SJ WorldNews - шаблон joomla Авто

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်လျက်ရှိ

Thursday, 24 January 2019 10:01 font size decrease font size decrease font size increase font size increase font size

ကန့်ဘလူ  ဇန်နဝါရီ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့မှစတင်၍ ဆင်ခြေထောက် ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်း လုပ်ငန်းကို  ဆောင်ရွက်လျက် ရှိကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန ခုတင်-၁ဝဝ ဆေးရုံအုပ် ဒေါက်တာနေမိုး ထံမှ သိရသည်။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို မြို့နယ်အလိုက် စီမံချက်ရေးဆွဲပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ငှက်ဖျားတိုက်ဖျက်ရေး ဌာန၊ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာများရှိ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆင်ခြေထောက်ဆေး တိုက်ကျွေးရာတွင် အသက်နှစ်နှစ်မှ ငါးနှစ်အထိ ကလေးငယ်များကို Albendazole   ၄ဝဝ မီလီဂရမ်ဆေးပြားတစ်ပြား၊ DEC ဆေးပြား ၁ဝဝ မီလီဂရမ်တစ်ပြား၊  အသက်ခြောက်နှစ်မှ ၁၄ နှစ်အထိ  လူငယ်များကို Albendazole ဆေးပြား ၄ဝဝ မီလီဂရမ်တစ်ပြား၊ DEC ဆေးပြား ၁ဝဝ မီလီဂရမ်နှစ်ပြား၊ အသက် ၁၅ နှစ်အထက်ကို Albendazole ဆေးပြား ၄ဝဝ မီလီဂရမ်တစ်ပြား၊ DEC ဆေးပြားသုံးပြား တိုက်ကျွေးမည်ဖြစ်သည်။

ဆင်ခြေထောက်ရောဂါသည် သွေးကြောထဲတွင်နေသော သန်ကောင်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး ရောဂါပိုးရှိသော ကျူးလက်စ်ခြင်ကိုက်ခြင်းမှ တစ်ဆင့် အခြားသူများကို ရောဂါ ကူးစက်စေသည်။

ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု ၉၆ အုပ်စု ကျေးရွာပေါင်း ၃ဝဝ နီးပါးရှိပြီး တစ်မြို့နယ်လုံးလူဦးရေ သုံးသိန်းကျော်အား ရည်မှန်းဦးရေ ပြည့်မီအောင် ဆေးတိုက် အဖွဲ့ပေါင်း ၁၅၄ ဖွဲ့ဖြင့် ဇန်နဝါရီ  ၃၁ ရက်အထိ  တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read 161 times Last modified on Thursday, 24 January 2019 10:02