SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး အသိပေး ဟောပြော

Monday, 11 June 2018 12:37 font size decrease font size decrease font size increase font size increase font size

တာချီလိတ်  ဇွန်   ၁ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မကာဟိုခမ်း ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ အဟောင်း၌ ကျင်းပ သည်။                  

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းနည်းများဖြစ်သည့် ရေအိုး၊ ရေခွက်၊ ရေစည်များ ခြင်မဝင်နိုင်ရန် လုံခြုံစွာဖုံးအုပ်ရေး၊ ရေအိုး၊ ရေခွက်၊ ရေစည်များ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ တစ်ပတ်တစ်ကြိမ် လဲလှယ်ပေးရေး၊ ညောင်ရေအိုး၊ ပန်းအိုးများကို တစ်ပတ်လျှင်နှစ်ကြိမ် တိုက်ချွတ်ဆေးကြော၍ ရေလဲပေးရေး၊ ရေရှားပါက ပိုးလောက်လမ်း တွေ့ရသည့် ရေကို နောက်တစ်အိုးသို့ ရေစစ်ဖြင့်စစ်ကာ ပြောင်းထည့်ရေး၊မလှယ်မသွန်နိုင်သော အုတ်ရေကန်ကြီးများ အတွင်း သို့ အဘိတ်ဆေးခတ်ခြင်း စသည့်နည်းလမ်းများဖြင့်  ဆောင်ရွက်ရေး ရှင်းလင်းပြောကြားသည်။    

ထို့နောက် မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားစေသည့် ခြင်ကျား မပေါက်ပွားနိုင်ရေးအတွက် ပြည်သူများနေထိုင်သည့် အိမ်၊ ဈေး၊ ကျောင်း၊ ရုံးပတ်ဝန်းကျင် များတွင် ရေကြည်ရေသန့် တင်ကျန်မည့်အိုးခွက်များ၊ တာယာဟောင်းများ မရှိရေး၊ ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများ ဖွဲ့စည်း၍ အမြဲစစ်ဆေးရေး၊   ခြင်ကိုက်ခံရမှုမရှိစေရေး ကာကွယ်နည်းများကို  ရှင်းလင်းတင်ပြပြီး ကလေးအထူးကု ဆရာဝန် ဒေါက်တာကျော်စွာမြင့်က သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများဖြစ်သည့် ဖျား၍ညောင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အနီစက်ထွက်ခြင်း၊ သွေးထွက်ခြင်း၊ ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်း စသည့် အကြောင်းအရာများ၊  ရောဂါ လက္ခဏာနှင့် လွဲမှားစေသော ရှောင်ရှားသင့်သည့်  ကော်ဖီရောင် အစားအသောက်များ၊ သတိထားရမည့် ရောဂါလက္ခဏာ အခြေအနေများနှင့် ကြိုတင်ကာကွယ်နည်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများက  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး သိရှိလိုသည့် အချက်များနှင့် ဆောင်ရွက်သင့်သည့် အချက်များကို ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။ 

Read 1419 times Last modified on Monday, 11 June 2018 12:38