SJ WorldNews - шаблон joomla Авто

မျက်စိအထူးကု ဆေးရုံကြီး(ရန်ကုန်)သို့ အတွင်းတိမ် ရောဂါကြောင့် လာရောက်ပြသသူ အများဆုံးဖြစ်

Sunday, 20 January 2019 15:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၁၉

မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်)သို့ လာရောက်ကုသသည့် လူနာများတွင် အတွင်း တိမ်ရောဂါကြောင့် လာရောက်ပြသသူ အများဆုံးဖြစ်ပြီး တစ်လလျှင် အတွင်းတိမ် လူနာ ၈ဝဝ ကျော်အထိ ခွဲစိတ်ကုသပေးနေရကြောင်း မျက်စိအထူးကု ဆေးရုံကြီး(ရန်ကုန်) ၏ ဆေးရုံအုပ်ကြီး ဒေါ်သက်သက်စိန် ထံမှ သိရသည်။

''ကျွန်မတို့ဆီမှာ အများဆုံးကုသပေးရတာက   အတွင်းတိမ်ရောဂါဖြစ်ပါတယ်။ တစ်လကို အတွင်းတိမ်လူနာ ၈ဝဝ နဲ့ ၈၅ဝ ကြား ခွဲစိတ်ပေးရပါတယ်။ ပြင်ပမှာသွားပြီး ကြည့်ရှုပေးရတာ မပါသေးပါဘူး။ ၆ဝ ရာခိုင် နှုန်းလောက်က ကုန်ကျစရိတ် လုံးဝမရှိဘဲနဲ့ ကုသပေးခြင်းဖြစ်ပါတယ်။  တချို့ကတော့ မှန်ဘီလူး ဝယ်ပေးရတာရှိပါတယ်။လမ်းစရိတ်၊  ကျွေးမွေးတာ  အားလုံးအစအဆုံး တာဝန်ယူရတဲ့ လူနာမျိုးတွေလည်း တစ်နေ့ကို ၃ဝ နီးပါးရှိပါတယ်''ဟု ဒေါ်သက်သက်စိန် ကပြောသည်။

မျက်စိအတွင်းတိမ်ရောဂါသည် အသက်ကြီးလာလျှင် ဖြစ်တတ်သော်လည်း တချို့သည်  မျက်လုံးအတွင်းသား ရောင်ရမ်းမှုကြောင့် လည်းကောင်း၊မျက်စိကိုခိုက်မိခြင်း ကြောင့် လည်းကောင်းဖြစ်တတ်သည်။

ထို့ပြင် ကြည့်နေကျမြင်ကွင်း ဝေဝါးနေ ခြင်း၊ မြင်ကွင်းကြည်လင်ပြတ်သားမှု မရှိခြင်းသည် အတွင်းတိမ် လက္ခဏာဖြစ်ပြီး အတွင်းတိမ်ကြောင့် မျက်စိကိုက်ခြင်း၊ နာကျင်ခြင်း တို့မဖြစ်ဘဲ    အမြင်မကြည်လင်ခြင်းသာ ဖြစ်တတ်သည်။

''တစ်နိုင်ငံလုံးမှာ  မျက်စိကုဌာနပေါင်း ၇၂ ခုရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဆေးရုံကြီးတွေမှာလည်းရှိပါတယ်။ နောက် မျက်ခမ်းစပ်ရောဂါ ကုသရေးဌာန အနေနဲ့လည်း သီးသန့်ရှိပါတယ်။တချို့မျက်စိအထူးကု ဆေးရုံအနေနဲ့လည်း သီးသန့်ရှိပါတယ်။  အများဆုံးလာပြတဲ့သူတွေကတော့ ရန်ကုန်တိုင်း ဒေသကြီးကဖြစ်ပါတယ်။ နီးစပ်ရာ ဒေသတွေကလည်း  လာပါတယ်။ နောက်  တခြားဒေသတွေက မြန်မာနိုင်ငံ အထက်ပိုင်းက လွှဲတဲ့လူနာရှိရင်လည်း လာပါတယ်'' ဟု ဒေါ်သက်သက်စိန် ကပြောသည်။

မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်)၌ တစ်နေ့လျှင် ပြင်ပလူနာ ၄ဝဝ မှ ၅ဝဝ ကြား၊ အတွင်းလူနာ အနေဖြင့်  ၉ဝ မှ ၁၂ဝ ကြား   လာရောက်ကုသလျက်ရှိရာ မျက်စိအတွင်း တိမ်ရောဂါကြောင့် အများဆုံး လာရောက် ကုသကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၌မျက်စိနှင့်ပတ်သက်၍ ကုသပေးနေသည့်ပြည်သူ့ဆေးရုံကြီး  နှစ်ရုံရှိပြီး အောက်မြန်မာပြည်၌ မျက်စိအထူးကု ဆေးရုံကြီး(ရန်ကုန်)နှင့် အထက်မြန်မာပြည်၌ မျက်စိအထူးကု ဆေးရုံကြီး(မန္တလေး)တို့ဖြစ်ပြီး ယင်းဆေးရုံကြီး တို့၌ လာရောက် ပြသသည့်လူနာများကို     စိုက်ထုတ်ငွေ အနည်းဆုံးနှင့်   ကုသပေးလျက် ရှိကြောင်း သိရသည်။

Read 212 times Last modified on Sunday, 20 January 2019 15:55