SJ WorldNews - шаблон joomla Авто

ရေကြီးခြင်းနှင့် အဖြစ်များသော အဆုတ်အအေးမိ

Thursday, 18 July 2019 10:13 Written by  font size decrease font size decrease font size increase font size increase font size

 

ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၏ နေရာတချို့၌ ရေကြီးခြင်း စတင်ဖြစ်ပွားလျက်ရှိနေသည်။ ရေကြီးခြင်း သုံးမျိုးရှိသည်။ ယင်းတို့မှာမြစ်ရေကြီးခြင်း၊ ချောင်းရေကြီးခြင်း၊ မြောင်းရေလျှံခြင်းတို့ ဖြစ်သည်။ မြစ်ရေကြီးလျှင် အညာမှ ရွှေတူးသော ရေ၊ ရေခဲတောင်ရေမြစ်ဖျားပိုင်းရှိရေမှ ဓာတုပစ္စည်းများ ပါလာနိုင်ကြောင်း သိရသည်။ ယင်းသို့ပါလာသောအခါ စိန်ဓာတ်၊ ပြဒါးဓာတ်များသည် ခြေဖဝါးမှတစ်ဆင့် စိမ့်ဝင်နိုင်သည်။

ချောင်းရေကြီးလာလျှင် ချောင်းစပ်မှအိမ်များ၊ စက်ရုံများရှိအိမ်သာများမှ ရေများလျှံလာမည်ဖြစ်သည်။ မိမိဒေသတွင်ရှိသော အညစ်အကြေးများသည် မိမိတို့အိမ်များဆီ ရောက်ရှိလာနိုင်သည်။ ယင်းသို့ရောက်ရှိလာခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသည်းရောင် အသားဝါရောဂါများနှင့် မြွေအန္တရာယ်ကိုပါ ရင်ဆိုင်ရမည်ဖြစ်သည်။ မြောင်းရေလျှံလျှင် တင်ကျန်ခဲ့သော ရေများမှခြင်များ ပေါက်ပွားနိုင်သည်။ ခြင်များပေါက်ပွားလာနိုင်သည်နှင့် အတူ ယင်နားစာများလည်း စားမိနိုင်သည်။

ထို့အတူ ရေကြီးချိန်တွင် စားသောက်မိသော အစားအစာများတွင် ရေစိုမှိုတက်စာများကိုစားမိလျှင် အစာအဆိပ်သင့်ခြင်း ဆိုသော လက္ခဏာများပါ ခံစားရနိုင်သည်။ ရေကြီးချိန်တွင် ချော်လဲထိခိုက်မိရာမှ တစ်ဆင့် မေးခိုင်ပိုးများ လည်း ဝင်လာနိုင်သည်။ တိရစ္ဆာန်အသေကောင်၊ လူသေကောင်များ မျောပါလာရာမှ အူရောင်ငန်းဖျား၊ တီဘီရောဂါများ ဖြစ်နိုင်သည်။ ကြွက်များကြောင့်လည်း ပလိပ်ရောဂါဖြစ်နိုင်သည်။

စိုစွတ်သော အဝတ်အစားများကြာရှည်စွာ ဝတ်ဆင်မိရာမှ အချမ်းလွန်ပြီး အဆုတ်အအေးမိရောဂါလည်း ဖြစ်စေနိုင်သည်။ ထို့အတူ လျှပ်စစ်နှင့်ဝါယာကြိုးများ  ရေထဲတွင် ပြုတ်ကျနေသည်ကို တက်နင်းမိရာမှ ဓာတ်လိုက်မှုများလည်း ဖြစ်ပွားနိုင်သည်။ မြို့ပြများရေကြီးချိန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များပြီး  ကျေးလက်ဒေသများတွင်  မြွေအန္တရာယ်သည် ရေကြီးချိန်၏ ရင်ဆိုင်ရဆုံးပြဿနာ တစ်ရပ်ဖြစ်သည်ကိုတွေ့ရသည်။

အထက်ပါအချက်များသည် ရေကြီးခြင်းဖြစ်ရာမှ နောက်ဆက်တွဲ ခံစားရမည့် ကျန်းမာရေး ဆိုးကျိုးများဖြစ်သည်။ ယင်းသို့သော ဆိုးကျိုးများစွာထဲမှ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် အဖြစ်များသော အဆုတ်အအေးမိ ရောဂါအကြောင်း တင်ပြပေးလိုသည်။

အဆုတ်အအေးမိရောဂါသည် နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်ပူခြင်းတို့မှ စတင်သည့်ရောဂါဖြစ်သည်။ အဆုတ်အအေးမိ ရောဂါသည် ငယ်ရွယ်လွန်းသော ကလေးငယ်များ၊ အသက်ကြီးသူများတွင် အဖြစ်များသည်။ အဆုတ်အအေးမိရောဂါကို ပါဠိဝေါဟာရအားဖြင့် ကိလောမပါကဟု ခေါ်ဝေါ်သည်။ အနောက်တိုင်း ဆေးပညာအရ Pneumonia  ဟုခေါ်သည်။

(၁)အဆုတ်အအေးမိ ရောဂါဖြစ်စေသော အကြောင်းများမှာ အေးသောဥတု၊ ကမ္မတို့ကို လိုက်လျောညီထွေစွာ နေထိုင်မှုမရှိခြင်း၊ အအေးမိခြင်း၊ အေးသော အစားအစာများ လွန်ကဲစွာစားခြင်း၊ ပြင်ပဥပဒ္ဒဝေါတို့ကြောင့် တစ်ဆင့်ကူးစက်ခြင်း၊ အဆုတ်ကောဋ္ဌာသတွင် သီတတေဇောအပြစ်ပြုခြင်းတို့ဖြစ်သည်။

(၂)အဆုတ်အအေးမိရောဂါ၏ လက္ခဏာများမှာ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း ၊ဖျားခြင်း၊ ချောင်းဆိုး၍ သလိပ်များခြင်းတို့ဖြစ်သည်။ ရောဂါပြင်းထန်ပါက အသက်ရှူစဉ်နံရိုးအောက်ပိုင်း ရင်ဘတ်ချိုင့်ဝင်ခြင်း၊ မှိန်းလွန်းခြင်း၊ တက်ခြင်း၊ နို့မစို့ခြင်းစသည်တို့ ဖြစ်သည်။

(၃)အဆုတ်အအေးမိရောဂါကို ဆေးတိုက်ကျွေးမည်ဆိုလျှင် ဆေးခန်းသုံးဆေးနံပါတ်(၂၃) ဆေးပုလဲကလပ်တစ်ပဲနှင့် ဆေးခန်းသုံး ဆေးနံပါတ်(၁)  သေမှပုတိက မက်လင်ချဉ်တစ်ပဲ တို့ကို ကွမ်းရွက်ပြုတ်ရည်နှင့် တိုက်ကျွေးနိုင်သည်။ လိမ်းဆေးအနေဖြင့် ဆေးခန်းသုံးဆေး နံပါတ် (၄၇) ခုနစ်ပါး ဆေးဝါလေးကို မုန်ညင်းဆီဖြင့်လိမ်းပေးနိုင်သည်။ ဆေးများသုံးစွဲရာတွင် ကလေးများ၏ အသက်အရွယ်ကိုလိုက်ကာ တိုက်ကျွေး သင့်သကဲ့သို့ နီးစပ်ရာ တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးခန်းများမှ ကျွမ်းကျင်သော ပညာရှင်များ၏ လမ်းညွှန်ချက်ဖြင့်သာ သုံးစွဲသင့်သည်။

(၄)အဆုတ်အအေးမိရောဂါနှင့် ဆောင်ရန်ရှောင်ရန် အဆုတ်အအေးမိရောဂါ မဖြစ်စေရန် နွေးနွေးထွေးထွေး ဝတ်ဆင်ထားပေးသင့်သည်။ ထို့အတူ ရေနွေးတွင်အနံ့ရသော ဆီတစ်မျိုးမျိုးထည့်၍ အခန်း၌  အငွေ့ လွှတ်ထားသင့်သည်။ ကလေးကို အဆုတ်အအေးမိရောဂါမှ ကင်းဝေးစေရန်အတွက် ကိုယ်ခံအားဖြစ်စေသော အစားအစာများဖြစ်သည့် စွပ်ပြုတ်၊ ဗီတာမင်စီကြွယ်ဝသည့် အသီးအနှံများကို ကျွေးထားရမည်။ အရည်များများ တိုက်ကျွေးဖို့လိုအပ်သည်။ ဥပမာ-စွပ်ပြုတ်၊ ကွမ်းရွက်နှင့်ထန်းလျက် တို့ကိုပြုတ်ပြီးလည်း တိုက်သင့်သည်။ ချင်းသည် သလိပ်များကိုပျော်စေသော သတ္တိရှိခြင်းကြောင့် ချင်းပြုတ်ရည်ကိုလည်း တိုက်ကျွေးသင့်သည်။ အကြောင်းမှာ ချင်းသည် သလိပ်များကို ပျော်စေသည့်အပြင် အသက်ရှူလမ်းကြောင်းနံရံများ ရောင်ရမ်းခြင်း သက်သာစေရန် ပြုလုပ်ပေးနိုင်သော စွမ်းအင်ကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ထို့အတူ သံပရာရည်တွင် ပျားရည်ထည့်ကာ ပျားသံပရာရည်လုပ်ကာ သောက်ပေးခြင်းဖြင့် သလိပ်များကို ပျော်စေနိုင်သည်။

အဆုတ်အအေးမိသူများသည် စိုစွတ်သောနေရာတွင်ကြာရှည်စွာနေထိုင်ခြင်း၊ အဝတ်စိုများနှင့် ကြာရှည်စွာနေခြင်း၊ လေစိမ်းတိုက်ခံခြင်း၊ အေး၍ပတ်ဖွဲ့သော အစားအစာများ ဖြစ်သည့်ရေခဲမုန့်၊ ဖာလူဒါတို့ကို စားခြင်းမှ ရှောင်ကြဉ်ရမည်။ ကြာရှည်စွာရေချိုးခြင်းကိုလည်း ရှောင်ရမည်။

(၅) အဆုတ်အအေးမိရောဂါနှင့် အလားအလာ

လွန်ကဲစွာအအေးပတ်၍  အချိန်နှင့်အမျှ ချွဲကျပ်နေပါက   အသက်ရှူလမ်းကြောင်းအား ထိခိုက်နိုင်သည်ကို သတိချပ်စေလိုသည်။ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူမြန်ခြင်း၊ ရင်ညွန့်ချိုင့်ခြင်းတို့ဖြစ်ပါက အခြားသင့်လျော်ရာသို့ ညွှန်းပို့သင့်သည်။

(၆)အဆုတ်အအေးမိ ရောဂါမဖြစ်စေရန်

မိမိတို့၏ကလေးသူငယ်များကို အဆုတ်အအေးမမိစေရန် ဦးစွာ နွေးနွေးထွေးထွေး ဝတ်ဆင်ပေးသင့်သည်။ ထို့အတူ ကိုယ်ခံအား မြင့်မားစေသော အစားအစာများဖြစ်သည့် သလဲသီး၊ ကြက်သွန်ဖြူ၊ ကြက်သားစွပ်ပြုတ်၊ လိမ္မော်သီးတို့ကိုကျွေးသင့်သည်။ အိပ်ချိန်၊ စားချိန်မှန်စေရန် ဂရုပြုပေးသင့်သကဲ့သို့ ရေများများ သောက်ပေးသင့်သည်။ ဤသို့ဖြင့်ရေကြီးခြင်း၏ နောက်ဆက်တွဲ ဖြစ်လေ့ရှိသော အဆုတ်အအေးမိရောဂါမှ ကင်းဝေးပါစေကြောင်း ဆုမွန်ခြွေလိုက်ရပါသည်။  

မုဒိတာ(တောင်သာ)

Read 291 times
Rate this item
(0 votes)
Last modified on Tuesday, 23 July 2019 10:06