SJ WorldNews - шаблон joomla Авто

ကရင်ပြည်နယ်၌ HIV ပိုးတွေ့ရှိနှုန်းသည် သုည ဒသမ ၄ ရာခိုင်နှုန်းသာ ရှိဟု ၂ဝ၁၇ ခုနှစ် စစ်တမ်းများအရ သိရ

Wednesday, 05 December 2018 12:00 font size decrease font size decrease font size increase font size increase font size

ဘားအံ ဒီဇင်ဘာ ၎

ကရင်ပြည်နယ် တစ်ခုလုံးတွင် ARTဆေးသောက်နေသူ ၁၈ဝဝ ဦးခန့်ရှိပြီး ၂ဝ၁၇ ခုနှစ်တွင် ရရှိထားသည့် စစ်တမ်းများအရ ပြည်နယ်တစ်ခုလုံးတွင် HIV ပိုး တွေ့ရှိနှုန်းသည် သုည ဒသမ ၄ ရာခိုင်နှုန်းသာရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့်  HIV  ပိုးရှိ၊ မရှိ မိမိကစသွေးစစ်ကြည့် “ Know Your Status ”ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက  အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးက ဖတ်ကြားပြီး  ပြည်နယ်ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနအဖွဲ့ခေါင်းဆောင်က ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ပြီး ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့်   IOM ၊UNICEF ပြည်ကြီးခင် အစရှိသည့် NGOအဖွဲ့များမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

''လူထုကနေတစ်ဆင့် ပညာပေးတယ်။ လှုံ့ဆော်တယ်။ ဆေးရုံတွေမှာ လာရောက်သွေး လှူဒါန်းသူတွေကို HIV   ပိုးရှိ၊မရှိ စစ်ဆေးပေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ဗိုက်လာအပ်ပြီဆိုတာနဲ့ သူ့ရဲ့အမျိုးသားနဲ့အတူ HIV ပိုး ရှိ၊ မရှိ သွေးစစ်ပေးတယ်။

ရပ်ကွက်/ကျေးရွာတွေကို ပညာပေး ကွင်းဆင်းဆောင်ရွက်ပြီး  သွေးစစ်ဆေးပေးပါတယ်။ ဆေးရုံတွေမှာ  လာရောက်ဆေးကုသတဲ့ လူနာတွေကို  သွေးစစ်ပေးပြီးတော့လည်း HIV ပိုး ရှိ၊ မရှိကို ရှာဖွေပြီးတော့ ဆေးကုသမှုများကို  ဆောင်ရွက်ပေးနေပါတယ်'' ဟု  ပြည်နယ်ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန  အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်ပြေငြိမ်းက ပြောသည်။

ကရင်ပြည်နယ်အတွင်း HIV ကာကွယ်တားဆီးရေး လုပ်ငန်းများကို ကျန်းမာရေး ဦးစီးဌာနနှင့်အတူ  IOM ၊   UNICEF  ပြည်ကြီးခင် အစရှိသည့် NGO အဖွဲ့များနှင့်   ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ပြည်နယ်အတွင်း HIV/ AIDS ဖြစ်နှုန်း အမြင့်ဆုံးမြို့နယ်သည်  မြဝတီမြို့နယ် ဖြစ်ပြီး ဘားအံမြို့နယ်က ဒုတိယနေရာတွင် ရှိကြောင်း၊နယ်စပ်မြို့ဖြစ်သောမြဝတီမြို့နယ်အတွင်း နေထိုင်သူအချို့သည် တစ်ဖက်နိုင်ငံသို့ ရွှေ့ပြောင်း လုပ်ကိုင်ကြသူများ ဖြစ်ရာ  ထိုသူများတွင်  ရောဂါတွေ့ရှိနှုန်း များကြောင်း သိရသည်။

Read 262 times Last modified on Wednesday, 05 December 2018 12:03