SJ WorldNews - шаблон joomla Авто

ရွှေတိဂုံစေတီတော်၌ ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

Thursday, 18 April 2019 09:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်   (၃၅)ကြိမ်မြောက်  ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို     ဧပြီ ၁၇ ရက်က  ရင်ပြင်တော်တောင်ဘက်ရှိ  ရောင်တော်ဖွင့် တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ သွေးလှူဒါန်းပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ   ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်က သွေးအလှူရှင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာန တာဝန်ခံဆရာဝန်ကြီး    ပါမောက္ခ ဒေါက်တာဒေါ်သီတာအောင်က သွေးလှူဒါန်းခြင်း အကြောင်း သိကောင်းစရာ အချက်အလက်

များအား ပြောကြားသည်။  ထို့နောက် လုပ်အားအလှူရှင်၊  အာဟာရအလှူရှင်များနှင့် ဝိုင်းဝန်းဆောင်ရွက် ပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများအား   တာဝန်ရှိသူတို့က ထုတိအနုမောဒနာ ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

''ကျွန်တော်တို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးပြီးတော့ ၂ဝဝ၇ ခုနှစ် မေတ္တာအခါတော်နေ့ကစပြီး မွန်မြတ်သန့်စင်တဲ့ မိမိတို့ရဲ့သွေးများကို လှူဒါန်းနိုင်ဖို့ လေးလတစ်ကြိမ် တစ်နှစ်ကို သုံးကြိမ်ပြုလုပ်ပေးခဲ့တာ ဒီတစ်ကြိမ်နဲ့ပါဆိုရင် (၃၅)ကြိမ်ရှိပါပြီ။ ငွေကြေးနဲ့တန်ဖိုး မဖြတ်နိုင်တဲ့အသက်ကယ်သွေးများကို အခုလို ကမ္ဘာ့အံ့ဖွယ် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ အေးမြလှတဲ့ မေတ္တာဓာတ်ကို ခိုလှုံပြီး  မိမိရဲ့ဆန္ဒအလျောက် ယနေ့လာရောက်လှူဒါန်းပေးကြတဲ့  သွေးအလှူရှင်များကို ကျွန်တော်တို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကျေးဇူးအထူးတင်ရှိပါတယ်''ဟု သွေးလှူဒါန်းပွဲ ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ် ကပြောသည်။

ကျင်းပပြီးစီးခဲ့သည့်   (၃၄)ကြိမ်မြောက် အထိ  သွေးအလှူရှင်များထံမှ  သွေးပုလင်း ၂၄ဝဝ၂ ပုလင်းကို လက်ခံရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး  အမျိုးသားသွေးဌာနမှ တစ်ဆင့် ဝေဒနာရှင်များကို လှူဒါန်းပေးနိုင်ခဲ့သည်။ ယနေ့ပြုလုပ်သည့် သွေးလှူဒါန်းပွဲသို့ သွေးအလှူရှင်များအတွက် အားမာန်နို့ထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ   ကြက်ဥ အလုံး ၇ဝဝ နှင့် နွားနို့ ၁၂၅ ပိဿာ၊ ငွေစင်ပုလဲ သဘာဝနွားနို့လုပ်ငန်းမှ    အသင့် သောက်သုံးနိုင်သော နို့အေးဘူး ၈ဝဝ၊ အိုလံ ပစ်ကုမ္ပဏီမှ ကြက်ဥအလုံး ၅ဝဝ နှင့် နံပါတ် ဝမ်းအချိုရည်လုပ်ငန်းမှ အချိုရည်ဘူးများကို အသီးသီး ပါဝင်လှူဒါန်း ခဲ့ကြကြောင်း  သိရသည်။

Read 165 times Last modified on Thursday, 18 April 2019 09:52