SJ WorldNews - шаблон joomla Авто

နွေရာသီတွင် ကျန်းမာအောင် ဘယ်လို နေထိုင်သွားမလဲ

Tuesday, 23 April 2019 12:13 Written by  font size decrease font size decrease font size increase font size increase font size

ဧပြီလ ၁၈  ရက်တွင် တရားရိပ်သာမှ ပြန်ရောက်လျှင်ရောက်ချင်း အညာကျေးလက်မှ မိဘနှစ်ပါးထံ ဖုန်းဆက်ဖြစ်သည်။ မိဘနှစ်ပါး၏ ကျန်းမာရေး အခြေအနေကို မေးမြန်းကြည့်ရာတွင် အမေက ဒီမှာတော်တော်လေး ပူနေပြီ၊ နေ့ခင်းဘက်ဆို နေစရာ မရှိလောက်အောင်ကိုပင် ပူနေတယ်။

မင်းတို့ဆီမှာရော ပူလားဆိုပြီး အညာနွေ၏ ပူပြင်းမှုဒဏ်ကို ညည်းတွားရင်း စကားဆိုလာသည်။ အညာနွေဒဏ်ကို အလူးအလဲ ခံစားနေကြရသည့် အသက် ၈ဝ ကျော် အရွယ် မိဘနှစ်ပါးကို သနားမိသည်။ နွေအပူချိန်သည် တစ်နေ့တခြား မြင့်တက်လာလျက်ရှိသည်။ တချို့သော ဒေသများတွင် နေ့အပူချိန်သည် ၄၄ ဒီဂရီစင်တီဂရိတ် ကျော်နေပြီဖြစ်သည်။

ဆိုရလျှင် ယခုနှစ်ဧပြီလအတွင်း တစ်နိုင်ငံလုံးတွင် အပူချိန်မြင့်တက်ခဲ့သည်။ အထူးသဖြင့် ချောက်မြို့နှင့် ဘော်လခဲမြို့တို့တွင် အပူချိန်သည် ၄၄ ဒီဂရီ စင်တီဂရိတ် အထက်တွင်ပင် ရှိနေသည်။ ထို့အတူ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင်လည်း အပူချိန် မြင့်တက်ခဲ့သည်။ နေ့ခင်းဘက်တွင် အပူချိန်မြင့်တက်ပြီး ညနေဘက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တစ်နိုင်ငံလုံး၌ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရတတ်သည့် ဖြစ်စဉ်များပင်ဖြစ်သည်။

အပူဒဏ်ခံစားနေရ

ယခုဆိုလျှင် နေ့စဉ်မြင့်တက်လျက်ရှိသော အပူချိန်ကြောင့်  မိုးလင်းကတည်းက ချွေးတဒီးဒီးကျပြီး  နေရထိုင်ရခက်လာသည်။ လူတိုင်း၏ နှုတ်ဖျားတွင် ပူလိုက်တာဆိုသော စကားကိုပဲ နေ့စဉ်ကြားနေရသည်။ မွန်းလွဲပိုင်း အပူချိန်သည် နေတစ်စင်းတည်းမှ ဟုတ်ရဲ့လားဟုပင် ထင်ရသည်။လူကြီး၊လူငယ်အားလုံး အပူဒဏ်ကို အလူးအလဲ ခံနေကြရသည်။ အရိပ်ထဲ၌ တာဝန်ထမ်းဆောင် နေရသူများသည်ပင်လျှင် နွေရာသီ အပူဒဏ် ခံစားနေရပြီဆိုလျှင် ကျေးလက်နေ ပြည်သူများနှင့် ကာယလုပ်သားကြီးများ ဆိုလျှင် မည်မျှပင်ပန်းလိုက်ကြမည်နည်း။ သို့သော် စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေကြရဦးမည် ဖြစ်သည်။

အပူဒဏ်ကို အန်တုခြင်း

လူသားတို့သည် ရာသီဥတုအမျိုးမျိုးတွင် လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားနေထိုင်ရလေ့ ရှိကြသည်။ ယခုလည်း ပြင်းထန်လှသော အပူဒဏ်ကို အန်တုနိုင်ရန်အတွက် ရေစိမ်ချိုးခြင်း၊ ရေခဲရေသောက်ခြင်း၊ အဲယားကွန်းနှင့် ပန်ကာလေခံခြင်း၊ အင်္ကျီချွတ်ထားခြင်း စသည့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော ပြုမူနေထိုင်မှုများကို လူတိုင်းနီးပါး ပြုမူလာကြသည်။ အထူးသဖြင့် ညဘက်တွင် အပူချိန်ကြောင့် နှစ်ခြိုက်စွာ အိပ်မရသဖြင့် ပန်ကာအား အနီးကပ်ဖွင့်၍ အိပ်ခြင်း၊ စွပ်ကျယ်ချိုင်းပြတ်ဖြင့် အိပ်ခြင်း၊ ဖျာ၊ သင်ဖြူးများအား ရေစွတ်ခြင်း၊အိပ်ရာခင်းများအား ရေစွတ်ခြင်းများ ပြုလုပ်လာကြသည်။ အကျိုးဆက်အနေဖြင့် ကိုယ်လက်ထုံကျဉ်ခြင်း၊ အဆုတ်ပွခြင်း၊ ရင်ကျပ်ချောင်းဆိုးခြင်း၊ မအီမသာဖြစ်ခြင်း စသည့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများကို ခံစားနေကြရသည်။

နေ့ခင်းဘက်တွင်လည်း အချို့သော လုပ်သားများသည်ပုဆိုး၊ တဘက်များကို ရေစွတ်ခြုံပြီး အလုပ်လုပ်နေကြသည်ကို တွေ့ရသည်။ ကျန်းမာရေးအတွက် လွန်စွာအန္တရာယ်ရှိသော လုပ်ရပ်များဖြစ်ပေသည်။ ထိုသို့ပြုမူခြင်းသည် အခိုက်အတန့်သာ အပူသက်သာသော်လည်း ရေရှည်တွင် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် အပေါ်အင်္ကျီ ချွတ်ထားမည်ဆိုလျှင် ရက်ကာလ ရှည်လာသည့်အခါ   ကိုယ်လက်များ နာကျင်ကိုက်ခဲ လာပြီး နှာစေး၊ ချောင်းဆိုး ဖြစ်လေ့ရှိသည်။

တချို့သော ဝန်ထမ်းများသည်  အပူပြင်းထန်လှသောကြောင့် အပူသက်သာစေရန် အတွက် နံနက် ၈ နာရီလောက်ကတည်းက  အပေါ်အင်္ကျီများ ချွတ်ပြီး စွပ်ကျယ်ချိုင်းပြတ်ဖြင့် လေပန်ကာအောက်တွင် တစ်နေကုန် အလုပ်လုပ်လေ့ ရှိကြသည်။ အမှန်တကယ်မှာ ထိုသို့မပြုလုပ်သင့်ပေ။ အင်္ကျီချွတ်ထားသူ တစ်ဦးသည် အဲယားကွန်းနှင့် ပန်ကာလေ တိုက်ရိုက်ထိခံရပါက ကိုယ်လက်များ နာကျင်ကိုက်ခဲလာပါသည်။ နေ့စဉ်  ထိုသို့ပြုမူ နေထိုင်သွားမည်ဆိုလျှင် ကိုယ်လက်နာကျင်ကိုက်ခဲ ဖျားနာလာမည်ဖြစ်သည်။ မည်မျှပင်ပူပြင်းနေစေကာမူ အပေါ်အင်္ကျီကို မချွတ်ဘဲ တစ်နေကုန် ဝတ်ထားမည်ဆိုလျှင်  နေထိုင်ရ အဆင်ပြေပြီး ကျန်းမာရေးနှင့် ညီညွတ် မည်ဖြစ်သည်။

ထို့ပြင် ညဘက်၌လည်း ပူအိုက်လွန်းလှသဖြင့် ခြင်ထောင်မထောင်ဘဲ အိပ်လေ့ရှိကြသည်။ အကျိုးဆက်အနေဖြင့် ငှက်ဖျားပိုး သယ်ဆောင်လာသော ခြင်များ အကိုက်ခံရသောကြောင့် အများစုသည် ငှက်ဖျားရောဂါခံစားကြရသည်။ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ နွေရာသီ၌ ခြင်ထောင်ဖြင့်သာ လုံခြုံစွာ အိပ်စက်အနားယူသင့်သည်။

ရေနွေးကြမ်းသောက်သင့်

ပူပြင်းလှသော နေ့ခင်းဘက်များတွင် တတ်နိုင်ပါက ရေခဲရေသောက်သည့် အလေ့အထကို ရှောင်ကြဉ်သင့်သည်။ ရေခဲရေသည် အဝင်အေးသော်လည်း ဝမ်းတွင်းသို့ရောက်ပါက အပူကိုသာ အားပေးစေသည်။ ရေခဲရေများများ သောက်မည်ဆိုလျှင် လည်ချောင်းနှင့် အာသီးများ နာလာမည်ဖြစ်သည်။

စင်စစ်အားဖြင့် ရေခဲရေသည် သောက်လေသောက်လေ ငတ်မပြေဆိုသလို ထပ်ကာထပ်ကာ သောက်နေချင်ပါသည်။ နွေရာသီတွင် မသန့်ရှင်းသော ရေကို ဆက်တိုက် သောက်နေမည်ဆိုလျှင်လည်း ရေငတ်ဝမ်းကျ ဖြစ်တတ်ပေ သည်။

တတ်နိုင်ပါက လက်ဖက်ခြောက် အနည်းငယ် ထည့်ထားသော ရေနွေးကြမ်းကိုသာ သောက်သင့်ပါသည်။ရေနွေးကြမ်းသည် မကြာခဏ ရေဆာနေသည့် ဆန္ဒကို ပြေပျောက်စေသည်။ နေ့ခင်းဘက်တွင် ထန်းလျက်ခဲ အနည်းငယ်ကိုက်ပြီး ရေနွေးကြမ်းပူပူလေး သောက်ထားလိုက်မည်ဆိုလျှင် ရေဆာလောင်နေမှုကို ပြေပျောက်စေသည့်အပြင် ပြင်းထန်လှသော အပူဒဏ်ကိုပါ လျော့နည်းစေနိုင်ပါသည်။

အအေးဓာတ်ရစေရန်

နွေရာသီတွင် နေ့ခင်းဘက်၌ အပူဒဏ်ခံနိုင်ပြီး ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် နံနက်စောစောကတည်းက နေအိမ်အောက်ကို ရေဖျန်းထားသင့်သည်။ တတ်နိုင်ပါက အိမ်ဘေးပတ်လည်ကိုလည်း ရေဖျန်းထားသင့်သည်။ ထိုသို့ရေဖျန်းထားလျှင် နေ့ခင်းဘက် အပူချိန်ကို အထိုက်အလျောက် သက်သာစေသည်။ ညဘက်တွင် နှစ်ခြိုက်စွာ အိပ်စက်နိုင်ရေးအတွက် အိပ်ရာမဝင်မီ ရေချိုးခြင်း၊ ကိုယ်လက်ဆေးကြော သန့်စင်ခြင်း၊ ရေဖတ်တိုက်ခြင်းများ ပြုလုပ်ပြီး လေဝင်လေထွက် ကောင်းစေရန် တံခါးအားလုံးကို ဖွင့်ထားရန် လိုအပ်သည်။ အထူးသဖြင့် ခြင်ထောင်ထောင် အိပ်ဖို့ရန် မမေ့သင့်ပေ။ သနပ်ခါးထူထူ လိမ်းထားခြင်းသည်လည်း အပူဒဏ်ခံနိုင်ပြီး အအေးဓာတ်ရစေသည်။

နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်သည် သဘာဝက ပေးထားသော သစ်ရိပ်၊ ဝါးရိပ်များသာလျှင် အကောင်းဆုံးဖြစ်သည်။ နွေထနောင်း၊  ဆောင်းမန်ကျည်း ဆိုသလို နွေရာသီတွင် ထနောင်းပင်များသည် အရွက်များနှင့် စိမ်းစိုနေသောကြောင့် ထနောင်းပင်အောက် ဝင်လိုက်သည်နှင့် အေးမြသွားစေသည်။

ဆိုရလျှင် အရွက်စိမ်းလန်း စိုပြည်နေသော သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကိုသာမက အပူချိန်ကိုလည်း စုပ်ယူနိုင်စွမ်းရှိသည်။ ထို့ကြောင့် မိမိနေအိမ် ပတ်ဝန်းကျင်တွင် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးထားမည်ဆိုလျှင် နွေရာသီအပူဒဏ်ကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်သည်။ တောဓလေ့ထန်းရွက်နှင့် သက်ငယ်တဲများသည် အပူဒဏ်ခံနိုင်သော အဆောက်အအုံများပင် ဖြစ်သည်။ တတ်နိုင်ပါက သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက်   ယာယီ အပူရှောင်တဲများ ဆောက်လုပ် ပေးထားသင့်ပေသည်။

စာရေးသူတို့ငယ်စဉ်က   နွေရာသီရောက်ပြီဆိုလျှင် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားများနှင့်အတူ ဧရာဝတီမြစ်ဘေးရှိ အရိပ်အာဝါသ ကောင်းသော ညောင်ပင်ကြီးများ၊ ကုက္ကိုပင်ကြီးများ အောက်တွင် နေခိုခဲ့ရသည်။  လူကြီးများသည် နေ့ခင်းဘက်တွင် တောဓလေ့အတိုင်း ဝိုင်းဖွဲ့၍ ထန်းလျက်ခဲနှင့် ရေနွေးကြမ်းသောက်ကြသည်။  ကလေးများသည် ဇယ်ခုပ်တန်း၊ ဒန်းစီးတန်းကစားကြသည်။ ညနေစောင်းလျှင်ကျွဲ ၊ နွားများကို ရေဝအောင်တိုက်ပြီး သောက် သုံးရေအတွက် မြစ်ရေကို ရေစည်လှည်းနှင့် တိုက်၍အိမ်သို့ပြန်ကြရသည်။ ထိုစဉ်က နွေရာသီကာလသည် လက်ရှိအချိန်လောက် ပူပြင်းလှသည်ဟု မခံစားခဲ့ရပေ။ သစ်ပင်ကြီးများ ရှိနေသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်။

ကျန်းမာရေး ဂရုစိုက်ရန်လို

အထူးသဖြင့် နွေရာသီတွင် ပြင်းထန်အပူချိန်ကြောင့်  အပူလျှပ်ခြင်း ဖြစ်တတ်သည်။   ထိုသို့ဖြစ်ပွားလျှင်   ရှေးဦးသူနာပြုစုနည်း အတိုင်း အပူသက်သာစေရန် ဆောင်ရွက်ပေးပြီး နီးစပ်ရာဆေးခန်း၊ ဆေးရုံသို့သွားရန် လိုအပ်သည်။ သက်ကြီးရွယ်အိုများတွင် အပူလျှပ်ခြင်း ဖြစ်တတ်သဖြင့်ပို၍ ဂရုစိုက်ပေးသင့်သည်။  နွေရာသီရောက်လျှင် သက်ကြီးဘိုးဘွားများ ကြွေလွင့်လေ့ရှိသည်။ ထို့ကြောင့် သား၊သမီးများသည် မိဘ၊ဘိုးဘွားများ၏ ကျန်းမာရေးကို အထူးဂရုစိုက် သင့်ပေသည်။ ထို့ပြင် ကလေးများတွင်လည်း ချွေးမှတစ်ဆင့် မိတ်ဖုကဲ့သို့သော အနီအပိမ့်များ ထွက်လာပြီး အဖျားတက်သည်အထိ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့်   တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ကလေးငယ်များကို  မြန်မာသနပ်ခါးများ လိမ်းပေးထားမည်ဆိုလျှင် အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်သည်။

ရှောင်ကြဉ်သင့်

အထူးသဖြင့်နွေရာသီတွင် အပူချိန်ပြင်းထန်လှသဖြင့် အရက်၊ ဘီယာသောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်ပေသည်။   အယ်ကိုဟောနှင့်ပြင်းထန် အပူချိန်တို့ ပေါင်းစပ်လိုက်လျှင် ဦးနှောက်သွေးကြောပြတ်သည့် အဆင့်သို့ပင် ရောက်သွားနိုင်သည်။ တတ်နိုင်ပါက ဆေးလိပ်ကိုလည်း ရှောင်ကြဉ်သွားသင့်သည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် မီးဘေးအန္တရာယ်ပါ စိုးရိမ်ရသဖြင့် နွေရာသီတွင် ဆေးလိပ်သောက်သည့် အလေ့အထကို အထူးရှောင်ကြဉ် သွားသင့်ပေသည်။

နွေရာသီနေ့ခင်းဘက်တွင် နေအပူချိန်အောက်၌ လုပ်ကိုင်ကြရသူများသည် ပူလောင်မှုနှင့် ဆာလောင်မှုဒဏ်ကို အခိုက်အတန့် ပြေပျောက်စေရန် ရေခဲရေသောက်ခြင်း၊ ရေခဲထုပ်၊ ရေခဲချောင်းများစားခြင်း၊ လက်လုပ်ချဉ်(သရက်သီး၊ ခွေးသီး) များနှင့် အသုပ်မျိုးစုံတို့ကို စားလေ့ရှိကြသည်။ ထိုသို့ပြုမူခြင်းသည် ကျန်းမာရေးကို များစွာထိခိုက်စေသည်။ နွေရာသီတွင် သောက်ရေအတွက် ညဘက်ကတည်းက သဲအိုးထဲတွင် ရေထည့်ထားသင့်သည်။ ထိုသို့ထည့်ထားလျှင် သဲအိုးထဲရှိရေသည် နေ့ခင်းဘက်တွင် ရေခဲရေကဲ့သို့ပင် အေးစိမ့်ပြီး ကျန်းမာရေးနှင့်လည်း ကိုက်ညီမှုရှိသည်။ ထို့ပြင်  ရေအိုးကို အဝတ်စိုနှင့် ပတ်ထားလျှင်လည်း အေးမြစေသည်။

နွေရာသီတွင် ကျန်းမာအောင် ဘယ်လိုနေထိုင်သွားမလဲ

အမှန်တော့ အသက်ကို ဉာဏ်စောင့် ဥစ္စာကိုကံစောင့် ဆိုသလို ပြင်းထန်လှသော နွေရာသီ အပူဒဏ်အောက်တွင် ကျန်းမာစွာ ဖြတ်သန်းနိုင်ရေး အတွက် နေထိုင်မှုပုံစံများ မှန်ကန်ဖို့လိုသည်။ လူသားတို့ ပယောဂကြောင့် သစ်တောသစ်ပင်များ ပြုန်းတီးလာပြီး ဂေဟစနစ် ယိုယွင်းပျက်စီးလာလျက် ရှိသဖြင့် ကမ္ဘာကြီးသည် တဖြည်းဖြည်း ပူနွေးလာလျက်ရှိသည်။ အကျိုးဆက်အနေဖြင့် အနာဂတ်ကာလတွင် အဆိုးရွားဆုံး ရာသီဥတုကို ဆက်တိုက်ကြုံတွေ့ခံစား ရတော့မည်ဖြစ်သည်။ ထို့ကြောင့် သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဂေဟစနစ်ကို ထိန်းသိမ်းခြင်း စသည့်ကြို တင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပေသည်။

အထူးသဖြင့် ယခုလိုပူပြင်းလှသော နွေရာသီတွင် အပူဒဏ်ကို ခံနိုင်ရန်အတွက် သဘာဝနည်းကိုသာ အသုံးပြုသင့်သည်။ ဆိုလိုသည်မှာ သဘာဝကျကျ စားသောက်၊ နေထိုင်သွားမည်ဆိုလျှင် အပူဒဏ်ကို လွယ်ကူစွာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ခေတ်မီအီလက်ထရွန်နစ် ပစ္စည်းများ၊ သဘာဝလွန် အစားအသောက်များ၊ အရက်၊ ဘီယာ၊ဆေးလိပ်တို့ကိုသာ အသုံးပြုမှီဝဲသွားမည်ဆိုလျှင် ရေရှည်တွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ နွေ၊ မိုး၊ ဆောင်းဥတုသုံးလီကိုနှစ်စဉ်ဖြတ်သန်းနေကြရမည်ဖြစ်၍ အသိဉာဏ်ရှိသော လူသားများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ  စားသောက်နေထိုင်တတ်သည့် အလေ့အထကောင်းများဖြင့် နွေရာသီကို ကျော်ဖြတ်သွားနိုင်ကြပါစေ။ 

မောင်သောင်းဝင်း (တမန်ဟောင်း)

Read 112 times
Rate this item
(0 votes)
Last modified on Tuesday, 23 April 2019 12:15