SJ WorldNews - шаблон joomla Авто

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသည့် ဆီးချိုသွေးချိုလူနာများအနက် ၂ဝ ရာခိုင်နှုန်းမှာ မျက်စိမြင်လွှာထိခိုက်ပျက်စီးနေ

Thursday, 29 November 2018 12:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၂၈

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုသရေးဌာနသို့ လာရောက် ပြသသည့် ဆီးချိုသွေးချိုဝေဒနာရှင်များအနက် ၂ဝ ရာခိုင်နှုန်းမှာ မျက်စိမြင်လွှာထိခိုက် ပျက်စီးနေပြီး ၈ ရာခိုင်နှုန်းကိုရန်ကုန်မျက်စိဆေးရုံကြီးသို့ ကုသရန်လွှဲပြောင်းပေးထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုသရေးဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာခင်စောသန်းထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန၌ဆီးချိုရောဂါနှင့်ပတ်သက်၍ကုသပေးလျက်ရှိရာဆီးချိုရောဂါကြောင့်မျက်စိကွယ်ခြင်းများလည်းရှိသည့်အတွက်လာရောက်ပြသသောဆီးချိုသွေးချိုလူနာသုံးထောင်ကျော်ထဲမှ နှစ်ထောင်ကျော်ကိုမြင်လွှာစစ်ဆေးမှုများ ဆောင်ရွက်ထား ပြီးဖြစ်သည်။

''ဆီးချိုသွေးချိုရောဂါကြောင့် မျက်စိကွယ် တာလည်းဖြစ်နိုင်တဲ့အတွက် လူနာသုံးထောင်ကျော်မှာ နှစ်ထောင်ကျော်လောက်ကို မျက်စိမြင်လွှာ စစ်ဆေးကြည့်ပြီးပါပြီ။  ဗြိတိန်ကလှူဒါန်းထားတဲ့  မြင်လွှာစစ်ဆေးတဲ့ ကိရိယာရထားတော့ လူနှစ်ထောင်ကျော်စစ်ဆေးပြီးတဲ့အထဲမှာ ၂ဝ ရာခိုင်နှုန်း က မြင်လွှာ ထိခိုက်ပျက်စီးနေ  တာတွေ့ရတယ်။ အဲဒီထဲက ၈ ရာခိုင်နှုန်းကို ရန်ကုန်မျက်စိဆေးရုံကြီးဆီချက်ချင်းကုသဖို့ လွှဲပြောင်းပေးထားတာရှိတယ်'' ဟု ပါမောက္ခ ဒေါက်တာခင်စောသန်းကပြောသည်။

မြန်မာတစ်နိုင်ငံလုံး၌ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှုန်းမှာ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းရှိသည့်အတွက် လူဦးရေ နှစ်သန်းခန့်သည်ရောဂါဖြစ်ပွားနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ၁၈ ရာခိုင်နှုန်းအထိရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်နှိုင်းယှဉ်ပါက အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဆီးချိုသွေးချိုရောဂါသည် မဖြစ်ပွားမီကကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင် စားသောက်မှုပုံစံဖြစ်စေရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားကိုလည်း နေ့စဉ်ပြုလုပ်ပြီး နာတာရှည်ရောဂါများနှင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။

Read 304 times Last modified on Thursday, 29 November 2018 13:32