SJ WorldNews - шаблон joomla Авто

အွန်လိုင်းမှတစ်ဆင့် တရားမဝင် ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချမှု ပိုများလာ

Thursday, 28 March 2019 10:13 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ၊ ကျန်းမာရေး

အွန်လိုင်းမှတစ်ဆင့် တရားမဝင် ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချမှု ပိုမိုလုပ်ကိုင်လာပြီး  တရားဝင် တင်သွင်းလာသည့်  ဆေးဝါးများအနေဖြင့် ယှဉ်ပြိုင်နေရသည့် အနေအထား ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်ထံမှ  သိရသည်။

''ဆေးနဲ့ဆေးပစ္စည်းတွေ၊     အစားအသောက်တွေကို  အွန်လိုင်းကနေ ရောင်းနေတာတွေ ရှိပါတယ်။   မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေအရဆိုရင် အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန  (FDA) ကနေ အရည်အသွေး စစ်ဆေးပြီးမှ ခွင့်ပြုချက်နဲ့ ထုတ်ရောင်းချခွင့်ပြုပါတယ်။အခုတော့ အွန်လိုင်းက ရောင်းချတဲ့ ပစ္စည်းတွေက FDA ရဲ့ ခွင့်ပြုချက် ရှိ၊မရှိဆိုတာ ဖော်ပြထားတာမရှိဘူး။ ဆေးဝါး မှတ်ပုံတင်တွေ ဖော်ပြထားတာမရှိဘဲ   ရောင်းချနေတာမျိုးတွေက    တရားဝင်တင်သွင်းတဲ့ ဆိုင်တွေအနေနဲ့ ယှဉ်ပြိုင်ရတဲ့ အနေအထားဖြစ်လာတယ်''ဟု  ဦးဇော်မိုးခိုင် ကပြောသည်။

ယခုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ရောင်းချနေသူများ အနေဖြင့် ဆိုင်ခန်းစရိတ်၊အလုပ်သမား စရိတ်ကုန်ကျမှုမရှိဘဲ ကုန်ကျစရိတ် သက်သာသည့်အပြင် အရည်အသွေး ကောင်းမွန်ခြင်း မရှိ၍ ဈေးနှုန်း သက်သာအောင်   လုပ်ဆောင် ထားနိုင်သည့် အနေအထား ရှိသည်။

လက်ရှိတွင် တရားမဝင် ဆေးပစ္စည်းများ ရောင်းချနေခြင်းကြောင့် တရားဝင် ထုတ်လုပ် ရောင်းချနေသည့် ဆေးဝါးများ၊  ဆေးပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲတချို့ ရင်ဆိုင်နေရသည်များလည်း ရှိသည်။

အဆိုပါအွန်လိုင်း ကိစ္စရပ်များနှင့်  ပတ်သက်၍ မြန်မာနိုင်ငံ  ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်  လုပ်ငန်းရှင်များ အသင်းက သက်ဆိုင်ရာသို့ တင်ပြထားပြီး လိုအပ်သည့်နည်းဥပဒေများကို ရေးဆွဲ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် တစ်ဖက်မှလည်း တရားဝင် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ဆေးပညာရပ်ဆိုင်ရာ ပွဲတော်များ ကျင်းပခြင်းဖြစ်သည်။

မည်သည့်နေရာမှဖြစ်စေ တင်သွင်းလာသည့် ဆေးဝါးများကို FDA ၏  ခွင့်ပြုထောက်ခံချက်၊   ဆေးဝါးမှတ်ပုံတင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး   ခွင့်ပြုချက်ပါရှိမှသာ ဆေးဝါးကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်သည်။

 အွန်လိုင်းမှတစ်ဆင့် တရားမဝင်ဆေးပစ္စည်းများ  တင်သွင်း ရောင်းချနေမှုသည် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်သဖြင့် ပြည်သူများ အနေဖြင့်  ဗဟုသုတရှိရန် လိုအပ်သည်။ လက်ရှိ ပြည်တွင်းဈေးကွက်သို့  ပြည်ပမှ  တရားဝင် တင်သွင်းလာသည့် ဆေးဝါးများမှာ သောင်းဂဏန်းဝန်းကျင်ရှိပြီး လစဉ်ဝင်ရောက်မှု ကိန်းဂဏန်း အပြောင်းအလဲများ ရှိကြောင်း သိရသည်။                     

Read 171 times Last modified on Thursday, 28 March 2019 10:14