SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ကင်ဆာရောဂါ ခံစားနေရသော ကလေးငယ် ၂ဝဝဝ ခန့်ရှိနိုင်ပြီး ဆေးကုသမှု ခံယူသူ သုံးပုံတစ်ပုံသာရှိ

Thursday, 09 May 2019 12:02 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ကင်ဆာရောဂါ ခံစားနေရသော ကလေးငယ် ၂ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ဆေးကုသမှု ခံယူသူ သုံးပုံတစ်ပုံသာရှိကြောင်း မေ ၈ ရက်တွင် ရန်ကုန်မြို့ရှိ Summit  Parkview  Hotel ၌ ကျင်းပသည့် 2nd Myanmar National Workshop on the Childhood Cancer Control Programme အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်ကလေး ဆေးရုံကြီးနှင့်    မန္တလေးကလေး ဆေးရုံကြီး(ခုတင် ၃ဝဝ)တို့တွင်  ကင်ဆာရောဂါနှင့် ကင်ဆာ ရောဂါဆိုင်ရာ  ပင်မကုသဆောင်များ ရှိပြီး တစ်နှစ်လျှင် ကလေးကင်ဆာဝေဒနာရှင်၂ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း တစ်နှစ်လျှင် လူနာ ၇ဝဝ ခန့်ကိုသာ ဆေးကုသပေးနေရကြောင်း ရန်ကုန်ကလေးဆေးရုံကြီး   ကလေးသွေးနှင့် ကင်ဆာအထူးကု ဒေါက်တာအေးအေးခိုင်၏  ပြောကြားချက်အရ သိရသည်။

''ကင်ဆာက အဖုအကျိတ်ကင်ဆာနဲ့ သွေးကင်ဆာဆိုပြီး နှစ်မျိုးရှိတယ်။ ကလေးတွေမှာလည်း ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာကို မိဘတွေသိပြီး ထိထိမိမိ ကုသနိုင်အောင်  Workshop လေးလုပ်ပြီး ဆောင်ရွက်တာပါ။

ကင်ဆာနဲ့ပတ်သက်ပြီး    ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပူးပေါင်း ဆောင်ရွက်မှာပါ။ ဒါတွေကိုဆောင်ရွက်ခြင်းအားဖြင့် ကင်ဆာဝေဒနာသည်တွေကို ပိုပြီး လျင်လျင်မြန်မြန်နဲ့ ကုသပေးနိုင်မယ်'' ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး ကပြောသည်။

မြန်မာနိုင်ငံရှိ ကလေးကင်ဆာ အထူးကုဆရာဝန်ကြီးများ အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ပြည်ပအတွေ့အကြုံများ ရယူကာ အသိပညာများ မျှဝေပေးသည့် ကွန်ရက်တစ်ခုကိုလည်း တည်ထောင်ထားကြောင်း သိရသည်။

''ကလေးကင်ဆာထဲမှာ အဖြစ်အများဆုံးက သွေးကင်ဆာပါ။ မျက်လုံးကင်ဆာလည်း အဖြစ်များတယ်။ မွေးရာပါမျက်လုံးကင်ဆာ၊ မွေးရာပါအသည်းကင်ဆာ၊မွေးရာပါ ကျောက်ကပ်ကင်ဆာ၊ မွေးရာပါရိုးတွင်းခြင်ဆီ၊ မွေးရာပါ အရိုးအကြောပေါ့။ ဒီလိုဖြစ်တဲ့ ကင်ဆာတွေ အများကြီးရှိတယ်။  ကုလို့ပျောက်ကင်းနှုန်းက လူကြီးထက် ပိုများပါတယ်'' ဟု ဒေါက်တာအေးအေးခိုင် ကပြောသည်။

ရန်ကုန်ကလေးဆေးရုံကြီးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ကလေးလူနာများ အဓိက လာရောက် ကုသကြကြောင်း သိရသည်။ 

Read 136 times Last modified on Thursday, 09 May 2019 12:03