SJ WorldNews - шаблон joomla Авто

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဆေးရုံအား နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင်- ၃ဝဝ အဖြစ် အမည်ပြောင်း ဆိုင်းဘုတ်တင်

Friday, 31 May 2019 11:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၃ဝဝ အမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မေ ၃ဝ ရက် နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံပြင်ပလူနာ ဌာနရှေ့၌ ကျင်းပသည်။

''ဆေးရုံရဲ့နယ်မြေအရ နေပြည်တော်ရဲ့မြောက်ဘက် အပိုင်းမှာတည်ရှိပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေ အများဆုံး နေတဲ့နေရာမှာ တည်ရှိတာကြောင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံဆိုပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။  ဒီဆေးရုံမှာက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေသာ မကဘဲ မြန်မာတစ်နိုင်ငံလုံးက လူနာတွေလာကြတယ်။ နောက်ပြီး ဆေးရုံနာမည်အရ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းတွေသာ လာရမယ်လို့  ထင်နေတာတွေလည်း ရှိတယ်။ ဆေးရုံက  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေကိုလည်း ကုသပေးတယ်။ ဒီဆေးရုံမှာ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသဆောင်၊ မျက်စိကုသဆောင်၊ သားဖွားကုသဆောင်၊ ကလေးကုသဆောင်တွေလည်း ရှိတယ်။   အဲဒါကြောင့်  ဆရာမကြီး အနေနဲ့ ဆေးရုံနာမည် ပြောင်းချင်တာနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တင်ပြတယ်။ ဝန်ကြီးဌာနကလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက် တင်ပြပေးတယ်။  ၂ဝ၁၉ ခုနှစ် မတ် ၁၅ ရက်မှာ နိုင်ငံတော် သမ္မတရုံးက ဆေးရုံကို နာမည်ပြောင်းခွင့် ပြုလိုက်တယ်။ ရုံးလုပ်ငန်းတွေကိုတော့ ဧပြီ ၁ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ပြီး ဆိုင်းဘုတ်တင်ပွဲကိုတော့ ဒီနေ့မှ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်''ဟု ဆေးရုံအုပ်ကြီး  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်သန္တာလွင်က ဆေးရုံအမည် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က  ဆေးရုံအမည်သစ် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်း သိရသည်။         

Read 239 times Last modified on Friday, 31 May 2019 11:47