SJ WorldNews - шаблон joomla Авто

အောက်ဆီဂျင်ဘူးများ ပေးအပ် လှူဒါန်းပွဲ ကျင်းပ

Tuesday, 15 January 2019 10:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ရွာသစ်အနောက် ကန်ဦးကျောင်းလမ်း ကန်ဦးပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့မွန်းလွဲပိုင်းက ကရုဏာရှင် ပရဟိတသွေးလှူရှင် အသင်း (အင်းစိန်)၏ သုံးနှစ်ပြည့် အခမ်းအနားနှင့် အောက်ဆီဂျင်ဘူးများ လှူဒါန်းပွဲ ကျင်းပသည်။

အခမ်းအနားတွင် ကရုဏာရှင် ပရဟိတ သွေးလှူရှင်အသင်းက အဲယားကွန်းတစ်လုံးကို  မကွေးတိုင်းဒေသကြီး  မင်းဘူး-စကုမြို့နယ်ရှိ မြင့်မြတ်စိတ်ထား ပရဟိတအသင်းသို့ လှူဒါန်းပြီးမကွေးတိုင်းဒေသကြီးမှ ပရဟိတအသင်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ပရဟိတ အသင်းများသို့ အောက်ဆီဂျင် ၁၅  လီတာပါသော အောက်ဆီဂျင်ဘူး ၆ဝ နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းကြသည်။

ထို့နောက် ကရုဏာရှင်ပရဟိတ သွေးလှူရှင် အသင်းဥက္ကဋ္ဌ ဦးစိုးပိုင်က ကရုဏာရှင်ပရဟိတ သွေးလှူရှင်အသင်းတွင်  လူအင်အား ၂ဝဝ ကျော်ရှိပြီး   သွေးလိုအပ်သော လူနာများကို အချိန်နှင့်တစ်ပြေးညီ   သွေးပေးနိုင်ရန်နှင့် သွေးမရှိ၍ လူ့အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအဓိကထား လုပ်ဆောင်နေကြောင်း၊ ၎င်းတို့အသင်းတွင် လူနာတင်ယာဉ် တစ်စီးရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အရေးပေါ် လူနာကိစ္စများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက  မည်သူမဆို  ကူညီပေးမည်ဖြစ်ကြောင်း၊ အသင်းမှ တနင်္လာနေ့တိုင်း အင်းစိန်ဆေးရုံရှိလူနာများအား ဆန်ပြုတ်တိုက်ခြင်း၊ မုန့်နှင့် အအေးဝေခြင်းများ ဆောင်ရွက်လေ့ရှိကြောင်း၊ယနေ့တွင်   အလှူရှင်တစ်ဦးက ကားတစ်စီး လှူဒါန်းခဲ့ကြောင်း   ပြောကြားသည်။

ကရုဏာရှင်ပရဟိတ သွေးလှူရှင် အသင်း၏ သုံးနှစ်ပြည့်အခမ်းအနားနှင့် အောက်ဆီဂျင်ဘူးများ လှူဒါန်းပွဲသို့ မကွေးတိုင်း ဒေသကြီးမှ ပရဟိတအသင်းများ၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်  စစ်ကိုင်းတိုင်းဒေသကြီးတို့မှ  ပရဟိတ အသင်းများ လူအင်အား ၅ဝဝ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။ 

Read 194 times Last modified on Tuesday, 15 January 2019 10:25