SJ WorldNews - шаблон joomla Авто

ယူနန်ပြည်နယ်မှ ဆရာဝန်များနှင့် ဝိသာခါ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မျက်စိအတွင်းတိမ် လူနာ ၂ဝဝ ဦးကို အခမဲ့ ခွဲစိတ်ကုသ

Friday, 26 October 2018 09:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ မျက်စိအတွင်းတိမ် ကုသရေးအဖွဲ့နှင့် ဝိသာခါဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  အလင်းရောင်ခရီးစဉ် လှုပ်ရှားမှုအဖြစ် မျက်စိ အတွင်းတိမ်လူနာ၂ဝဝ ဦးကို   အခမဲ့ခွဲစိတ်ပေးမည့် စက္ခုအလင်းဒါနပြု အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ    သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံကြီး၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ   ဒေါက်တာအက်စ်ကျော်လှနှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး၏ ဇနီး Ms.Wang Xue Hong တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။  ဆက်လက်၍   ဝိသာခါ ဖောင်ဒေးရှင်း၏ ဦးဆောင်နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က   ပူးပေါင်းပါဝင် လုပ်ဆောင်မှုကိုလည်းကောင်း၊    တရုတ် ပြည်သူ့သမ္မတနိုင်ငံ   ယူနန်လူမှုရေး အဖွဲ့အစည်း    နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်းမှ အထွေထွေ အတွင်းရေးမှူးနှင့် ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် Mr.Peng Shao Yun (Deputy Secretary General of  Yunnan Provincial People’s  Association for Friendship with  Foreign  Countries) က   မျက်စိအခမဲ့ ခွဲစိတ်ကုသရခြင်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

''သီတဂူဆရာတော်ကြီးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ သီတဂူမျက်စိဆေး ရုံတွေဖွင့်လှစ်ပြီးတော့   စက္ခုအလင်းဒါန ပြုလုပ်ပေးနေပါတယ်။ အခုဆိုရင် မျက်စိဆေးရုံ ၃၃ရုံ ဖွင့်လှစ်ပေးထားပြီးဖြစ်ပါတယ်။ 

ဒါပေမဲ့  လစဉ်ကုသပေးနိုင်တဲ့ ဆေးရုံတွေကတော့  စစ်ကိုင်းနဲ့  ရန်ကုန်မှာပဲရှိတယ်။ ၂ဝ၁၁ ခုနှစ်ကစပြီး လစဉ်ပုံမှန် တစ်လကို မျက်စိဝေဒနာရှင်  ၁၃ဝ  လောက် ခွဲစိတ် ကုသပေးလာတာ   အခုဆိုရင်   (၉၅) ကြိမ်မြောက်ရှိခဲ့ပြီး ဝေဒနာရှင် ၁၁၈ဝဝ ကျော်ကိုလည်း စက္ခုအလင်းဖွင့် ပေးခဲ့ပါပြီ။ ဒီအလင်းရောင် ခရီးစဉ်လှုပ်ရှားမှုနဲ့ဆို (၉၆) ကြိမ်မြောက် ရှိပါပြီ။ ယူနန်ပြည်နယ်က မျက်စိအတွင်းတိမ် ကုသရေးအဖွဲ့နဲ့ ဝိသာခါဖောင်ဒေးရှင်းတို့က လုပ်အားနဲ့တင်မကဘူးလိုအပ်တဲ့ပစ္စည်းတွေရော  ဆေးရုံအတွက် လိုအပ်တာတွေ အသုံးပြုနိုင်ဖို့ပါ ငွေကြေးကအစ လှူဒါန်းပေးတဲ့အတွက်   အတိုင်းမသိ ဝမ်းမြောက်သာဓု ခေါ်ပါတယ်'' ဟု  သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံမှ  ဦးဆောင်ဆရာတော် အရှင် ခေမာသီရိလင်္ကာရက မိန့်တော်မူသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လူမှုအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဖလှယ်ရေး  တိုးမြှင့်ရေးအသင်းနှင့် နိုင်ငံတကာကူးလူး ဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်းတို့က    မျက်စိအတွင်းတိမ် ဝေဒနာရှင်   ၂ဝဝ ဦးကို  ခွဲစိတ်ကုသရာတွင် လိုအပ်သည့်ဆေးဝါး ပစ္စည်းများအတွက် ငွေကျပ် သိန်း ၄၅ဝ လှူဒါန်းခြင်းနှင့် သီတဂူ ရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံနှင့်  လူနာများကို ထောက်ပံ့ငွေ ငွေကျပ် သိန်း ၈ဝ စုစုပေါင်း လှူဒါန်းငွေ ငွေကျပ် သိန်း ၅၃ဝ ကို ပေးအပ် လှူဒါန်းရာ ဆရာတော် အရှင်ခေမာသီရိလင်္ကာရက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ်မှ   မျက်စိအတွင်းတိမ် ကုသရေးအဖွဲ့သည် ခွဲစိတ်ကိရိယာများ၊  ခွဲစိတ်ရာတွင် အသုံးပြုမည့် စက်ပစ္စည်းများနှင့် ဆေးဝါးများ သာမက လူနာများ၏ ခရီးစရိတ်၊ စားဝတ်နေရေးမှအစ   အကုန်အကျခံကာ  ခွဲစိတ် ကုသပေးခြင်း ဖြစ်ကြောင်း  ဒေါက်တာ ဝင်းမင်းသစ် ကပြောသည်။

Read 133 times Last modified on Friday, 26 October 2018 09:50