SJ WorldNews - шаблон joomla Авто

အရာတော်မြို့နယ်၌ အထူးကု ဆရာဝန်ကြီးများဖြင့်ကွင်းဆင်း ကုသပေး

Sunday, 12 August 2018 18:49 font size decrease font size decrease font size increase font size increase font size

အရာတော်  သြဂုတ်  ၁၁

မုံရွာမြို့မှ အထူးကုဆရာဝန်ကြီးများဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ   ပြည်သူများအား  အခမဲ့   ကွင်းဆင်းစစ်ဆေး ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်းဆင်း ကုသရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဆေးလာရောက် ကုသသော ပြည်သူများအား ကြည့်ရှုအားပေးခဲ့ပြီး ဖျားနာ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ မျက်စိ၊ အရိုး၊အကြော၊ အရေပြား၊ သားဖွားနှင့်မီးယပ်၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါများ  စမ်းသပ်ကုသနေမှုများကို ကြည့်ရှုအားပေးသည်။

''မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ပူးပေါင်းပြီး မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေအထိ ကြိုတင်အကြောင်းကြားတဲ့ အတွက် လာရောက်ကုသတဲ့ ဦးရေကတော့ များပါတယ်။

လာရောက်ပြသသူ ၁ဝဝဝ ကနေ ၁၃ဝဝ ကြားလောက် အထိရှိပါတယ်။ လူတိုင်းလက်လှမ်းမီတဲ့ကျန်းမာရေးဖြစ်အောင်၊ နောက်တစ်ချက်က သွားရေး၊ လာရေးခက်ခဲတဲ့ ဒေသခံပြည်သူတွေက အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသဖို့ရာ လမ်းပန်းဆက်သွယ်ရေး၊ ငွေ စတဲ့အခက်အခဲတွေရှိတဲ့အတွက် နီးစပ်ရာဆေးမြီးတိုနဲ့ ကုသနေရတယ်။ အခုလိုအထူးကုဆရာဝန်ကြီးတွေက နယ်တွေကို ကွင်းဆင်းကုသပေးတဲ့ အတွက် အဆင်ပြေတာပေါ့''ဟု စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးကပြောသည်။

အထူးကုဆရာဝန်ကြီးများဖြင့်  အခမဲ့ ကွင်းဆင်းကုသရာတွင်  မုံရွာမြို့ရှိ ဖျားနာ၊သွေးတိုး၊  ဆီးချို၊  နှလုံး၊  မျက်စိ၊  အရိုး၊ အကြော၊ အရေပြား၊ သားဖွားနှင့်မီးယပ်၊ နား၊နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများနှင့် အခြားအထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှု အကူအဖွဲ့  ၂ဝ ကျော်ဖြင့်   ကွင်းဆင်းကုသပေးကြောင်း သိရသည်။

မုံရွာမြို့အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများဖြင့် အရာတော်မြို့သို့ ကွင်းဆင်းကုသမှုတွင် အထွေထွေရောဂါများကို  စမ်းသပ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ခွဲစိတ်ကုသရေးနှင့် ပတ်သက်၍ ရိုးရိုးခွဲစိတ်ရန် လူနာများကို အရာတော်ပြည်သူ့ ဆေးရုံကြီးတွင် ခွဲစိတ်ပေးမည် ဖြစ်ကြောင်းနှင့် အကြီးစားခွဲစိတ်ရန် လိုအပ်သော ဝေဒနာရှင်များအား မုံရွာ   အထွေထွေရောဂါကု ဆေးရုံကြီးသို့ ခေါ်ဆောင်  ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။           

Read 242 times Last modified on Sunday, 12 August 2018 18:50