SJ WorldNews - шаблон joomla Авто

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျောင်းကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

Thursday, 18 July 2019 10:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် သရက်တော ကျေးရွာအုပ်စု ပိုးစာတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်  ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သွားရောက်၍ ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများကို ဇူလိုင် ၁၆ ရက်က ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဒေါက်တာမျိုးစုကြည် (ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာရွှေဇင်နွယ်၊ ဦးသိန်းဌေးအောင်(ငှက်ဖျားရောဂါမှူး)၊ ဦးနေလင်းကျော် (ငှက်ဖျား အင်စပက်တော်)၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သီတာလှိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ ကျန်းမာရေး ဆောင်ရွက်နေမှုကို ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပိုးစာတော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသည်။

ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် သရက်တောကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂ဝ၉ ဦး၊ ပိုးစာတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ ၆၂ ဦးအား ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ပေးသည်။

ထို့ပြင်  ပိုးစာတောကျေးရွာ အတွင်းရှိ လူနေအိမ်များတွင်လည်း ကျန်းမာရေးဌာနမှ ကျေးရွာလုံးကျွတ် ခြင်ဆေးဖျန်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 167 times Last modified on Thursday, 18 July 2019 10:02