SJ WorldNews - шаблон joomla Авто

မှတ်ပုံတင် မထားသော တိုင်းရင်းဆေးများကို ထိရောက်စွာ အရေးယူမည်

Friday, 10 August 2018 10:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

လက်ရှိတွင် ထုတ်လုပ်၍ ဈေးကွက်ဖြန့်ချိနေသော တိုင်းရင်းဆေးများ အနေဖြင့် မှတ်ပုံ တင်မရှိခြင်းနှင့်   မှတ်ပုံတင်ရန်   ပျက်ကွက်နေသော တိုင်းရင်းဆေး ထုတ်လုပ်သူများကို သက်ဆိုင်ရာမှ  ထိရောက်စွာ အရေးယူမည် ဖြစ်သည့်အတွက်  တစ်နှစ်ခွဲ ကာလအတွင်း  အချိန်မီ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ   ဦးမောင်မောင်ဦး  (ဂရိတ်ဝေါ) ထံမှ သိရသည်။

မှတ်ပုံတင်ထားသည့် လိုင်စင်ရပြီးသော တိုင်းရင်းဆေးများသည် မကြာခဏ အပြောင်း အလဲများ ရှိနေသောကြောင့် ရုံးတွင် မှတ်ပုံတင်ထားသည့် ဆေးညွှန်းနှင့် စာသားအချက်အလက်များသည် ဈေးကွက်တွင် ထုတ် လုပ်ဖြန့်ချိနေသော ဆေးစာသားများနှင့်   ကွဲလွဲမှုများရှိသဖြင့်  သက်ဆိုင်ရာ တိုင်းရင်းဆေးပညာ ဦးစီးဌာန၌ အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်ကြောင်း သိရသည်။

ဈေးကွက်အတွင်း   တိုင်းရင်းဆေးဝါးများကို ဝင်ရောက်စစ်ဆေးရာတွင် တိုင်းရင်း ဆေးပညာ ဦးစီးဌာနအပြင် တခြားဆက်စပ် အဖွဲ့အစည်းများဖြင့် ပူးပေါင်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

''တိုင်းရင်းဆေးပညာဦးစီးဌာနမှာ တင်ထားတဲ့  တိုင်းရင်းဆေးအညွှန်းနဲ့  စာသားတွေက ဈေးကွက်မှာဖြန့်ချိနေတဲ့ ဆေးညွှန်း၊စာသားတွေနဲ့  ကွဲလွဲနေသမျှ  မဖြစ်မနေ မှတ်ပုံပြန်တင်ပေးပါ။ ဈေးကွက်မှာ ဝင်ရောက် စစ်ဆေးလို့  အချက်အလက်ကွဲလွဲနေတာ တွေတွေ့ရင်  ထိရောက်စွာ အရေးယူခံရပါမယ်။ မှတ်ပုံတင်ဖို့ အချိန်လည်းတောင်းထားတာ တစ်နှစ်ခွဲရှိပါတယ်'' ဟု ဦးမောင်မောင်ဦး   (ဂရိတ်ဝေါ)   ကပြောသည်။

အရေးယူမှုတွင်  တိုင်းရင်းဆေးဆရာ တစ်ဦးသည်  ဆေးကုသရင်း  အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင် တိုင်းရင်းဆေး ကောင်စီဥပဒေအရ   အရေးယူကြောင်း၊  ထုတ်လုပ်သည့် ဆေးဝါးများအပေါ်တွင် အပြစ်ရှိလျှင် တိုင်းရင်းဆေးဝါး ဥပဒေအရ အရေးယူကြောင်း သိရသည်။

ယခုအခါ တိုင်းရင်းဆေးပညာ ဦးစီးဌာန ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီ အနေဖြင့်  ယခင်နှင့်မတူသော  ဖြေလျှော့လွယ်ကူသည့် နည်းစနစ်များဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင်   မြန်မာနိုင်ငံ၌   မှတ်ပုံတင်ထားသော တိုင်းရင်းဆေး အမျိုးပေါင်း ၁၃ဝဝဝ ခန့်ရှိပြီး မှတ်ပုံတင်ထားသော တိုင်းရင်းဆေး လုပ်ငန်း လိုင်စင်ပေါင်း ၃ဝဝဝ ကျော်ရှိကြောင်း သိရသည်။

Read 50 times Last modified on Friday, 10 August 2018 10:37