SJ WorldNews - шаблон joomla Авто

အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် ဆောင်ရွက်လျက်ရှိ

Friday, 09 November 2018 09:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ 

အာဖရိကဝက် အပြင်းဖျားရောဂါ(African Swine Fever - ASF)ပိုး မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရေး မူဆယ်နယ်စပ်ဂိတ်စခန်းများ၌  ဝက်နှင့်ဝက်ထွက်ပစ္စည်း တရားမဝင် ဝင်ရောက်မှုများ တားဆီးပိတ်ပင် ကန့်သတ်သည့် သတိပေး ဗွီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် ရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

အဆိုပါရောဂါနှင့် ပတ်သက်၍  မြန်မာနိုင်ငံသို့  ကူးစက်ပြန့်ပွားခြင်း မဖြစ်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။

''အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လားရှိုးနှင့် မူဆယ်ခရိုင်အတွင်း ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တရားမဝင် ဝင်ရောက်ခြင်းကို ပိတ်ပင်တားဆီးနိုင်ရန် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ မူဆယ်နယ်စပ်ဂိတ် စခန်းများတွင် ဝက်နှင့်ဝက်ထွက်ပစ္စည်း တရားမဝင်  ဝင်ရောက်မှုများ   တားဆီးပိတ်ပင်ကန့်သတ်သည့် သတိပေးဗွီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် ရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ရောဂါနှင့်ပတ်သက်၍ အသိပညာ အတွေ့အကြုံများ မျှဝေနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ပူးပေါင်းကာ   အာဖရိကဝက် အပြင်းဖျားရောဂါဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါတယ်''ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်    ဒေါက်တာခင်ဇော် ကပြောသည်။

အာဖရိကဝက် အပြင်းဖျားရောဂါသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော  တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ်အပါအဝင်  ပြည်နယ်အချို့တွင် ဖြစ်ပွားနေကြောင်း သိရသည်။

''အာဖရိကဝက်အပြင်းဖျား ရောဂါသည် DNAအမျိုးအစား ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရောဂါပိုးသယ်ဆောင်သော ကြားခံလက်ခံကောင်ဖြစ်သည့်  မွှားတွယ်ခြင်း၊ ကိုက်ခြင်းအပြင်  ရောဂါပိုး ကူးစက်ခံထားရသော ဝက်၏အသားနှင့် ဝက်ထွက်ပစ္စည်းများမှတစ်ဆင့်  ကူးစက်ပြန့်ပွားနိုင်ပြီး အိမ်မွေးဝက်များနှင့်   တောဝက်များတွင် အသက်အရွယ်မရွေး   ဖြစ်ပွားနိုင်ပါတယ်။

လူများတွင်ရောဂါ ကူးစက်နိုင်ခြင်း  လုံးဝမရှိပါ။ အဆိုပါရောဂါပိုးက ကူးစက်မှုနှုန်းမြင့်မားပြီး ကာကွယ်ဆေးနဲ့ ကုသဆေးများ မရှိခြင်းတို့ကြောင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE))မှ အရေးကြီးရောဂါအဖြစ် သတ်မှတ်၍ ဖြစ်ပွားလာပါက သုတ်သင်ရှင်းလင်းမှု ပြုရန်သာ  မှတ်ချက်ပြုထားပါတယ်''  ဟုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ    အမြဲတမ်းအတွင်းဝန်က ဆက်လက်ပြောသည်။

အာဖရိကဝက်အပြင်းဖျား ရောဂါဗိုင်းရပ်ပိုးသည် ရောဂါဖြစ်သည့်ဝက်၏ အသားနှင့် ဝက်ထွက်ပစ္စည်းများ၊ ဝက်အူချောင်း၊ အေးခဲဝက်သားနှင့်  ဆားနယ်ဝက်သားများတွင် ကြာရှည်စွာ အသက်ရှင်နေထိုင်နိုင်ပြီး ကူးစက်ပျံ့နှံ့နိုင်သည့် အတွက်  ကြိုတင်တားဆီး ကာကွယ်ရေး လုပ်ငန်းများကို ချမှတ်ဆောင်ရွက်သွားရန်နှင့် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်သွားရန် လိုအပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Read 33 times Last modified on Friday, 09 November 2018 09:04