အင်္ဂပူ ဒီဇင်ဘာ ၁ဝ
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်မြောက် ကျေးရွာအုပ်စု အောင်တေဇလမ်း မြတ်ဓမ္မရောင်ခြည် သာသနာ့ဗိမာန်၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါ လူနာသစ် ကွင်းဆင်းရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် တီဘီရောဂါ တိုက်ဖျက်ရေး ဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က တီဘီရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ တီဘီရောဂါ လက္ခဏာများ၊ လူနာသစ်ကွင်းဆင်း ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် ကာကွယ်ပုံများကို အသေးစိတ် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်လာသည့် ဒေသခံအမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၇၂ ဦး စုစုပေါင်း ၁၃ဝ ဦးအား ဟင်္သာတခရိုင် တီဘီရောဂါ တိုက်ဖျက်ရေး ဦးစီးဌာန ဒုတိယခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဦးစီးသော ကျန်းမာရေး ဝန်ထမ်းများက တီဘီရောဂါနှင့် ပတ်သက်၍ အခမဲ့စမ်းသပ် ကုသခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။