစည်းထားပါ။ ကြက်သွန်နီဥကို ပြုတ်ပြီးထောင်းရင်လည်းပါတယ်။ ညက်အောင်ထောင်းစည်းပါ။ နှစ်နာရီကြာ စည်းပြီး ဖြေလို့ရပါတယ်။ တစ်နေ့ နှစ်ကြိမ် သုံးရက်စည်းပါ။

မေး ။ ။ ဆရာရှင့် ကိုယ်ဝန်ဆောင်သည်တွေ မစားအပ်တဲ့ အသားနဲ့ဟင်းသီးဟင်းရွက်တွေ သိလိုပါတယ်။ သင်္ဘောသီး၊ ကြက်ဟင်းခါးသီး မစားရဘူးဆိုတာ မှန်ပါသလားရှင့်။

ဖြေ ။ ။ ကိုယ်ဝန်ဆောင်ချိန် မစားသင့်တဲ့ အစာတွေမှာ တညင်းသီး၊ မျှစ်၊ မျှစ်ချဉ်၊ အုန်းနို့၊ ခွေးတောက်ရွက်၊ ကြောင်လျှာသီး၊ ငါးသလဲထိုး၊ ငါးရံ့ဒိုင်း၊ ငါးမြွေထိုး၊ ချင်းသုပ်နဲ့ သင်္ဘောသီးမှည့်၊ ပဲတီချဉ်နဲ့ ငါးသေတ္တာ၊ ကောက်ညှင်းနဲ့လုပ်တဲ့ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်ထုပ်၊ ကော်ဖီမစ်ထုပ်တွေ ရှောင်ကြဉ်ပါ။ (သင်္ဘောသီးအမှည့်ကို ဖျော်ရည်လုပ်ပြီး သောက်နိုင်ပါတယ်) ကြက်ဟင်းခါးသီးကို သင့်ရုံစားနိုင်ပါတယ်။ ကြက်ဟင်းခါးနဲ့ ဝက်သားတော့ လေစာနှစ်မျိုး တွဲစားလို့မရပါ။

မေး ။ ။ အသည်းခြောက် ရေဖျဉ်းရောဂါ ဖြစ်နေပါတယ်။ ဘယ်လိုကုသရမလဲဆရာ။

ဖြေ ။ ။ မုန်လာဥနီထောင်း အရည်ညှစ်သကြားနဲ့ ဖျော်ရည်လုပ်သောက်ပါ။ အသည်းခြောက် ရတဲ့ အကြောင်းရင်းတွေရှိပါတယ်။ ပိုး၊ မှို၊ ဆေး၊ အရက် ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် စနစ်တကျ ကုသနိုင်ဖို့ အသည်းအထူးကု ဆရာဝန်ကြီးတွေဆီမှာ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

မေး ။ ။ အေးလို့ မနက်ပိုင်း ရေမချိုးဖြစ်ပါ။ ညနေပိုင်း ရေချိုးရာကနေ လက်ဖျား၊ ခြေဖျား ထိပ်လေးတွေမှာ အရေပြားခြောက်ပြီး အရေခွံလဲသလို ကွာကျပါတယ်။ ဘာလုပ်ရမလဲ ဆရာ။

ဖြေ ။ ။ ပျားရည်၊ သံပရာရည်၊ အုန်းဆီရောစပ်ဖျော်ပြီး လိမ်းပေးပါ။ အပူကုန်အောင် အုန်းစိမ်းရည်သောက်ပါ။ မနက်စောစော ဒူးခေါင်းကနေလောင်းပြီး ရေချိုးပေးရင် အရေပြားကွာ၊ အရေခွံကွာတဲ့ ရောဂါသက်သာစေနိုင်ပါတယ်။

မေး ။ ။ ဆရာရှင့် သမီးမနက် အိပ်ရာထတိုင်း ခေါက်းကိုက်ပါတယ်ရှင့်။ အလုပ်က စာရင်းအင်းတွေ တွက်ချက်ရပါတယ်။ ကွန်ပျူတာလည်းသုံးရပါတယ်။ အကိုက်အခဲပျောက် ဆေးတွေ ရေရှည်မသောက်ချင် လို့ပါရှင့်။

ဖြေ ။ ။ နနွင်းမှုန့် ကော်ဖီဇွန်းငယ် တစ်ဇွန်းကို ပျားရည် ဟင်းစားဇွန်းတစ်ဇွန်းစပ်ပြီး ညအိပ်ရာဝင်ချိန်မှာ သောက်ပေးပါ။ ခေါင်းကိုက်ရောဂါပျောက်ပါတယ်။ တစ်နေ့နှစ်ကြိမ် သောက်နိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါချင်းတက်ကို ပါးပါးလှီးပြီး နားထင်နှစ်ဖက်မှာ ကပ်ထားပေးပါ။ ချက်ချင်း သက်သာစေနိုင်ပါတယ်။

မေး ။ ။ ဆရာခင်ဗျာ ကျွန်တော် သွားဖုံးရောင်တာ သုံးရက်၊ လေးရက်လောက်ရှိပါပြီ။ ညှော်လည်း နည်းနည်းမိထားပါတယ်။ထမင်းလည်း စားမရပါဘူး။ ညာဘက်ပါးပြင် တစ်ခုလုံးရောင်ပြီး ပါးစပ်လည်း ကောင်းကောင်းဟလို့ မရပါ။ မာမာခဲခဲကြီး ဖြစ်နေပါတယ်။ ဘယ်လိုဆေးနည်း သုံးရမယ်ဆိုတာကို ပြောပြပေးပါ။

ဖြေ ။ ။ မန်းဆေး သောက်ရမှာပါ။ မန်းဆေးရဲ့ အခြေခံကတော့ နနွင်း၊ တမာ၊ ကွမ်းရွက်၊ ကျပ်ခိုးတွေပါ။ အဲဒီလေးမျိုးကို ရောစပ်သောက်ရင် မန်းဆေးဖြစ်ပါတယ်။ ညှော်ဝင်ရင် နနွင်းကို သောက်လည်းသောက်၊ လိမ်းလည်းလိမ်းရပါတယ်။ တမာရွက်နဲ့ ဆားပြုတ်ပြီး ငုံပေးရင် သွားဖုံးအရောင် ကျပါတယ်။ ရှေးဆေးကျမ်းတွေ အလိုအရတော့ သွားနာ၊ သွားဖုံးရောင် ပျောက်ဆေးမှာ သရက်ကျီးပေါင်း၊ထနောင်း၊ ပင်ခွာ၊ တမာတစ်ခက်၊ သွားတစ်သက်ဆိုပါတယ်။ ဥာဏ်ရှိသလိုသုံးပါ။

မေး ။ ။ ဆရာခင်ဗျာ  ကျွန်တော်အစားမှားပြီး ဝမ်းသွားရာမှာ အချွဲတွေ ပါနေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းပြတော့ အူမကြီး နည်းနည်းရောင်ပြီး အူလှုပ်ရှားမှုမမှန်ဘူးလို့ ပြောပါတယ်။ ဆေးတွေလည်းသောက်တာ ကြာပါပြီ။ အရှင်းပျောက်ကင်းတယ် မရှိပါ။ ဆရာတစ်ခါရေးတဲ့ဆေးညွှန်းထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ရှားစောင်း လက်ပပ်ချက်သောက်ပါလို့ ရေးထားတာ မှတ်သားရဖူးပါတယ်။ ရှားစောင်းလက်ပပ် ဟင်းချိုချက်နည်းကို မသိလို့ ပြောပြပေးစေ လိုပါတယ်။

ဖြေ ။ ။ ရှားစောင်းလက်ပပ် ဟင်းချိုချက်နည်းက ဘူးသီးဟင်းချို ချက်သလိုပါပဲ။ ပထမ ရေဆူအောင်တည်ပြီး ရေဆူလာတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်ထောင်း ထည့်ပါ။ ရှားစောင်းလက်ပပ်ကို အခွံအစိမ်းတွေ ခွာပြီး အလယ်ကအသားကို အတုံးမထူ မပါးလေးလှီးပြီး စားခါနီးမှ ဟင်းရည်ဆူနေတဲ့ အိုးထဲထည့်ပါ။ အစပ်ထည့်လိုရင်  ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ခဏအုပ်ထားပါ။ ဟင်းရည်မှာ ချွဲနေတာ၊ ခါးနေတာ မရှိပါ။ ရှားစောင်းလက်ပပ် အဖတ်လေးတွေနဲ့ သောက်လို့ကောင်းလှပါတယ်။ ဝမ်းတွင်း ရောင်တဲ့အနာ၊  အပူနာ အမျိုးမျိုးနဲ့ သင့်ပါတယ်။

မေး ။ ။ ဆရာရှင့် ကျွန်မအသက် ၃၉ နှစ်ပါ။ ကိုယ်အလေးချိန် ပေါင် ၁၇ဝ ကျော်ရှိပါတယ်။ ဒူးနာနေတာ တစ်နှစ်ကျော်ရှိပါပြီ။ ဆေးရုံပြ ဓာတ်မှန်ရိုက်တော့ ဒူးအရွတ်က ပွန်းစားပြီး အရိုးနုမရှိတော့ဘူးလို့ ပြောပါတယ်။ ခွဲစိတ်ကုသတာ၊ အရိုးနုအစားထိုး တာတွေလည်း မတတ်နိုင်ပါ။ လောလောဆယ် သက်သာအောင် ဆေးနည်းလေးညွှန် ပြပေးပါရှင့်။

ဖြေ ။ ။ ဝံအူမြစ်၊ တောရှောက်မြစ်တွေ သွေးပြီး ဒူးမှာလိမ်းပါ။ အသွားအလာ၊ အဆင်း အတက်များရင် ဒူးဆစ်ရောင်တတ် ပါတယ်။ ရောင်ရင် ချဉ်ပေါင်ရိုးနီအရွက်တွေကို ရေနွေးနဲ့ပြုတ်ပြီး အရည်စစ်ထားပါ။ ပြီးရင် ညက်အောင်ထောင်းပါ။ ဒူးအပေါ်မှာအုံပြီး အဝတ် ဒါမှမဟုတ် ပိတ်စနဲ့အုပ်ပြီး ပတ်တီးနဲ့ စည်းထားပါ။ တစ်ကြိမ်စည်းရင် သုံးနာရီကနေ ခြောက်နာရီအထိ စည်းထားပါ။ ဒူးရောင်၊ ဒူးနာ၊ ဒူးကြီးရောဂါတွေ သက်သာစေပါတယ်။

မေး ။ ။ ဆရာခင်ဗျာ အားကစားလုပ်ရင်း လက်မောင်းဆုံ ပြုတ်ဖူးပါတယ်။ ညပိုင်းအေးလာရင် ပခုံးဆစ်ကကိုက်လို့ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

ဖြေ ။ ။ ရဲယိုရွက်မီးကင်၊ နှမ်းဆီ ဒါမှမဟုတ် မုန်ညင်းဆီသုတ်ပြီး လက်မောင်းဆုံမှာကပ်ပေးပါ။

မေး ။ ။ ဆရာရှင့်။ ကျွန်မအမျိုးသား မကြာခဏ ဗိုက်အောင့်တတ်လို့ ဆေးစစ်ကြည့်တာ သည်းခြေအိတ်မှာ ကျောက်အနည်းငယ် ရှိတယ်လို့ ပြောပါတယ်။ ဘာဆေးသောက်ရ မလဲရှင့်။

ဖြေ ။ ။ ပေပင်ကအရွက်ကို ပြုတ်သောက်ရင် သည်းခြေအိတ် ကျောက်ကျတယ်လို့ ဆေးမြီးတို ကျမ်းတွေမှာ တွေ့ရပါတယ်။ သည်းခြေအိတ်ရောင်လို့ ဗိုက်အောင့်ရင်တော့ ကောက်ရိုးကို ရေစင်စင်ဆေးပြီး အခြောက်လှန်းထား၊ ရေနွေးမှာ လက်ဖက်ခြောက်ခတ်သလို ခတ်သောက်ပါ။

မေး ။ ။ ဆရာ   ကျွန်မတို့အိမ်သားတွေ ရေခဲရေ အသောက်များလို့လား မသိပါ။ လူကြီးရော   ကလေးတွေပါ မကြာခဏ ဆီးအောင့်တတ်ပါတယ်။ ဘယ်လိုလုပ်ရင် ပျောက်နိုင်မလဲရှင့်။

ဖြေ ။ ။ ကြက်သွန်နီဥကို ပါးပါးလှီး၊  (ရေမဆေးပါနဲ့) သကြားဖြူးစားပါ။ (တစ်နည်း) ကြက်သွန်နီဥထောင်း၊ အရည်ညှစ်၊ သံပရာရည်နဲ့ ရောစပ်သောက်ရင်လည်း ဆီးအောင့် သက်သာပါတယ်။ ကလေးဆီးအောင့်ရင်တော့ ကြက်သွန်နီဥ ပါးပါးလှီး ဆီးခုံမှာ ကပ်ပေးပါ။

မေး ။ ။ ဆရာခင်ဗျာ။ အိမ်ရှေ့က ရေမြောင်းဆယ်ရာကနေ ခြေထောက်မှာ ယားနာလို အဖုလေးတွေ ပေါက်လာပါတယ်။ ယားလို့ ကုတ်မိရင် အဖုအပိမ့်တွေ ထွက်လာပါတယ်။ ဆေးနည်းလေး ညွှန်ကြားပေးပါ။

ဖြေ ။ ။ တမာရွက်ကို   အခြောက်လှန်း၊ အမှုန့်ပြုလုပ်ပြီး သနပ်ခါးနဲ့ ရောစပ်လိမ်းပါ။ (တစ်နည်း) ခရေပွင့်ခြောက်နဲ့  သနပ်ခါး ရောစပ်လိမ်းရင်လည်း သက်သာနိုင်ပါတယ်။

မေး ။ ။ ဆရာကြီးခင်ဗျာ။   ကျွန်တော်ရေကျောက်တွေ ပေါက်ပြီးတော့ အမာရွတ်တွေက   တော်တော်ကျန်ခဲ့တယ် ဆရာ။ မျက်နှာမှာဆိုတော့ ရုပ်လည်းဆိုးပါတယ်။ ရေကျောက် အမာရွတ်တွေ သက်သာမယ့် ဆေးနည်းရှိရင် ကူညီပေးပါဆရာ။

ဖြေ ။ ။ ကြိတ်မှန်ရွက် အရည်ညှစ်ပြီး လိမ်းပေးပါ။ ဒါမှမဟုတ် သနပ်ခါးနဲ့ ရောစပ်လိမ်းပါ။ ခုနစ်ရက်လောက် စိတ်ရှည်ရှည် လိမ်းပေးပါ။ ရှားစောင်းလက်ပပ် အနှစ်ကို မျက်နှာမှာ ကပ်ပေးပါ။ သို့မဟုတ် ရှားစောင်းလက်ပပ် အနှစ်ကို ပျားရည်တစ်ဇွန်းနဲ့ ခေါက်ပြီးဖျော်ပါ။ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ခန့်ကြာမှ မျက်နှာသစ်ပါ။ အသားဖြူပြီး အမာရွတ် ဟောင်းများကို ပျောက်စေနိုင်ပါတယ်။

ကြည်လွင်မြင့်(မုဒြာ)

Read 288 times Last modified on Tuesday, 15 May 2018 09:55