SJ WorldNews - шаблон joomla Авто

နေပြည်တော်ပြည်သူ့ဆေးရုံကြီး၌ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း ဖွင့်ပွဲကျင်းပ

Tuesday, 09 October 2018 12:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၈

နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ အသစ်တပ်ဆင်သော နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နှလုံးနှင့် သွေးကြောရောဂါများသည် အခြားရောဂါများနှင့်မတူဘဲ အချိန်မီ စနစ်တကျကုသမှုမခံယူပါက အသက်ဆုံးရှုံး နိုင်ကြောင်း၊ ယခုကဲ့သို့ နှလုံးသွေးကြော ပိုက်ထည့်စမ်းသပ်ကုသခန်းကို ဖွင့်လှစ်၍ နှလုံးနှင့်သွေးကြော ရောဂါဝေဒနာရှင်ပြည်သူများကို ကုသပေးနိုင်ခြင်းမှာ အလွန်ပင်အရေးကြီးပြီး ပြည်သူများအတွက်လည်း အကျိုးကြီးမားကြောင်း၊ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသမှုများဆောင်ရွက်ရန်နှင့် စက်ပစ္စည်း ကိရိယာများ ထိန်းသိမ်းနိုင်ရန်အတွက် မျိုးဆက်သစ်ဆရာဝန်များ၊ သူနာပြုများနှင့်ပညာရှင်များကို ပိုမိုလေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း၊ နှလုံးနှင့်သွေးကြော ဆေးပညာကဏ္ဍကို ယခုထက်ပိုမိုတိုးတက်မြင့်မား ရေးအတွက် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ဆောင်ရွက်သွားစေလိုကြောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာပပက အသစ်တပ်ဆင်သော Cardiac Catheterization Laboratory စက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဝင်ဦးတင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက နှလုံးသွေးကြော ပိုက်ထည့်စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory) စက်အသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Cardiac Catheterization Laboratory စက်အသစ်နှင့် နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ခန်းအတွင်း ကြည့်ရှုလေ့လာကာ ခွဲစိတ်ပြီးလူနာများကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် ဖိတ်ကြားထားသူများ၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တို့မှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဌာနမှူးများ၊ နှလုံးရောဂါအထူး ကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်သူနာပြုများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 273 times Last modified on Tuesday, 09 October 2018 13:17