SJ WorldNews - шаблон joomla Авто

နေပြည်တော် ပြည်သူ့ဆေးရုံ၌ (၁၄)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ

Friday, 05 July 2019 10:00 font size decrease font size decrease font size increase font size increase font size

စူပရင်းသွေးလှူရှင်များ မိသားစုနှင့် အများပြည်သူ စုပေါင်း၍ (၁၄)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး    ခုတင် ၁ဝဝဝ ခန်းမဆောင်-၂ ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်   ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင် ၁ဝဝဝ ဆေးရုံအုပ်ကြီး ဒေါက်တာပပတို့က အမှာစကား ပြောကြားပြီး စူပရင်း သွေးလှူရှင်မိသားစု၏ ပူးတွဲဥက္ကဋ္ဌ ဒေါ်မြတ်သန္တာက သွေးလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့နောက် စူပရင်း သွေးလှူရှင်များ မိသားစုက   သွေးအိတ်များ ယာယီသိုလှောင် သိမ်းဆည်းရာတွင် အသုံးပြုမည့် ယာဉ်အတွက် ထောက်ပံ့ငွေကျပ်  ၂၅  သိန်းကို လည်းကောင်း၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင် ၁ဝဝဝ သို့ ထောက်ပံ့ငွေကျပ် ၁ဝ သိန်းကို လည်းကောင်း၊ ရန်ကုန်အမျိုးသား သွေးလှူဘဏ်သို့ ထောက်ပံ့ငွေကျပ် ၁ဝ သိန်းကို လည်းကောင်း၊ စေတနာရှင် သွေးလှူရှင်များအတွက် ငွေကျပ် သိန်း ၁၃ဝ တန်ဖိုးရှိ အာဟာရဖြည့် အစားအစာများနှင့် ထောက်ပံ့ပစ္စည်းကို လည်းကောင်း ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အဆိုပါသွေးလှူဒါန်းပွဲ အခမ်းအနားတွင် စူပရင်းသွေးလှူရှင် မိသားစုများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့များမှ သွေးလှူအသင်းအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် တစ်ဦးချင်း သွေးလှူရှင်များ အပါအဝင် စုစုပေါင်းအင်အား ၁၁ဝဝ  ကျော်တို့က သွေးပုလင်းပေါင်း   ၁၁ဝဝ  ခန့်ကို လှူဒါန်းကြကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်မှ ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များ၊ စူပရင်းသွေးလှူရှင် အသင်းဥက္ကဋ္ဌနှင့် မိသားစုဝင်များ၊ သွေးလှူရှင် အသင်းများ၊ သွေးအလှူရှင် သံဃာတော်များနှင့် ပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 112 times Last modified on Friday, 05 July 2019 10:01