SJ WorldNews - шаблон joomla Авто

သင်္ကြန်ကာလ အပူချိန် ဆက်လက် မြင့်တက်နိုင်၍ ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပြုရန် လိုအပ်

Friday, 12 April 2019 09:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ကျန်းမာရေး

သင်္ကြန်ကာလတွင် အပူချိန်ဆက်လက် မြင့်တက်လာနိုင်၍ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်း၏ ပြောဆိုချက်အရ သိရသည်။

''ဒီရက်ပိုင်းထဲ အပူချိန်တွေက တအားမများဘူး ဆိုပေမယ့် ပူတော့ပူတယ်။ တချို့ ရက်ပိုင်းတွေမှာ နည်းနည်းပိုပူတယ်။ မတ်လကို ပြန်ကြည့်ရင် တစ်လလုံး ပျမ်းမျှအပူချိန်လောက်ပဲ ရှိတယ်။ အခု ဧပြီလမှာ တချို့နေရာတွေမှာ ပိုပူတာရှိတယ်။  မိုးပြတ်သွားတာနဲ့ ချက်ချင်းပြန်ပြီး  အပူချိန်တက်လာတယ်။

ဒါကြောင့် အပူချိန်ကို ပိုပြီးခံစားနေရတဲ့ အနေအထားမျိုး ရှိပါတယ်။သင်္ကြန်ကာလမှာလည်း  အပူချိန်ဆက်ပြီး  မြင့်တက်ဖို့ရှိပါတယ်'' ဟု ဒေါ်ရီရီငြိမ်း ကပြောသည်။

ယခုရက်ပိုင်းတွင် အပူချိန်နှင့် ပတ်သက်၍ တစ်ရက်တာချင်း အပူချိန်အလွန်မြင့်တက်မှု မရှိသော်လည်း ပုံမှန်အပူချိန်ထက် အနည်းငယ်ပိုသော ရက်များရှိသကဲ့သို့ ပုံမှန်အပူချိန်အောက် လျော့သော ရက်များလည်းရှိသည်။

''ခရမ်းလွန်ရောင်ခြည်  အညွှန်းကိန်းနဲ့ ပတ်သက်ပြီး ပြောရရင် စခန်းတိုင်းမှာ ဖြစ်စဉ်ကို  စောင့်ကြည့်လေ့လာ တိုင်းတာတဲ့  စက်တွေ မတပ်ဆင်နိုင်တော့  အတိအကျပြောဖို့  နည်းနည်းခက်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့်  ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်။  ခရမ်းလွန်ရောင်ခြည် ထိတာများရင်  နေလောင်တာတွေ၊ အရေပြားနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေဖြစ်နိုင်တယ်။  မျက်စိကို  ထိခိုက်နိုင်တယ်။

တစ်ဖက်ကပြန်ကြည့်ရင် ခရမ်းလွန်ရောင်ခြည်က  ရောဂါပိုးမွှားတွေကို  သေစေတယ်။ နေပူထဲမှာ ကြာကြာ အလုပ်လုပ်ရမယ့်သူတွေဆိုရင် ခန္ဓာကိုယ်ကို ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှု မရှိအောင် လုပ်ရမယ်။ 

အန္တရာယ်ဖြစ်နိုင်တဲ့ အတိုင်းအတာ ကျတော့ တစ်ဦးနဲ့တစ်ဦး    ခုခံနိုင်စွမ်းအား မတူတဲ့အတွက် အန္တရာယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာက တစ်ဦးချင်းစီရဲ့ အပြုအမူပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုအန္တရာယ်ကို ဂရုပြုသတိထားသင့်ပါတယ်'' ဟု ဒေါ်ရီရီငြိမ်းကပြောသည်။

၂ဝ၁၇ ခုနှစ် ဧပြီ ၄ ရက်နှင့် မေ ၃ ရက်တို့တွင် အပူချိန် ၃၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန စာရင်းများ အရ သိရသည်။

Read 61 times Last modified on Friday, 12 April 2019 09:19