SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၇၈)

Saturday, 27 April 2019 13:17 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ။ ဆရာရှင့် သမီးကျောကုန်းတွေ နာနာနေပါတယ်။ ဓာတ်မှန်ရိုက် ကြည့်တော့လည်း ဘာမှမတွေ့ပါဘူး။ သမီးက အရင်ဆုံးချောင်းခြောက်တွေ တအားဆိုးပါတယ်။ ချောင်းဆိုးတာ ရက်ကြာတော့ သလိပ်မှာ သွေးစလေး တွေပါလာတယ်။ ဆရာဝန်က လည်ချောင်းကွဲတာလို့ပြောပါတယ်။ အဲဒါ ကြောင့် ဓာတ်မှန်ရိုက်ရတာပါ။ ဆရာဝန်က အဆုတ်မှာ ဘာမှရောဂါ လက္ခဏာ ကြီးကြီးမားမား မတွေ့ဘူးလို့ ပြောပါတယ်။ ချောင်းဆိုးပျောက် သွားတော့ သိပ်မကြာခင် လည်ပင်းမှာ အကျိတ်သေးသေးလေးတွေ ထွက်လာပါတယ်။ ဆရာဝန်သွားပြတော့ အပူကျိတ် သေးသေးလေးတွေလို့ ပြောပါတယ်။ ဆေးငါးရက်စာ ပေးပါတယ်။ သမီးအကျိတ်လေးတွေလည်း မရှိတော့ဘူးဆရာ။ သမီးက အညှော်ရှောင်တယ်ဆရာ။ အပူအစပ် မစားပါ ဘူး။ ခံတက်ခေါက်ကို ဆန်ဆေးရည်နဲ့ သွေးလိမ်းရမယ်ဆိုလို့ လိမ်းနေပါ တယ်။ ဆရာပြန်သွားပြတော့ ဆေးလေးရက်စာ ပေးလိုက်ပါတယ်။ မသက် သာရင် သမားတော် တစ်ယောက်နဲ့ပြပါလို့ ပြောလိုက်ပါတယ်ဆရာ။ ဆေးက တအားပြင်းတော့ သောက်ပြီးရင် မထူနိုင်ဘူး။ အခု မေမေက ဝက်ချေးပနဲပင် ဆိုတာရလာလို့ ပြုတ်တိုက်တယ်ဆရာ။ ခါးတယ်၊ အဝင်ဆိုးတယ်။ သောက် လို့ရလားဆရာ။ အနာတခြား၊ ဆေးတခြားဖြစ်မှာ ကြောက်လို့ပါဆရာ။ ဝက်ချေးပနဲပင်ဆိုတာ ဘယ်လိုရောဂါတွေအတွက် ကောင်းတယ်ဆိုတာ သိပါရစေ ဆရာကြီး ရှင့်။

ဖြေ။  ။ သမီးရောဂါက အဆုတ်မှာ အပူငုပ်နေတာပါ။ လည်ပင်းမှာ အကျိတ ထွက်တတ်သလို ကျောနဲ့ရင်လည်း အောင့်တတ်ပါတယ်။ စစ်ဆေးကြည့်ရင် တီဘီရောဂါ မဟုတ်ပေမယ့် တီဘီရောဂါနဲ့ ခပ်ဆင်ဆင် တူတတ်ပါတယ်။ တီဘီရောဂါ အစစ်က Evening Fever ညနေဘက် ဖျားလေ့ရှိပါတယ်။ တစ်နေကုန်လည်း ကြက်ကိုယ်ကဲ့သို့ တငွေ့ငွေ့ပူနေတတ်ပါတယ်။ ချောင်း ခြောက်လည်းဆိုးပါတယ်။ အဆုတ် အပူငုပ်သူကတော့ ချောင်းဆိုးပေမယ့် ညနေဘက် ညဘက် ပုံမှန်မဖျားပါ။ တိုင်းရင်းဆေးနည်းအရ ပိုးကြောင့်ဖြစ်တဲ့  အဆုတ်ရောဂါတွေကို လောက်သေရွက် ပြုတ်တိုက်ခိုင်းပါတယ်။ ရိုးရိုး အပူ ငုပ်ပြီး အကျိတ်ထွက်တဲ့ ရောဂါများကို ဝက်ချေးပနဲ(တံမြက်စည်းပင်) အရိုး၊ အရွက် ပဉ္စငါးပါးကို ထန်းလျက်နဲ့ ရောပြုတ်တိုက်ပါတယ်။ ဝက်ချေးပနဲပင်ကို တချို့အရပ်တွေမှာ ''ရွှေတံတိုင်း''လို့လည်း ခေါ်ပါတယ်။ အရပ်သုံး အနေနဲ့ ငှက်ဖျား၊ ချမ်းတုန်ဖျားဖြစ်ရင် ချင်းတက်နဲ့ ရောပြုတ်တိုက်ရင် ပျောက်ပါ တယ်။ လည်ချောင်းနာ အသံဝင်ရင်လည်း ဝက်ချေးပနဲပင်ကို ဆားအနည်း ငယ် ထည့်ပြုတ်ပြီး ငုံပေး၊ အာလုတ်ကျင်းပေးရင် ပျောက်ပါတယ်။ နှလုံး သွေးကြောကျဉ်းရောဂါ လက်တွေ့ ပျောက်ကင်းသူတစ်ဦးက တင်ပြထားရာ မှာလည်း ဝက်ချေးပနဲတစ်ပင်လုံး(ပဉ္စငါးပါး)ကို သုံးခွက်တစ်ခွက် တင်ကျို တစ်နေ့သုံးကြိမ်သောက်ပါ။ တစ်လသောက်သုံးပြီးနောက် ဆေးစစ်ကြည့် သောအခါ သွေးကြောကျဉ်းရောဂါ သက်သာပျောက်ကင်းသည်ဟု ရေးတင် ထားသည်ကို ဖတ်ရှုရဖူးသည်။ စာရေးသူ အလုပ်သင်ဆရာဘဝက လက် တွေ့ကွင်းဆင်း ဆေးကုသရာ ရွှေစာရံနယ်ဘက်တွင် တံမြက်စည်းပင် အဖြစ်ပြုလုပ်သော အဝါရောင်အပွင့်များပွင့်သည့် ဝက်ချေးပနဲပင်ကို သီးသန့် စိုက်ပျိုးထားသည်ကို တွေ့ရဖူးသည်။ ၎င်းအပင်ကိုပင် ရွာသူ၊ ရွာသားများက ငှက်ဖျားပျောက်ဆေးအဖြစ် ကျိုသောက်သည်ကို တွေ့ရဖူးသည်။ မိန်း ကလေးများ သွေးမပေါ်လျှင်လည်း ဤအပင်ကို ထန်းလျက်ဖြင့် ရောကျို သောက်လျှင် သွေးပုံမှန်ပေါ်ကြောင်း သိရသည်။ ဆေးဖက်အသုံးများစွာ ဝင်သော ဝက်ချေးပနဲ(ရွှေတံတိုင်း)ပင်ဖြစ်သည်။

မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်တော့်အသက် ၄၂ နှစ်ပါ။ ကျွန်တော် ကား မောင်းတဲ့ အလုပ်လုပ်တာပါ။ ကျွန်တော် တဖြည်းဖြည်းဝလာပြီး ပေါင်ချိန် ၁၇ဝ လောက်ဖြစ်လာတာ အသက်ရှူရတာလည်း မဝသလို ခံစားရပါတယ်။ အင်္ဂလိပ်ဆေးတွေလည်း မသောက်ချင်လို့ပါဆရာ။ ကျေးဇူးပြုပြီး  ဆေးနည်း လေးပြောပြပေးပါ ဆရာ။

ဖြေ။  ။ မျိုးရိုးကြောင့် အဝလွန်ခြင်းနှင့် အထိုင်များခြင်း၊ လမ်းလျှောက် နည်းခြင်း၊ အစားအသောက်လွန်ကဲခြင်း၊ အဆီအအိမ့်အစားများခြင်းတို့ ကြောင့် အဝလွန်ရောဂါဖြစ်တတ်ပါတယ်။

·       သံပရာသီးကို ထက်ခြမ်းခြမ်း၍ အခွံပါရေနွေးစိမ်သောက်လျှင် အဆီ ကျပိန်စေပါတယ်။

·       ရှောက်သီးအရည်နဲ့  ပျားရည်ကိုစပ်၍  နေ့စဉ်သောက်သုံးပေးလျှင်  အဆီကျပိန်စေနိုင်ပါတယ်။

·       ရေနွေးအဖန်ရည်ကို  ထမင်းစားပြီးတိုင်း  သောက်သုံးပေးလျှင်  အဝ လွန်ခြင်းကို ထိန်းစေနိုင်ပါတယ်။

·       သက်ရင်းကြီး အရွက်အနုကိုပြုတ်၍ အတို့အမြှုပ်ပြုလုပ်စားလျှင် ဝ၍ ဝမ်းဗိုက်စူခြင်းကို သက်သာစေနိုင်ပါတယ်။

·       ရှောက်သီးအရည်သုံးဇွန်း၊ ဆားခါးတစ်ဇွန်း ညအိပ်ရာဝင်ချိန်သောက် သုံးပေးလျှင် ဝမ်းမှန်ပြီး အဝလွန်ခြင်းကို ထိန်းစေနိုင်ပါတယ်။

မေး။ ။ ဆရာ မင်္ဂလာပါရှင့်။ သမီးအသက်က ၂၁ နှစ်ပါ။ အသားအရေ ညစ်ပြီး မွဲခြောက်သလို ဖြစ်နေလို့ ဆေးနည်းလေး လမ်းညွှန်ပေးပါရှင့်။

ဖြေ။  ။ ရှားစောင်းလက်ပပ်အနှစ် လက်လေးဆစ်သကြားနဲ့ခေါက် နေ့စဉ် စားပါ။ နေရောင်ခြည်ထွက်ခြင်း၊ လေတိုက်ခံခြင်းကို ရှောင်ကြဉ်ပါ။ သနပ်ခါး အမြစ်တုံးကို ရှားစောင်းလက်ပပ်နဲ့ ရောသွေးလိမ်းရင်လည်း အသားဖြူဝင်း စိုပြည်စေနိုင်ပါတယ်။ ရှားစောင်းလက်ပပ် ချက်ဆေး ချက်စားရင်လည်း အသားအရေ စိုပြည်စေနိုင်ပါတယ်။ (ချက်ဆေးနည်းကတော့ - ရှားစောင်း လက်ပပ်အနှစ် ၁ဝ ကျပ်သား၊ မန်ကျည်းမှည့်အနှစ် ၁၅ ကျပ်သား၊ ထန်း လျက်အမည်း ၂၅ ကျပ်သား၊ ကြိတ်မှန်ရွက် လက်တစ်ဆုပ်၊ ဆားလှော် ၃ ကျပ်သား မြေအိုးဖြင့် မီးနွေးနွေးဖြင့် ချက်ပါ။ နံနက်ည ဟင်းစားဇွန်း တစ်ဇွန်း မှ နှစ်ဇွန်းစားပါ။ မစိုမပြည်အသားအရေညစ်မွဲ မီးယပ်ပိန်၊ မီးယပ်ခြောက်၊  မီးယပ်ဖောက်ပြန်သော ရောဂါမှန်သမျှ ပျောက်ကင်းသော ရှေးဆေးနည်းကြီး ဖြစ်သည်။

မေး။  ။ ဆရာ မင်္ဂလာပါ။ သမီးဆရာကိုပြောပြမလို့။ သမီးအရောင်းစာရေးမ လုပ်တော့ အဲယားကွန်း မတည့်တာလား မသိဘူး။ တစ်ခါမှ ချောင်းဆိုး ရင်ကျပ်မရှိဘဲ ညဆို ရေမချိုးရဲအောင် တခွီးခွီးနဲ့ ကျပ်ပါတယ်။ ကန်တော့ နော်ဆရာ။ မိုးလင်းရင် နှပ်က တစ်ချိန်လုံးထွက် ဆေးလည်းစုံနေရော ဆရာ။ အဲဒါနဲ့ ဟိုတလောက ခြေဖဝါးဆားပွတ်ဆိုတာ တွေ့တာနဲ့ အပန်းမကြီးဘူး ဆိုပြီး ပွတ်တာ ၁ဝ ရက်လောက် သတိမထားမိတာ ချောင်းကမဆိုးတော့ သလို နှာလည်းမစေး နှပ်လည်း မထွက်တော့ဘူးဆရာ။ အခု ညတိုင်း ဆားပွတ်နေတယ် ဆရာ။ ပွတ်တာကတော့ ပယ်ပယ်နယ်နယ်ကို ထိုင်ပွတ် တာ ပြီးမှအိပ်ရာဝင်ခါနီး ခြေထောက်ရေဆေး အိပ်ရာဝင်တာ  ဝမ်းသာ လိုက်တာဆရာ။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။

ဖြေ။  ။ ကောင်းသွားတာကို ပြန်ပြောပြတာ ဝမ်းသာပါတယ်။ သူများတွေကို လည်း မျှဝေပေးလိုက်ပါတယ်။ ဆားပွတ်တာ ငွေလည်းမကုန်ကျဘဲ ရောဂါ ပျောက်သူတွေ အများကြီးရှိပါတယ်။ ထိပ်ကပ်နာ၊ ခေါင်းကိုက်တာ၊ ဇက် ကြောတက်တာ၊ ခါးနာတာအစုံပါပဲ။ ဆရာ စာအုပ်တစ်အုပ်ရေးမလို့ အချက် အလက်စုနေတာနဲ့ အခုသမီးက ပြောလာတာနဲ့အတော်ပါပဲ။ မျှဝေမယ်နော်။ သမီး ကျန်းမာချမ်းသာပါစေ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း မြန်မာပြည်က ဆေးနည်းနဲ့ပျောက်တယ်ဆိုတော့ မြန်မာဆေးနည်းတိုအတွက်တော့ ဂုဏ်ယူ စရာပေါ့။

မေး။ ။ ဆရာ မင်္ဂလာပါခင်ဗျ။ အသိမိန်းကလေးတစ်ယောက် ဝမ်းနုတ်ဆေး စားမှ ဝမ်းသွားပါတယ်။ မစားရင် မသွားပါဘူးဆရာ။ ဝမ်းချုပ်ပြီးခေါင်းခဲ ဖြစ်နေပါတယ်ဆရာ။ ဆေးနည်းလေးအကြံပြုပေးစေလိုပါတယ်ခင်ဗျ။

ဖြေ။ ။ မန်ကျည်းဖျော်ရည် ဆားခါးတစ်ဇွန်းထည့်ဖျော် ညနေဘက်သောက် ပါ။ ရှားစောင်းလက်ပပ် အနှစ်လက်လေးသစ် နေ့စဉ်စားပေးပါ။ အူလမ်း ကြောင်းအတွက် ကောင်းတယ်။ ဝမ်းနုတ်ဆေးစားဖို့မလိုပါ။

မေး။ ။ ဆရာရှင့် ကျွန်မအိပ်ရာကနိုးရင် လက်မောင်းကစပြီးကျဉ်နေပါတယ်။ တစ်ဖက်စောင်းလည်းအိပ်တတ်ပါတယ်။ သတိထားပြီးမဖိမိအောင်အိပ်လည်း ကျဉ်တတ်ပါတယ်။ လေဖြတ်နိုင်ပါသလားဆရာ။ ဘယ်လိုကာကွယ်ရမလဲ။ ကျေးဇူးပြု၍ညွှန်ကြားပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။ ။ ပထမဦးစွာ ဇက်ကျီးပေါင်းရှိ၊မရှိ တတ်ကျွမ်းတဲ့ဆရာ၊ အကြောအဆစ် ဆရာဝန်ပြ စစ်ဆေးကြည့်ပါ။ လေမဖြတ်အောင် ကာကွယ်ဖို့ တိုင်းရင်းဆေး စားချင်တယ်ဆိုရင် ဆင်တုံးမနွယ်ပါတဲ့ ဆေးတစ်မျိုးမျိုးကို ဝယ်စားပါ။ သို့မဟုတ် ဆင်တုံးမနွယ် အမှုန့်ကြိတ်ပြီးသား (ပရဆေးဆိုင်မှ ဝယ်ယူပြီး) ပျားရည်နဲ့ ရောမွှေတေထားပါ။ ဖန်ပုလင်းတွင်ထည့် အပေါ်မှနှမ်းဆီထည့်ပြီး အုပ်ထားပါ။ နံနက်၊ ည ကော်ဖီဇွန်းနဲ့ တစ်ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ်တစ်ခါ နေရောင်ပြပေးပါ။ ဆင်တုံးမနွယ်က အကြောလေလျှောက် ဆေးဖြစ်ပါတယ်။

မေး။ ။ မင်္ဂလာပါဆရာ။ သမီးကိုတစ်ခုလောက်မေးခွင့်ပြုပါ။ ဦးနှောက် အကျိတ်တည်လို့ ခေါင်းခဏခဏကိုက်တာ မြန်မာဆေးနည်းနဲ့ကုသလို့ရပါ သလားဆရာ။ ကျေးဇူးပြုပြီး သမီးကိုလမ်းညွှန်ပေးပါရှင့်။

ဖြေ။ ။ တိုင်းရင်းဆေးအမှတ်(၄၃) အကင်းဆယ်ပါးအမှုန့်ဝယ်ပါ။ (တိုင်းရင်း ဆေးခန်းနဲ့ ပရဆေးဆိုင်များမှာရနိုင်ပါတယ်။) ထိုဆေးမှုန့်ကို ခွက်ငယ်တွင် ထည့် ထိပ်ကိုချွန်အောင်စုပြီးမီးရှို့ပါ။ ထွက်လာသော အငွေ့ကို ရှူပေးပါက ခေါင်းကိုက်ရောဂါ၊ ဦးနှောက်မကြည်သောရောဂါများ သက်သာပျောက်ကင်း နိုင်တယ်။ အနောက်တိုင်းဆေးနဲ့ ကုသနေရင်း တွဲဖက်သုံးစွဲနိုင်ပါတယ်။

မေး။ ။ ဆရာရှင့် မြေးလေးက အသက် နှစ်နှစ်ခွဲရှိပါပြီ။ ချွေးတွေအရမ်းထွက် နေလို့ပါ။ အိပ်လည်းထွက်၊ နေ့ခင်းလည်းထွက်ပါတယ်။ ဘယ်လိုလုပ်ပေးရ မလဲရှင့်။ ချွေးသီးချွေးပေါက်တွေထွက်တာပါ။ ဆေးနည်းလေးပြောပြပေးပါရှင့်။

ဖြေ။ ။ ကလေးချွေးထွက်များရင် ဆန်ဆေးရည်အကြည်ကိုသကြားခတ်ပြီး တိုက်ပေးပါ။ နံနက်ရေမချိုးမီ တိုက်ပါ။ ခြေဖဝါးဆားပွတ် ဒူးအထက်မှ ရေ လောင်းခြေဆေးပေးပါ။

မေး။ ။ ဆရာ ကျွန်တော်ပေါင်ရင်းဆစ်မှာ ဆိုင်ကယ်လဲကျပြီး ကျီးပေါင်းလည်း တက်နေပါတယ်ဆရာ။ အကြောလည်းလွဲ အကြောထုံးသလိုဖြစ်သွားတယ် ဆရာကြီး။ အဲဒါ ဘာဆေးနဲ့ကုသရမယ်ဆိုတာ ကျေးဇူးပြုပြီးပြောပြပေးပါ ဆရာကြီး။

ဖြေ။ ။ သက်ရင်းကြီးမြစ်၊ တောရှောက်မြစ်၊ ဝံအူမြစ် ရရာကိုသွေးလိမ်းပါ။ မုန်ညင်းဆီကိုမီးနှင့် ချက်လိမ်းပြီး ဆားကြပ်ထုပ်ထိုးလျှင် အကြောထုံးတာ ပြေစေနိုင်ပါတယ်။ မိဿလင်ကြပ်ထုပ်လည်းထိုးနိုင်ပါတယ်။

မေး။  ။ ဆရာချောင်းဆိုးရင် သွေးပါနေလို့ပါခင်ဗျ။ ချောင်းဆိုးတဲ့အခါ သွေးစပါလာတာကို မြန်မာဆေးနည်းလေး ပြောပြပေးပါဆရာ။ ကျေးဇူးတင် ပါတယ်။

ဖြေ။  ။ ပန်းလဲပွင့်နဲ့ မုရားကြီးရွက် နှစ်မျိုးရလျှင် ရောပြုတ်သောက်ပါ။ ပန်းလဲပွင့်ခြောက်ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်။ ပန်းလဲ ပွင့်က သွေးအန်တာ၊ သွေးကျတာတွေကို နိုင်ပါတယ်။ မုရားကြီးရွက်က အဆုတ်ချောင်းဆိုး သွေးပါတာကို နိုင်ပါတယ်။

မေး။   ။ ဆရာ မင်္ဂလာပါ။ ကျွန်မတစ်ကိုယ်လုံး ယားလို့ပါ။ ဆေးနည်း လေးလမ်းညွှန်ပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။

ဖြေ။     ယားယံခြင်းကား လေကင်းမှတ်ရာ(နရသုခိ)။ လေစာတွေ ရှောင် စားပါ။ ရှောက်သီးအရည်ညှစ် ပျားရည်နဲ့စပ်သောက်ပါ။ မန်ကျည်းမှည့်  အနှစ်နဲ့ဆားနဲ့  ရောပွတ်ထား  ခဏကြာမှ  ရေချိုးပါ။  တမာရွက်ခြောက် အမှုန့်ပြု သနပ်ခါးနဲ့ ရောစပ်လိမ်းပါ။ ပျားရည်နဲ့ သံပရာရည် ရောစပ်လိမ်းပါ။  အမာရွတ်ပျောက်အောင် ကွမ်းသီးခြမ်းသွေးလိမ်းပါ။ (အကြောင်းပြန်) ဆရာ ရှင့် ဆရာပေးတဲ့ ရှောက်သီးအရည်ကို ပျားရည်နဲ့ သောက်ပါတယ်။ မန်ကျည်းသီးနဲ့ ဆားနဲ့ရောလူးပြီး ရေချိုးလိုက်တာ ယားတာလည်း သက်သာ သွားပါပြီ။ ညလည်းကောင်းကောင်း အိပ်ရပါတယ်။

မေး။  ။ ဆရာမေးစရာလေးရှိလို့ပါ။  ဦးပဉ္စင်း လည်ချောင်းနာနေတာ တစ်နှစ် ကျော်ပြီဆရာ။ မပျောက်လို့ပါ။ ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန် တွေပြတာလည်းစုံနေပြီ မပျောက်ပါဘူးဆရာ။ ဆရာဆေးနည်းလေးများရှိရင်  ညွှန်ပေးပါဆရာ။ အပူအစပ်စားရင် လည်ချောင်းပူနေတတ်လို့ပါဆရာ။

ဖြေ။   ။ နံနက်ရေမချိုးမီ ဆန်ဆေးရည် တစ်ဖန်ခွက်သောက်ပါ။ မီးကွင်း ဂမုန်းရွက်ကို ထန်းလျက်နဲ့ ကျိုသောက်ပါ။ ဖီးကြမ်းငှက်ပျောသီး နေ့စဉ်စား ပါ။ ညအိပ်ရာဝင် ဒူးအထက်မှ အောက်ရေလောင်းခြေဆေးပါ။ ကျားမနိုင် နွယ်မြစ်သွေးပြီး လည်ပင်းတွင် လိမ်းပါ။

မေး။   ။ ဆရာမင်္ဂလာပါ။ ကျွန်တော် နှာခေါင်းအတွင်းထဲမှာ အနာလို အဖုလေးပေါက်နေလို့ပါဆရာ။ ဆရာဝန်ပြရင် ခွဲစိတ်ရမှာ ကြောက်လို့ပါ ဆရာ။ ဆေးနည်းတိုလေးနဲ့ ပျောက်နိုင်မယ်ဆိုရင် လမ်းညွှန်ပေးပါ။

ဖြေ။   ။ ရေကို လက်ခုပ်ဖြင့် ရှူသွင်းပေးပါ။ ဆားခါးကို ရေနွေးနဲ့ဖျော် နှာခေါင်းတွင်းသို့ ဝင်အောင်မော့ပြီးထည့်ပါ။ တစ်ဖက်နှာခေါင်းပေါက်မှ ပြန် ထွက်လာပါလိမ့်မည်။ (တစ်နည်း)သံပရာသီးကို အရည်ညှစ်၍ နှာခေါင်း တွင်းသို့ ထည့်ပါ။ နှာခေါင်းတွင်း ဝက်ခြံပေါက်လျှင် သြဇာသီးခြောက်ကို သွေးပြီး နှာခေါင်းအပြင်မှာ လိမ်းပါ။

မေး။   ။ ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်အလုပ်ကအပြန် မိုးမိပြီး နေမကောင်းသလိုဖြစ်ကာ ဝမ်းခဏခဏသွားနေပါတယ်။ ဆေးခန်းပြပေမယ့် ဝမ်းသွားနေတာက ရပ်မသွားဘူးဆရာ။ မြန်မာဆေးနည်းလေး ကျွန်တော့်ကို လမ်းညွှန်ပြောပြပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။

ဖြေ။     မိုးဥတု ခြေထောက်ရေစိုသော ကာလများတွင် ဖြစ်တတ်ပါတယ်။  ခြေအေးဝမ်းရောင်ဟူ၍ လူကြီးများ ဆိုစကားရှိပါတယ်။ ဝမ်းဗိုက်တွင်   လေပွပြီး ဖောရောင်ကာ ဝမ်းတဆစ်ဆစ် သွားနေတတ်ပါတယ်။ ဆေးနည်း ကတော့ - ကြက်သွန်ဖြူမီးဖုတ်စားပါ။ ကြက်သွန်ဖြူကို ပျားရည်နဲ့စိမ်စား လျှင်လည်း ရပါတယ်။ (တစ်နည်း)ရှောက်သီးအရည်နဲ့ ပျားရည်ရောစပ် ဘသောက်ပါ။ ဆားကို နီရဲအောင်လှော်ပြီး သကြားလုံး သုံးဆနှင့် ရောစပ်၍  ရှောက်ရည်ဖြင့် ဖျော်သောက်လျှင် ဝမ်းဖောဝမ်းရောင်သက်သာစေပါတယ်။  (တစ်နည်း)ချင်းစိမ်းနှင့် လင်းနေကိုရောပြီး ပြုတ်သောက်လည်းရပါတယ်။  နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီကို မီးဖြင့်အပူပေးပြီး ဝမ်းဗိုက်တွင် ချက်တိုင် ပတ်၍ လက်ယာရစ်လိမ်းပေးပါ။ ပဲနံ့သာစေ့နှင့် သစ်ကြံပိုးခေါက်တို့ကို  အမှုန့်ပြု၍ ဟင်းချက်ရာတွင် ထည့်စားလျှင် ဝမ်းဖောဝမ်းရောင်သက်သာ စေပါတယ်။ ငါးရံ့ကို ဆန်လှော်နှင့်ရော၊ စပါးလင်များများထည့်၍ ငါးရံ့ ဆန်လှော်ဟင်းချက်သောက်လျှင် ဝမ်းဖောဝမ်းရောင်ရောဂါ သက်သာစေပါ တယ်(ဓာတ်စာဖြစ်သည်)။

မေး။   ။ ဆရာခင်ဗျာ လက်ကို ရေနွေးပူလောင်လို့ စပ်ဖျဉ်းဖျဉ်းဖြစ်နေလို့ပါ။ ဆရာဆေးနည်းလေး ကူညီပေးပါဦး ဆရာ၊ ကျေးဇူးတင်ပါတယ်။

ဖြေ။   ။ ဆားလက်တစ်ဆုပ် ရေဖလားထဲထည့်ဖျော်ပြီး လက်ကိုစိမ်ပါ။ ၁ဝ မိနစ်စိမ်ပြီးလျှင် ခရမ်းချဉ်သီးအနှစ်ကိုခြေပြီး လိမ်းပါ။ ခရမ်းပြာလိမ်း ဆေးရှိ ရင်လည်း လိမ်း၍ရပါသည်။ အဆီမလိမ်းပါနှင့်။   

ကြည်လွင်မြင့်(မုဒြာ)

Read 265 times
Rate this item
(0 votes)
Last modified on Saturday, 27 April 2019 13:34

Latest from ကေတု