SJ WorldNews - шаблон joomla Авто

ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများကို အရည်အသွေးပိုင်း ဆိုင်ရာ စစ်ဆေးမှုပုံစံဖြင့် ကွင်းဆင်း ဆောင်ရွက်နေ

Friday, 18 May 2018 08:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၁၇

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကို အရည်အသွေး ပိုင်းဆိုင်ရာ စစ်ဆေးမှုပုံစံဖြင့်  ကွင်းဆင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း ကပြောသည်။

ပုဂ္ဂလိကဆေးရုံ၊  ဆေးခန်းများအနေဖြင့် အများပြည်သူအား ကျန်းမာရေး ဝန်ဆောင်မှု ပေးရာတွင်    အရည်အသွေးပိုင်းဆိုင်ရာ ကောင်းမွန်ရန် လိုအပ်ပြီး ယင်းလိုအပ်ချက်များကို ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ကျန်းမာရေး ကြီးကြပ်မှုကော်မတီ တစ်ရပ်ဖွဲ့စည်းကာ ကွင်းဆင်း စစ်ဆေးခြင်းဖြစ်သည်။ထို့ပြင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၌ သတ်မှတ်ထားသည့် အရည်အသွေးပိုင်းဆိုင်ရာ စည်း ကမ်းချက်များကို လိုက်နာမှု မရှိပါက လုပ်ငန်းအပြီးတိုင် ပိတ်သိမ်းသည် အထိ အရေးယူမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပုဂ္ဂလိကကဏ္ဍ ဆောင်ရွက်မှု များပြားလာပြီး ဈေးကွက်တစ်ခု အနေဖြင့် ယှဉ်ပြိုင်မှု အားကောင်းလျက်ရှိသည်။ သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်စေခြင်းဖြင့် အရည်အသွေး မြင့်မားစွာ ဝန်ဆောင်မှုပေးနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးကြီးကြပ်မှု ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။    လက်ရှိမှာ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ  များလာတော့ သတ်မှတ် ထားတဲ့ စည်းကမ်းချက်တွေကို    လိုက်နာဆောင်ရွက်မှု ရှိသလား၊ ဆေးရုံ၊ ဆေးခန်းတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာ အရည်အသွေးပြည့်မီရဲ့လား  ကြည့်ရမယ်။ ဒါမှ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေပေးရာမှာ ထိရောက်မှာပါ။ဒါကြောင့်    ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအားလုံးကိုစစ်ဆေးတာပါ။ လက်ရှိ မှာ နိုင်ငံပိုင်ဆေးရုံတွေကိုလည်း  အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်နေသလို    ပုဂ္ဂလိက အခန်းကဏ္ဍလည်း မြင့်မားတိုးတက်လာဖို့ လိုအပ်ပါတယ်''ဟု ဝန်ကြီး  ဦးနိုင်ငံလင်းက ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိက ကျန်းမာရေး အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် ယင်းအဖွဲ့ကလည်း စောင့်ကြည့်စစ်ဆေးခြင်းများ  ပြုလုပ်လျက်ရှိသည်။  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၌ တရားမဝင် ဆေးကုသမှုများ မရှိစေရေး၊ သတ်မှတ်ချက်များနှင့် ကျင့်ဝတ်များ  လိုက်နာ ဆောင်ရွက်မှုရှိစေရေး၊ စံချိန်စံညွှန်း မမီသော  ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ခန်းများ မရှိစေရေး၊စစ်ဆေး တွေ့ရှိပါကလည်း ပြုပြင်စေရန် သတိပေးမည်ဖြစ်သည်။  လိုက်နာခြင်းမရှိသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ထိရောက်စွာ အရေးယူမည့်အပြင် လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ 

Read 106 times Last modified on Friday, 18 May 2018 08:43