SJ WorldNews - шаблон joomla Авто

မည်သည့်မြွေဆိပ်ကိုမဆို ဖြေနိုင်သော မြွေဆိပ်ဖြေဆေးတစ်မျိုး ပြည်တွင်း၌ ထုတ်လုပ်ထား

Wednesday, 17 October 2018 11:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၆

မည်သည့် မြွေဆိပ် အမျိုးအစားဖြစ်စေ အသုံးပြုနိုင်သော မြွေဆိပ်ဖြေဆေးတစ်မျိုးကို  မြန်မာနိုင်ငံ၌  ထုတ်လုပ်ထားပြီး မြွေအမျိုးအစားလိုက် အသုံးပြုနိုင်သော ဖြေဆေးများကိုလည်း ဆက်လက် ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌  ထုတ်လုပ်အသုံးပြုလျက်ရှိသည့် မြွေဆိပ်ဖြေဆေးမှာ မြွေပွေး၊ မြွေဟောက်ဖြေဆေးများသာ အဓိကအသုံးပြုလျက်ရှိပြီး နောက်ပိုင်းတွင် ပင်လယ်ကမ်းခြေရှိ ကျောက်ဆောင်များ၌ အတွေ့များသည့် ဂျတ်မြွေကိုက် ခံရမှုကိုလည်း   ကုသနိုင်ရေး ဖြေဆေးဖော်ထုတ်ရန် ရှိကြောင်း သိရသည်။

''ဘယ်လိုမြွေအမျိုးအစားပဲ ကိုက်ကိုက် အသုံးပြုလို့ရတဲ့ မြွေဆိပ်ဖြေဆေးကိုလည်း ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြွေကိုက်ခံရမှုအများဆုံး ကတော့  မြွေပွေးနဲ့ မြွေဟောက်ပေါ့။  နောက်ထပ်ဂျတ်မြွေရဲ့ အဆိပ်ဖြေဆေး ကိုလည်း ထုတ်လုပ်ဖို့  အစီအစဉ်ရှိပါတယ် ''ဟု ဦးကိုကိုအောင် ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌  ထုတ်လုပ်လျက်ရှိသော မြွေဆိပ်ဖြေဆေးအရည်တစ်လုံး၏ ဈေးနှုန်းမှာ ငွေကျပ် ၃၈ဝဝဝ ရှိပြီး အေးခဲခြောက် မြွေဆိပ်ဖြေဆေးမှာ တစ်လုံးလျှင် ငွေကျပ် ၄၈ဝဝဝ ရှိကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ BPI  မြွေဆိပ်ဖြေဆေးစက်ရုံမှ ထုတ်လုပ်သည့်  မြွေဆိပ်ဖြေဆေးများကို ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ ဝယ်ယူကာ ပြည်တွင်းရှိ မြို့နယ်နှင့် ကျေးလက်ဆေးပေးခန်းများသို့ အခမဲ့ပြန်လည် ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။ 

 

Read 447 times Last modified on Wednesday, 17 October 2018 11:00