SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ မြို့နယ် ကျန်းမာရေး ဆေးခန်းများ၌ ခွေးရူးပြန် ကာကွယ်ဆေး ပြတ်လပ်မှုရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ လာရောက် ထိုးနှံနိုင်

Wednesday, 28 November 2018 12:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ  ၂၇

ရန်ကုန်မြို့တွင်းမြို့နယ်များရှိ ကျန်းမာရေး ဆေးပေးခန်းများ၌ ခွေးရူးပြန် ကာကွယ်ဆေး ပြတ်လပ်မှုရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌   လာရောက်ထိုးနှံနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ  သိရ သည်။

ယခုကာလသည်    ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု ရှိလာနိုင်ကြောင်း၊   ယင်းအတွက် ကာကွယ်ဆေး   ထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းများလည်း ဆောင်ရွက် လျက်ရှိသည်။  သက်ဆိုင်ရာမြို့နယ်များရှိ ဆေးခန်းများ၌ ခွေးရူးပြန်ရောဂါ ကာကွယ် ဆေးပြတ်လပ်မှုရှိပါက    ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ထိုးနှံနိုင်ရန် စီစဉ် ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဆေးပေးခန်း၏ ထောက်ခံချက် သို့မဟုတ် သက်ဆိုင်ရာတာဝန်ခံ၏ ထောက်ခံချက်ပါရှိမှသာ  လာရောက်ထိုးနှံနိုင်မည်ဖြစ်သည်။ အစိုးရရုံးပိတ်ရက် အပါအဝင် နေ့စဉ်မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအတွင်း ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို  ပထမတစ်ကြိမ်သာ  ထိုးနှံပေးမည်ဖြစ်ပြီး    ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့အား နီးစပ်ရာ မြို့နယ်ဆေးရုံနှင့်  ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဆေးခန်းများ၌ ထိုးနှံရမည်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်အတွင်းက ခွေးကိုက်ခံရသည့် လူနာ ၁၆၂၇၄ ဦးကို  ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး  ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လမှ   ဇူလိုင်လအထိ   ခွေးကိုက်ခံရသည့် လူနာပေါင်း ၆ဝဝဝ ခန့်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ခွေးရူးပြန်ရောဂါဖြင့် တက်ရောက်ကုသသူ ၁၈ ဦးအနက် သြဂုတ်လအထိ သေဆုံးသူ ခြောက်ဦးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ခွေးရူးပြန်ရောဂါနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများနှင့် မြို့နယ်၊ ရပ်ကွက်များ၌ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည်    မြန်မာနိုင်ငံအတွင်း အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ခွေး၊ ကြောင် စသည့် တိရစ္ဆာန်များ ကိုက်ခံရပါက အကိုက်ခံရသည့်နေရာမှ နာကျင်ခြင်း၊ ယားယံခြင်း၊  လေနှင့်ရေကိုကြောက်ခြင်း၊ ရေနှင့်အစာမျိုရ ခက်ခဲခြင်း၊ သွားရည်ကျခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊  တက်ခြင်းနှင့် အသက်ဆုံးရှုံးခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ယင်းအတွက် ပြည်သူများအနေဖြင့်  ခွေး၊ ကြောင်  စသည့် တိရစ္ဆာန်များ ကိုက်ခံရပါက   ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း သိရသည်။                             

Read 289 times Last modified on Wednesday, 28 November 2018 12:51