SJ WorldNews - шаблон joomla Авто

ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားနေ

Friday, 15 March 2019 09:59 font size decrease font size decrease font size increase font size increase font size

ရေဖြူ မတ် ၁၄

တနသာင်္ရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသနှင့်  အနီး ပတ်ဝန်းကျင် အချို့တွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိရာ   မတ်လ ပထမပတ်မှစ၍ ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ နှိမ်နင်းရေးအဖွဲ့က နဘုလယ်ဒေသ ဘဝါကမ်းခြေရွာသို့အရောက် ကွင်းဆင်း၍ ဆေးကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူနာငါးဦး၏ သွေးနမူနာကိုယူ၍ အမျိုးသား ဓာတ်ခွဲခန်း (ရန်ကုန်)သို့ မတ် ၆ ရက်တွင်  ပေးပို့ခဲ့ရာ ဆင်တုပ်ကွေးရှိသည်ဟု အတည်ပြုချက် ရယူနိုင်ခဲ့သည်။

''နဘုလယ်ဒေသကို သွားပြီးအပြန်မှာ ဖခင်ဖြစ်သူက စတင်ဖျားပြီး  တစ်အိမ်လုံး မိသားစုဝင် ငါးဦးစလုံး ဖျားတော့တာပဲ'' ဟု ရေဖြူမြို့(ခ)ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ နဘုလယ်ဒေသရှိ လဲရှောင် အခြေခံပညာ အထက်တန်းကျောင်း ရေဖြူစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုလျက်ရှိရာ ဆရာမတစ်ဦးနှင့်  ကျောင်းသူလေးဦး  ဆင်တုပ်ကွေးရောဂါ  လက္ခဏာဖြင့်  ဖျားနာလျက် ရှိသဖြင့်  ရေဖြူမြို့နယ် ကျန်းမာရေး ဦးဌာနက   အနီးကပ် ကြီးကြပ်၍   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးရန်  အသိပညာပေးခြင်း၊ ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊  ဆေးစိမ် ခြင်ထောင်များ ဝေငှခြင်းတို့ကို   လုပ်ဆောင်လျက်ရှိသည်။

ဆင်တုပ်ကွေးရောဂါသည် အဖျားရောဂါ တစ်မျိုးဖြစ်ပြီး အဖျားကြီးခြင်း၊ အဆစ်များ နာကျင်ခြင်း၊ အော့အန်ခြင်း၊ မောပန်းခြင်း၊ အနီကွက်ထခြင်း စသည့် လက္ခာများဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော ရောဂါမျိုး ဖြစ်ကြောင်း သိရသည်။

Read 182 times Last modified on Friday, 15 March 2019 10:00