SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ ပြည့်နှစ်မှစ၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို တစ်နှစ်အောက် ကလေးများအားလုံး တိုက်ကျွေးရန် စီစဉ်

Wednesday, 03 April 2019 11:42 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလမှစ၍ တစ်နိုင်ငံလုံးရှိ   တစ်နှစ်အောက် ကလေးများအား    ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်သည့် ကာကွယ်ဆေးကို တိုက် ကျွေးရန်စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး၏ ပြောဆိုချက်အရ သိရသည်။

''တစ်နှစ်အောက် ကလေးတွေကို  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး တိုက်ကျွေးပေးမှာပါ။    လောလောဆယ် နှစ်ကြိမ် တိုက်ကျွေးရမယ်''   ဟု   ဒေါက်တာ အောင်နိုင်ဦး ကပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းမှာ ကလေးသေဆုံး မှုနှုန်း လျှော့ချရန် မျှော်မှန်းထားခြင်းဖြစ်ပြီး  ယင်းနှစ် ဇွန်လတွင်ပင် အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ထိုးနှံပေးရန်လျာထားသည်။ လက်ရှိကာလ အထိ အမျိုးသားကာကွယ်ဆေး ထိုးစီမံချက် အရ ရောဂါကာကွယ်ဆေး ၁၁ မျိုးကို ထိုးနှံပေးနေပြီး နောက်ထပ်ဖြည့်စွက်မည့် အစီ အစဉ်များအရ ကာကွယ်ဆေး စုစုပေါင်း ၁၃ မျိုးဖြစ်လာမည်ဟု ဗဟိုတိုးချဲ့ ကာကွယ်ဆေး ထိုးလုပ်ငန်းမှ သိရသည်။

''ဒီပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး  တစ်နှစ်ကို ကလေး တစ်သန်းစာအတွက်   လုပ်ဆောင် ပေးနေပါတယ်။ အခုနောက်ပိုင်း ကာကွယ် ဆေးနဲ့ ပတ်သက်ပြီး  အသိပညာတွေ ရှိလာတာ တွေ့ရပါတယ်။ ရောဂါဖြစ်ပွားတာမျိုး မရှိအောင်  ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ အခြေအနေရှိတာကိုလည်း  လက်ခံယုံကြည် လာကြပါတယ်'' ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ပြည်သူလူထုကြားတွင်   မလိုလားအပ်သော ရောဂါများ ဖြစ်ပွားမှုမှ ကင်းဝေးပြီး ကျန်းမာသည့်  လူမှုပတ်ဝန်းကျင် အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်နိုင်ရေးအတွက် ကာကွယ်ဆေးထိုး စီမံချက်များကို အသီးသီး ချမှတ် လုပ်ဆောင်နေသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း  မပျက်မကွက် လာရောက် ထိုးနှံကြရန်  အရေးကြီးကြောင်း သိရသည်။

Read 262 times Last modified on Wednesday, 03 April 2019 11:44