SJ WorldNews - шаблон joomla Авто

ဆေးဖက်ဝင် သစ်တိုသီး

Sunday, 31 March 2019 13:07 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ်ဘက်တာဝန်ကျမှ အညာဒေသ၌ မတွေ့ ဖူး၊ မမြင်ဖူးသော ဆေးဖက်ဝင် အပင်များ၊ ဓလေ့များကိုလေ့လာခွင့်ရခဲ့သည်။ ကရင်ပြည်နယ်က ဆေးဖက်ဝင် အပင်ပေါင်း များစွာ ရှိသည့်အထဲမှ ဟင်းချက်စား၍ရသကဲ့သို့ သရေစာအဖြစ်လည်း စားသုံးနိုင်သည့် သစ်တိုသီး ပင်အကြောင်း တင်ပြပေးလိုပါတယ်။ သစ်တိုသီးသည် အပင်ကြီးမျိုးဖြစ်ပြီး မြန်မာနိုင်ငံ၏ အောက်ပိုင်းဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အတွေ့ရများသည်။

သစ်တိုသီးများကို နွေဦးအစ တပေါင်းလကတည်းက စတင်မြင်တွေ့နိုင်သည်။ မိုးဥတု အချိန် များတွင်တော့ ကောက်၍ပင်မနိုင်တော့ပါ။ သစ်တိုသီးကို အင်္ဂလိပ်နာမည်အားဖြင့် Santol Fruit ဟု ခေါ်ဆိုလေ့ရှိသည်။ သစ်တိုသီးကို ငါးပိချက်အဖြစ်ချက်စားကြသကဲ့သို့ ဝက်သားနှင့်လည်း ချက်စားလေ့ရှိကြသည်။ အချို့နေရာများတွင် သစ်တိုသီးကိုဆားနှင့် အချဉ် တည်ကာ နှစ်ပေါက်အောင်ထားပြီး စားလေ့ရှိကြသည်။ အချဉ်ပေါင်းအဖြစ်ပြုလုပ်ကာ စားသုံးလေ့လည်း ရှိကြသည်။

သစ်တိုသီးကို ငါးပိချက်အဖြစ် ချက်စားမယ်ဆိုလျှင် အစိမ်းလိုက် ချက်စားနိုင်သည်။ အချဉ် ပေါင်းအဖြစ် စားသုံးမည်ဆိုပါက သစ်တိုသီးမှည့်ကို အသုံးပြုကြသည်။ ကရင်နှင့် မွန်လူမျိုး အများစုသည် သစ်တိုသီးနှင့်မကင်းနိုင်ကြပေ။ သူတို့သည် အသားဟင်းများတွင် သစ်တိုသီးကို ဓားနှင့်ပေါက်ပြီး အအီပြေစေရန်အတွက် ထည့်သွင်းကာ ချက်ပြုတ်ကြခြင်းဖြစ်သည်ဟု သိရသည်။ သစ်တိုသီးကို ကျွန်မတို့မြန်မာနိုင်ငံတွင် သာမက ထိုင်းနိုင်ငံတွင်လည်း စားသုံးကြ သည်။ ထိုင်းနိုင်ငံ၏ အခေါ်အရ ဂရာတွောင်းဟု ခေါ်ကြောင်း သိရသည်။ အရှေ့တောင် အာရှနိုင်ငံများတွင် သစ်တိုသီးကို အစားအသောက်အဖြစ် စားသုံးလေ့ရှိကြသကဲ့သို့ အ နောက် နိုင်ငံများတွင်တော့ သစ်တိုသီး၏အရွက်၊ အမြစ်နှင့်အသီးတို့ကို ဆေးဖော်စပ်သည့် နေရာတွင် အသုံးပြုမှုများကြသည်။

သစ်တိုသီးသည် ချဉ်သော၊ ဖန်သောအရသာရှိ၏။ သစ်တိုသီးတွင် အချဉ်ဓာတ်ပါဝင်ခြင်း ကြောင့်လူကိုလန်းဆန်းစေသည်။ အချို့နေရာများတွင် သစ်တိုသီးတစ်လုံးလုံးကို မသုံးဘဲ သစ် တိုသီးအခွံနှင့်သာ ဟင်းချက်စားလေ့လည်းရှိကြသည်။ သစ်တိုသီးကို ရုတ်တရက်ကြည့်မည် ဆိုလျှင် သစ်တော်သီးနှင့်ဆင်တူသည်။ အမှန်တော့ သစ်တိုသီးသာမက သစ်တို ပင်၏ အမြစ် နှင့်အရွက်တို့သည်လည်း ဆေးဖက်ဝင်သည်။ သစ်တိုရွက်ကိုကြိတ်ခြေကာ ပွတ်ပေးခြင်းဖြင့် ယားယံခြင်းများကို သက်သာစေသည်။

ထို့အတူ သစ်တိုမြစ်သည် ဝမ်းလျှောဝေဒနာ သက်သာစေခြင်းကြောင့် အစွမ်းထက်အိမ်သုံး ဆေးအဖြစ် အသုံးများလေ့ရှိကြသည်။ သစ်တိုရွက်ပြုတ်ရည်သည်လည်း အစွမ်းထက် သည်။ အကြောင်းမှာ သစ်တိုရွက်ပြုတ်ရည်နှင့် ရေချိုးပေးခြင်းဖြင့် ဖျားနေသောလူနာများကို အဖျားကျစေခြင်းဂုဏ်သတ္တိရှိခြင်းကြောင့်ဖြစ်သည်။ ထို့အတူ အပူရှိန်တက်နေသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းပေါ်တွင် သစ်တိုရွက်များကပ်ပေးခြင်းဖြင့် အပူရှိန်ကျစေသော သတ္တိရှိသည်။

သစ်တိုပင်၏အမြစ်သည်လည်း ဗိုက်အောင့်၊ ဗိုက်နာခြင်းများတွင် သက်သာစေရန် ဆေးဖော် ကာအသုံးပြုနိုင်သေးသည်။ သစ်တိုသီးသည် ချဉ်သော အရသာပါရှိခြင်းကြောင့် နွေရာသီတွင် ခံတွင်းမြိန်စေသော ရာသီစာလည်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရောင်းချသောအချဉ်ပေါင်းတွင် သစ်တိုသီးသည် မပါမဖြစ်ပါဝင်လျက်ရှိသည်။ သစ်တိုသီးသည် ခန္ဓာကိုယ် အတွက် မလိုအပ် သောအဆီကိုလည်း ကျဆင်းစေသည်။သို့ဖြစ်ပါသောကြောင့် ဖိလစ်ပိုင်လူမျိုးများသည် ကျန်းမာရေးအတွက် အဆီကျစေပြီး အစာခြေစနစ် ကောင်းမွန်စေရန်အ တွက် အသား၊ငါးများချက် တိုင်းအနည်းငယ်ဖြစ်ဖြစ် ထည့်သွင်းချက်ကြခြင်းဖြစ်သည်။ သစ်တိုသီးသည် မိုးထိလေ ချိုလေ ဂုဏ်သတ္တိရှိသောအသီးဖြစ်သည်။ သစ်တိုသီးသည် အချဉ်ဓာတ်နှင့် အဖန်ဓာတ်များ ဦးစီးသော အသီးဖြစ်ခြင်းကြောင့် ရာသီလာစဉ် အချိန်များနှင့် ရာသီမလာမီအချိန်တွင် စားသုံးခြင်း မပြုသင့်ပါ။ သစ်တိုသီးအတွင်းမှ အစေ့များသည် မင်းကွတ်သီးနှင့် ပုံစံတူနေသည်။ သစ်တိုသီးငါးပိချက် ချက်ချိန်တွင် သစ်တိုသီးကို ဆားနှင့်အနည်းငယ်နယ်ပြီး ရေတစ်ခါဆေးကြော လေ့ရှိကြသည်။ ယင်းမှာသစ်တိုသီးတွင် ပါဝင်သော အဖန်ဓာတ်လျော့နည်းစေရန် အတွက်ဖြစ် သည်။

အချဉ်ဓာတ်ကဲသော သစ်တိုသီးတွင် ဗီတာမင်စီပါဝင်သည်။ ထို့အတူ ဗီတာမင်အေလည်းပါဝင် သောကြောင့် အသားအရေကို တင်းရင်းစေသည်။ သစ်တိုသီး၏ အပြင်ခွံကို ကိုင်ကြည့် လိုက်လျှင် ကတ္တီပါစကိုင်ရသကဲ့သို့ ခံစားရနိုင်သေးသည်။ ဤသို့ဖြင့် ကရင်ပြည်နယ်၊ မွန်ပြည် နယ်တို့တွင် ပေါများသော ဆေးဖက်ဝင်သစ်တိုသီးအကြောင်း တင်ပြလိုက်ရပါသည်။

Read 251 times Last modified on Sunday, 31 March 2019 13:08