မော်လမြိုင် ဇန်နဝါရီ ၁၆
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန မော်လမြိုင်မြို့ ပန်းပဲတန်း ရပ်ကွက် သားဖွားသင်တန်းကျောင်း၏ ပဉ္စမအကြိမ် ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ သူနာပြု သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်းက ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနနှင့် Jhpiegoတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံရှိ သားဖွားဆရာမများ ပညာရေးနှင့် ဘဝတက် လမ်းမြင့်မားရေး အတွက် သင်ရိုးညွှန်းတမ်းများ သင်ကြားပုံနည်းစနစ်များကို ပြုပြင်ပြောင်းလဲ ရေးဆွဲပြီးသင်ကြားလျက်ရှိရာ Midwifery Diploma Course သားဖွားဒီပလိုမာ အဆင့်မှ သားဖွား B.M.Sc ဘွဲ့ပေးနိုင်သည်အထိ စီစဉ်ဆောင်ရွက်လျက်ရှိသောကြောင့် ယနေ့ ဘက်စုံသားဖွား ဒီပလိုမာ အပ်နှင်းခြင်းခံရသည့် သားဖွားဆရာမများကလည်း Personal Development မှ Professional Development သို့ ဆက်လက်၍ အစွမ်းကုန်ကြိုးစား လေ့ကျင့်သွားကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် သားဖွား သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းသူများအား ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းသည်။
မော်လမြိုင်သားဖွား သင်တန်းကျောင်းသည် နှစ်နှစ်တာ တက်ရောက်ရမည်ဖြစ်ပြီး ယခုပဉ္စမအကြိမ် ဘက်စုံသားဖွား ဒီပလိုမာ အပ်နှင်းပွဲတွင် ၅၇ ဦးကို ဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။