SJ WorldNews - шаблон joomla Авто

သုံးစွဲရန် မသင့်သော အလှကုန် ပစ္စည်းများကို အများပြည်သူမြင်သာသော နေရာများ၌ ဗီနိုင်းဖြင့် ပြသမည်

Friday, 15 March 2019 10:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၁၄

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရောင်းချလျက်ရှိသည့် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူ ထင်သာမြင်သာရှိသော နေရာများ၌ ဗီနိုင်းဖြင့် ပြသထားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (ရန်ကုန်ရုံးခွဲ)မှ ညွှန်ကြားရေးမှူး   ဒေါက်တာမင်းဝန်၏ ပြောပြချက်အရ သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ရေသန့် ထုတ်လုပ်မှုများ၊ အစားအသောက်များ၊ အလှကုန်များနှင့် ဆေးဝါးများကို အများပြည်သူ သုံးစွဲရာတွင်  အန္တရာယ် မဖြစ်စေရေးအတွက်   ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိသည်။  

ယင်းကဲ့သို့  စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ အများပြည်သူ သုံးစွဲရန် မသင့်သော  အလှကုန် အမျိုးအစားပေါင်း  ၁၁၆ ခု အထိရှိနေကြောင်း တွေ့ရှိရသဖြင့် ကြေညာချက် ဗီနိုင်းဖြင့် ဈေးများ၌ကပ်၍ ပြသထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အများပြည်သူသုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်း များတွင်  ပြည်တွင်း ထုတ်ကုန်များသာမက   ပြည်ပထုတ်ကုန် အများစု ပါဝင်နေကြောင်း သိရသည်။

''မြို့နယ်အားလုံးရဲ့ဈေးတွေမှာ တရားဝင် ထုတ်ပြန်ကြေညာပေးဖို့   စီစဉ်နေပါတယ်။   ဒီအလှကုန်ပစ္စည်းတွေက မှတ်ပုံတင်ထားတာ မရှိတဲ့အပြင် ကျန်းမာရေး အတွက်   ဘေးထွက် ဆိုးကျိုးတွေရှိနေတာကိုလည်း တွေ့ရတယ်။  အဓိက ကတော့  အဲဒီအလှကုန ပစ္စည်းတွေမှာ   မာကျူရီ (ပြဒါး)နဲ့ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုတဲ့  ဆိုးဆေးတစ်မျိုးလည်း   ပါဝင်နေတယ်။   နောက်တစ်ခုက   တားမြစ်ထားတဲ့   ဟိုက်ဒရိုကွီနုန်းလည်း ပါဝင်နေပါတယ်။  ဒါကြောင့် အများပြည်သူ သုံးစွဲရင်   အန္တရာယ်ရှိလို့ အခုလို  အသိပေး ထုတ်ပြန်ရတာဖြစ်ပါတယ်။ ဗီနိုင်းကိုလည်း  မြို့နယ်တစ်ခုချင်းစီမှာ လိုက်ကပ်မယ်''ဟု ဒေါက်တာမင်းဝန်ကပြောသည်။

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို သုံးစွဲမိပါက အရေပြားဆိုင်ရာ ရောဂါများအပြင် အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့  စုပ်ယူ၍  ကိုယ်တွင်းအင်္ဂါများ ထိခိုက်စေနိုင်သည်။ရေရှည်အသုံးပြုပါက  အရေပြား ကင်ဆာဖြစ်ပွားနိုင်ကြောင်း၊ အလားတူ မာကျူရီ (ပြဒါး) ကြောင့်လည်း အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ၊  အနီကွက်များဖြစ်ခြင်း၊ အရေပြားမှ တစ်ဆင့်  ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊  ကြွက်သားများ တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါများ အပြင်  ရေရှည် အသုံးပြုပါက ကျောက်ကပ် ပျက်စီးခြင်းနှင့် တခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း  သိရသည်။

အဆိုပါတားမြစ်ထားသည့် အလှကုန်ပစ္စည်းများကို  ဖြန့်ဖြူးရောင်းချခြင်း ပြုလုပ်ပါက ပြည်သူ့ကျန်းမာရေး ဆိုင်ရာဥပဒေပုဒ်မ  ၃၊ အပိုဒ်(၃)ဃအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

Read 91 times Last modified on Friday, 15 March 2019 10:33