SJ WorldNews - шаблон joomla Авто

အနာကြီး ရောဂါနှင့် ဆက်စပ် နေသော သမင်ခွာပေါက်

Monday, 25 March 2019 10:34 Written by  font size decrease font size decrease font size increase font size increase font size

သမင်ခွာပေါက်နာဆိုသည်မှာ ခြေဖဝါးတွင်ဖြစ်သော အနာ အမျိုးအစားဖြစ်သည်။ အနာ၏ ပုံသဏ္ဌာန်သည် သမင်၏ ခွာနှင့် ပုံစံ တူသောကြောင့် သမင်ခွာပေါက်နာဟုခေါ်ခြင်းဖြစ်သည်။  သမင်ခွာပေါက်နာကို  အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုလျှင် သမင်များ ၏ ခွာတွင် အနာဒဏ်ရာရသောအခါ ထော့ကျိုးထော့ကျိုးသွားလာရသကဲ့သို့ လူ၏ ခြေဖဝါးတစ်နေရာရာတွင် သမင်၏ ခွာနှင့် ပုံသဏ္ဌာန်တူသောအနာအမျိုးအစားဖြစ်ပေါ်လာပြီး ပုံစံမမှန်သွားလာရခြင်း၊  အနာကြီးရောဂါတွင် ပါဝင်သော  သမင်ရောဂါ၏ နောက်ဆက်တွဲ အဖြစ် တွေ့ရမှုများသော အနာအမျိုးအစားဖြစ်သည်။

သမင်ခွာပေါက်နာဖြစ်စေသောအကြောင်းများမှာ ခြေဖဝါးတစ်နေရာရာတွင် ရုပ်ပစ္စည်း၊ ဓာတုပစ္စည်းများနှင့် ထိခိုက် ဒဏ်ရာရခြင်း၊ စီးသည့်ဖိနပ်သည် ပါးလွန်းခြင်း၊ ခြေဖဝါးတစ်နေရာတွင် မကြာခဏထိခိုက်ဒဏ်ရာရခြင်း၊ ဖိနပ်မပါဘဲ လမ်းလျှောက်မှု များခြင်းကြောင့် အသားမာများဖြစ်ခြင်း၊ အနာများသည် ရောဂါပိုးများ ဝင်နေခြင်း၊ မန်းဝင်ခြင်း၊ သွေးလှည့် ပတ်မှု အနှောင့် အယှက်ဖြစ်မှုများခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အာရုံကြောများပျက်စီးခြင်း၊ ဒေသနာ ဆေးပညာ အရ ဓာတ်ကြီး(၅)ပါးဖောက်ပြန်ခြင်းတို့ကြောင့် ဖြစ်သည်။

သမင်ခွာပေါက်နာတွင် တွေ့ရှိနိုင်သောလက္ခဏာများမှာ သမင်တိရစ္ဆာန်များ၏ ခွာနှင့် ပုံသဏ္ဌာန်တူခြင်း၊ ခြေဖဝါးချ နင်းသောအခါ စူးအောင့်ခြင်း၊ အနာပတ်လည်တွင် အသားမာများဝန်းရံနေခြင်း၊ အနည်းငယ်အရည်ထွက် ခြင်း၊ အနံ့ရခြင်း၊ ခြေသလုံး ချွေးမထွက်ခြင်း၊   အနာကြီးရောဂါအခြောက် လက္ခဏာများနှင့် တွဲဖက်နေခြင်း၊ ထုံကျဉ်နေခြင်း၊ လ၊ နှစ်ရှည်ကြာစွာအနာ ဖြစ်နေခြင်းတို့ဖြစ်သည်။

သုတေသနပြုလေ့လာမှုများအရ သမင်ခွာပေါက်နာဖြစ်ပွားသောလူနာများသည် အနာကြီးရောဂါလက္ခဏာများ ရောထွေးစွာ တွေ့ရခြင်း၊ အနာ ပုံသဏ္ဌာန်သည် သမင်၏ခွာနှင့်တူနေခြင်း၊  လမ်းလျှောက်ရာတွင်  ပုံမှန် မသွားလာနိုင် ခြင်းကို  တွေ့ရသည်။   ထို့အတူ  သမင်ခွာပေါက်နာသည် မည်သို့သော အကြောင်းကြောင့်ဖြစ်လာသည်ဖြစ်စေ၊ အနာပျောက် ကင်းမှုမရှိဘဲ နာတာရှည်ဖြစ်လာသောအခါ အနာကြီးရောဂါ၏လက္ခဏာများ အကျိုးထင်မှုကိုတွေ့ရသည်။ မြန်မာ့ရိုးရာ ဆိုရိုးစကားများတွင် သမင်ခွာပေါက် သေမှပျောက်ဟုလည်း ဆိုခဲ့ကြသည်။

ဒေသနာဆေးပညာအရ သမင်ခွာပေါက်နာသည် တေဇောဓာတ်များလွန်ကဲပြီး အာပေါ ပထဝီဓာတ်များပျက်စီးကာ ဝါယော အာကာသပျက်နေသော   အနာလက္ခဏာများဖြစ်နေသည်ကို   တွေ့ရသည်။   အာယုဗေဒ ဆေးပညာအရ သည်းခြေ ဒေါသများလွန်ကဲပြီး သလိပ်ဒေါသများပျက်စီးကာ လေဒေါသဖောက်ပြန် ပျက်စီးနေသော အနာလက္ခဏာ များကို တွေ့ရသည်။

သမင်ခွာပေါက်နာများသည်    ဌာနစွဲအနာအမျိုးအစားဖြစ်သကဲ့သို့ အာကာရ စွဲအနာအမျိုးအစားလည်း ဖြစ်သည်။ ခြေဖ ဝါးပြင် ဖနောင့်ပိုင်း၊ ခြေဖဝါးပြင်အတွင်း ခြေခွင်ပိုင်း၊ အပြင်ခြေဖမိုးစောင်း၊ ဖဝါးပိုင်း၊ ခြေဖဝါးပြင်ရှေ့ဖဝါးပိုင်းဆိုပြီး     သမင်ခွာပေါက် နာဖြစ်နိုင်သော နေရာအသီးသီးရှိသည်။ ထိုနေရာအသီးသီးမှ ခြေဖဝါးပြင်ဖနောင့်ပိုင်းသည် အဖြစ် အများဆုံး နေရာဖြစ်သည်။

အကယ်၍   လူနာသည်   သမင်ခွာပေါက်နှင့် ရောက်လာသောအခါ နာတာရှည် အနာအို၊ အနာဟောင်းဟုတ်၊မဟုတ် အနာပတ်လည်တွင် အသားမာများဝန်းရံနေမှုရှိ၊ မရှိ၊ ခြေသလုံးပိုင်းတွင် ငါးအကြေးခွံကဲ့သို့ ပပ်ကြားအက်ခြင်းရှိ၊ မရှိ၊ မျက်နှာအစိတ်အပိုင်းများ လက်မခွကြားအနေ အထား၊ တံကောက်ကွေးအောက် နာ့ဗ်ကြောများအနာရောင်တင်းခြင်း စသည့်အနာကြီးရောဂါလက္ခဏာများ အကျိုးထင်မှုရှိ၊ မရှိ၊ ခြေထောက် ထုံကျဉ်ခြင်းရှိ၊ မရှိ၊ ပေါင်ခြံရှိ  ပန်ရည်ဂလင်းများ မကြီးခြင်း၊ ညှီစို့စို့အနံ့ ရ၊မရ စသည်တို့ကိုသေချာစစ်ဆေးရမည်။

အခြားစစ်ဆေးမှုများအနေဖြင့်   ဆီးချိုသွေးချိုရှိ၊ မရှိ  သိစေရန် F.B. S;R.B.S တို့ကို စစ်ဆေးသင့်သကဲ့သို့  အရိုးထိခိုက် ပျက်စီးမှုရှိ၊ မရှိ သိစေရန် X-ray   ရိုက်ကြည့်ခြင်းဖြင့် စစ်ဆေးနိုင်သည်။     သမင်ခွာ ပေါက်နာကို  တိုင်းရင်းဆေး ပညာ အရ ကုသမည်ဆိုပါလျှင် သောက်ဆေး၊ လိမ်းဆေးပေး၍ ကုသခြင်း၊ ဆသတ္တကမ္မ ပြုလုပ်ပေးခြင်းတို့ဖြင့် ပြုလုပ် ဆောင်ရွက်ရမည်။

သောက်ဆေး အနေဖြင့် အနာကိုမန်းကြေစေရန် ဆေးအမှတ်(၆) ဟလိဒ္ဒစုဏ္ဏ၂ ပဲသား၊ ဆေးအမှတ်(၁) မက်လင်ချဉ် သလိပ်ပုပ်ပျောက်ဆေး ၂ ပဲသား၊ ဆေးအမှတ်(၂၁) ဆီးဆေးဖြူ ၂ ပဲသားတို့ကို နံနက်နှင့်ညနေတွင် ရေနွေး ဖြင့် တိုက်ကျွေးနိုင်သည်။ နေ့လယ်တွင် ဆေးအမှတ်(၁၅)သည်းခြေဆေး ၄ ပဲသားကို ရေနွေးဖြင့် တိုက်ကျွေးနိုင်သည်။ ညအိပ် ချိန်တွင် ဆေးအမှတ်(၁၂) စက္ခုပါလ ၂ ပဲသားကို ရေအေးဖြင့်ပေးနိုင်သည်။ လိမ်းဆေးအနေဖြင့် အနာ၏ ဘေးပတ်လည်တွင် ဆေးအမှတ်(၄၃) အကင်းဆယ်ပါးကို ရေကျက် အေးဖြင့် ဖျော်ပြီး လိမ်းပေးနိုင်သည်။

အနာကို လက်ဖက်ခြောက် သို့မဟုတ် ဆီးဖြူ၊ ဖန်ခါး၊ တြစု၊ ကျောက်ချဉ်တို့နှင့် ဖော်စပ်ထားသည့် ဖန်ဆေးမှုန့်နှင့် ဖန်ဆေး ပေးနိုင်သည်။ အနာကို ဖန်ဆေးပြီး  အသားနုတက်စေရန်  ပျားရည်နှင့်သုတ်လိမ်းပေးနိုင်သည်။  ထို့နောက်  အနာကျက်စေရန်  ဖယောင်းဖြူနှင့်သုတ်လိမ်းပေးနိုင်သည်။

ဖယောင်းဖြူဆိုသည်မှာ ပျားဖယောင်းနှင့်ထောပတ်တို့ကို  ၁ အချိုး ၁ဝရောစပ်ကာ ဖော်စပ်ထားခြင်းဖြစ်သည်။ အကယ် ၍ အနာသည် အိုဟောင်းနေပါက ဖယောင်းညိုကိုအရင်ထည့်ပေးရမည်။ သမင်ခွာပေါက်နာဖြစ်သူများသည် မကောင်းသော ညှော်နံ့များကို ရှောင်ကြဉ်ရမည်။ ပူလွန်းစပ်လွန်းသည့် အစားအစာများကို ရှောင်ကြဉ်ရမည်။ ပူလွန်းပြီး တက်စေသည့် အစားအစာ များဖြစ်သည့် တညင်းသီး၊ ဆူးပုပ်၊ ပဲပုပ်တို့ကို အထူးရှောင်ကြဉ်ရမည်။

ကလေးငယ်များအနေဖြင့်    ဖိနပ်မပါဘဲ လမ်းကြာကြာလျှောက်ခြင်း၊  ပါးလွန်းပြီး ခဲများစူးစေသည့်ဖိနပ်များ၊    ဖနောင့် နေ ရာတွင်  မာလွန်းသော ဖိနပ်များစီးခြင်း စသည်ဖြင့် ဖိနပ်စီးခြင်းအပြုအမူကို ဂရုပြုဆင်ခြင်ရမည်။ သမင်ခွာပေါက်နာတွင်  အသုံးပြုနိုင်သောဆေးဖက်ဝင်အပင်များမှာ လက်ဖက်၊ ချဉ်ပေါင်၊ နာနတ်၊ ဆေးအိုးပုတ်၊ မာလကာ၊ ကွမ်း၊ တမာတို့ ဖြစ်သည်။ နူးညံ့ပြီးကြေကျက်စေသော အစားအစာ(စွပ်ပြုတ်၊ ဆန်ပြုတ်) စသည်တို့ကို စားသုံး ရမည်။ လေကောင်းလေသန့်ရသောနေရာတွင် နေထိုင်ရမည်။  စိတ်ကြည်နူးဖွယ် ကောင်းသော  တေးဂီတများ နားထောင်ခြင်း၊ ဦးနှောက်တွင်သွေးစီးဆင်းမှုကောင်းစေရန် တရားထိုင်ခြင်း၊ စိတ်တည်ငြိမ်မှု ရရှိစေရန် ပုတီးစိပ်ခြင်း၊ ဘုရားစာတရား စာများရွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဤသို့ဖြင့် အနာကြီးရောဂါနှင့် ဆက်စပ်နေသော သမင်ခွာပေါက်အကြောင်း တင်ပြလိုက်ရပါသည်။ 

ဆောင်းပါးရှင်- မုဒိတာ(တောင်သာ)

Read 55 times
Rate this item
(0 votes)
Last modified on Monday, 25 March 2019 10:36