SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ရှိ မြို့နယ်တချို့၌ ရောင်းချနေသော မြေပဲအစိမ်းနှင့် မြေပဲလှော်များတွင် မှိုဆိပ်ပါဝင်မှု မြင့်မားနေ

Wednesday, 09 January 2019 11:13 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  

ရန်ကုန်မြို့ရှိ မြို့နယ်တချို့၌ ရောင်းချနေသော မြေပဲအစိမ်းနှင့် မြေပဲလှော်များကို သုတေသနပြုလေ့လာရာ Aflatoxin B1 မှိုဆိပ်ပါဝင်မှု မြင့်မားနေသည်ကို  တွေ့ရှိရကြောင်း သုတေသီ ဒေါက်တာ ခင်သန္တာမျိုးညွန့် ထံမှ သိရသည်။

''သုတေသနရဲ့ကျင့်ဝတ်အရတော့ ဘယ်မြို့နယ်က ဘယ်ဈေးတွေ၊ ဘယ်နေရာတွေကနေ ဝယ်ယူစုဆောင်းတယ် ဆိုတာမျိုးတော့ ပြောလို့မရပါဘူး။ နမူနာယူ စစ်ဆေးလေ့လာတဲ့အခါ Aflatoxin B1 ပါဝင်မှုက မြေပဲအစိမ်းမှာ ၈၆ ရာခိုင်နှုန်းနဲ့  မြေပဲလှော်မှာ ၉၈ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။ ပညာပေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်''ဟု ဒေါက်တာခင်သန္တာမျိုးညွန့် ကပြောသည်။

ယင်းမြို့နယ်များအတွင်း  ရောင်းချနေသော မြေပဲအစိမ်းနမူနာ ၁ဝဝ၊ မြေပဲလှော် နမူနာ ၁ဝဝ တို့ကို ကျပန်းနည်းဖြင့် ဝယ်ယူစုဆောင်းကာ  Aflatoxin B1 ပါဝင်မှုကို ELISA နည်းပညာဖြင့် အသုံးပြု စစ်ဆေးခဲ့ခြင်းဖြစ်သည်။

''သဘာဝအလျောက် ထွက်ရှိတတ်တဲ့ Aflatoxin အမျိုးအစားတွေ အနက် Aflatoxin B1 က အဆိပ်သင့်နိုင်စွမ်းနဲ့ ကင်ဆာဖြစ်နိုင်စွမ်း အမြင့်မားဆုံးဖြစ်သလို အစိုးရိမ်ရဆုံး Aflatoxinအမျိုးအစားအဖြစ် မှတ်တမ်း တင်ထားတာဖြစ်ပါတယ်''ဟု ဒေါက်တာ ခင်သန္တာမျိုးညွန့် ကပြောသည်။

မြေပဲအစိမ်းများနှင့် မြေပဲလှော်များကို   လေ့လာသုတေသနပြုရာ၌   မြေပဲအစိမ်းများတွင် သုည ဒသမ ၄၉ မှ ၈၅ ဒသမ ၄၅ နာနိုဂရမ်/ဂရမ်အဖြစ် လည်းကောင်း၊ မြေပဲလှော်များတွင် သုည ဒသမ ၄၃ မှ ၇၅ ဒသမ ဝ၄ နာနိုဂရမ်/ ဂရမ်အဖြစ် လည်းကောင်း Aflatoxin B1 ပါဝင်မှုကိုတွေ့ရှိရသည်။

ထို Aflatoxin B1 ပါဝင်မှုသည် ဥရောပသမဂ္ဂမှ သတ်မှတ်ထားသည့်   စားသုံးရန် သင့်လျော်သော   အမြင့်ဆုံး ပမာဏဖြစ်သည့် မြေပဲအစိမ်းတွင်  ၈ နာနိုဂရမ်/ ဂရမ်ကို ၁၂ ရာခိုင်နှုန်းခန့်  ကျော်လွန်နေသကဲ့သို့ မြေပဲလှော်များတွင် ၂ နာနိုဂရမ်/ ဂရမ်ကို ၅၄ ရာခိုင်နှုန်းခန့် ကျော်လွန်နေသည်ကို တွေ့ရှိရပြီး မြေပဲအစိမ်းနှင့် မြေပဲလှော်များတွင် Aflatoxin B1 ပါဝင်မှုမြင့်မားနေကြောင်း သိရသည်။

ယခု Aflatoxin B1 ပါဝင်နေမှုသည် ရုတ်ခြည်းအဆိပ်သင့်ခြင်းကို မဖြစ်စေသော်လည်း  တာရှည်စွဲမြဲစွာ စားသုံးသည့်အခါ နာတာရှည်အဆိပ်သင့်ခြင်းကို   ခံစားရနိုင်ကြောင်း၊ ယင်းအတွက် ကင်ဆာရောဂါဖြစ်ပွားမှု အမြင့်မား ဆုံးသော Aflatoxin ဓာတ်ပေါင်းကို ပြည်သူ့ကျန်းမာရေး ထိခိုက်မှုမရှိစေရန် အစားအသောက်များတွင်    တတ်နိုင်သမျှ ပါဝင်မှုနည်းအောင် လုပ်ခြင်းဖြင့်  စီမံဆောင်ရွက်သင့်ကြောင်း၊ သီးနှံများကို စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်၊ ရိတ်သိမ်းပြီးချိန်များတွင် Aflatoxin ထုတ်လုပ်နိုင်မှု ကာကွယ်ရေး ထိန်းသိမ်းနိုင်သော   နည်းလမ်းများကို ကျင့်သုံးခြင်း၊ အစားအသောက် များတွင် Aflatoxin ပါဝင်မှုအခြေအနေပုံမှန်စစ်ဆေးခြင်း၊ Aflatoxin နှင့်ပတ်သက်သည့်  စည်းမျဉ်းများကို ချမှတ်ထိန်းသိမ်းခြင်းတို့   လုပ်ဆောင်သင့်ကြောင်း သိရသည်။

Read 186 times Last modified on Wednesday, 09 January 2019 11:14