SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေးနေ့ အခမ်းအနားကျင်းပ

Wednesday, 15 November 2017 12:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ ၁၄

နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေးနေ့ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီ ခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ IBC ခန်းမ၌ ကျင်းပသည်။

အခမ်းအနား၌  ဆီးချို၊ သွေးချိုနှင့် အထွေထွေရောဂါ အထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်နှင့် ဆီးချိုဟော်မုန်းရောဂါနှင့် အထူးကုသမားတော်ကြီး ပါမောက္ခဒေါက်တာကိုကိုတို့က ကမ္ဘာ့ဆီးချိုသွေးချို ထိန်းသိမ်းရေးနေ့ အကြောင်းနှင့် ရောဂါကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဆွေးနွေးဟောပြောသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆီးချိုသွေးချို ဆရာဝန်များ၊ လေ့လာသူများနှင့် ရောဂါဝေဒနာရှင်များအား    ကံစမ်းမဲ အစီအစဉ်များ ပြုလုပ်ပေးသည်။

''ကမ္ဘာပေါ်မှာ   ဆီးချိုသွေးချိုဖြစ်နေတာက ကပ်သဘောဖြစ်သွားပြီး လူဦးရေ သန်း ၄၂ဝ လောက်ဖြစ်နေပါတယ်။ ဒီရောဂါက လူတစ်ဦးချင်း၊ နိုင်ငံတစ်နိုင်ငံချင်း ဖြစ်ပေါ်နေတဲ့ ရောဂါမဟုတ်တော့ပါဘူး။ ကမ္ဘာကိုပါ လွှမ်းခြုံနေပါပြီ။ ခေါင်းကနေ ခြေထောက်အထိ ရှိသမျှကိုယ်အင်္ဂါတွေ ပျက်စီးနိုင်ပြီး မျက်စိပါကွယ်နိုင်တယ်၊ ခြေထောက်တွေပုပ်နိုင်တယ်၊ နှလုံးရောဂါဖြစ်နိုင်တယ်၊ လေဖြတ်နိုင်တယ်။    လူစဉ်မမီတာတွေဖြစ်နိုင်ပြီး သေဆုံးနိုင်တယ်။  ဒါကြောင့် ဒီရောဂါကို ကာကွယ် ထိန်းသိမ်းရေးတွေ လုပ်မထားဘူးဆိုရင် ၁၂ နှစ်အသက်တိုနိုင်တယ်။ စောပြီးသေဆုံးနိုင်ပါတယ်''ဟု ပါမောက္ခဒေါက်တာ တင့်ဆွေလတ် ကပြောသည်။

ယင်းအခမ်းအနားကို ဝိတိုရိယဆေးရုံ ဆီးချိုသွေးချိုကုသရေး စင်တာမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ကမ္ဘာ့ ဆီးချိုသွေးချိုရောဂါ   ကာကွယ်ရေးနေ့ (World Diabetes Day) အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချို အဖွဲ့ချုပ် ( International  Diabetes Federation) မှ အင်ဆူလင်ကို ရှာဖွေတွေ့ရှိခဲ့သော    နိုဗယ်ဆုရှင်  ကနေဒါနိုင်ငံသား ဆေးပညာရှင် Frederick Banting ၏ မွေးနေ့    (နိုဝင်ဘာ ၁၄ ရက်)   ကိုအစွဲပြုလျက် ၁၉၉၁ ခုနှစ်တွင် စတင်ချမှတ်ကာ အခမ်းအနားများ ကျင်းပခြင်းဖြစ်ကြောင်း  သိရသည်။

Read 5 times Last modified on Wednesday, 15 November 2017 12:51