SJ WorldNews - шаблон joomla Авто

ဆံကေသာ ကျန်းမာရေး

Wednesday, 01 May 2019 08:33 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတို့ ဆံကေသာကို အမြတ်တနိုး တန်ဖိုးထားကြပါတယ်။ နံနက်အိပ်ရာထပြီဆိုရင် မျက်နှာသစ်၊ သွားတိုက်ပြီးရင် ပထမဆုံးလုပ်ရတာတော့ ခေါင်းဖြီးတာပဲ မဟုတ်ပါလား။ အမေတို့ရှေးခေတ်ကတော့ အမျိုးသမီးတွေဆိုရင် အုန်းဆီလိမ်းပြီး ဘီးဆံပတ်ဆံထုံးထုံးတာပေါ့။ အမျိုးသားတွေကတော့ ခေါင်းလိမ်းဆီလိမ်းပြီး ဘိုကေကိုပြောင်နေအောင် သတာပေါ့လေ။ဒီလိုမျိုး ကျွန်မတို့တန်ဖိုးထားတဲ့ ဆံကေသာကို နက်မှောင်သန်စွမ်းနေအောင် ဘယ်လိုလုပ် ကြမလဲ။ ဆောင်ရန်/ရှောင်ရန်တွေ ဘာ တွေများရှိပါလိမ့်ဆိုတာ ပိုပြီးသိကြရအောင်ရည်ရွယ်ပြီး ဒီဆောင်းပါးကိုရေးလိုက်တာပါ။

နက်မှောင်သန်စွမ်းဆိုတဲ့စကားလုံးမှာပါတဲ့ စာလုံးတိုင်းဟာ အဓိပ္ပာယ်ရှိပါတယ်။ နက်တယ်ဆိုတာ ဆံပင်အရောင်နက်တာကိုဆိုလိုတာပါ။ ကျွန်မတို့အရှေ့တိုင်းသားတွေရဲ့ဆံပင်အရောင်ဟာ အနက် သို့မဟုတ် အညိုရင့်ရော င်ဖြစ်ပါတယ်။ အနောက်တိုင်းသားတွေရဲ့ ဆံပင်အရောင်ကတော့ ငယ်ငယ် ကတွေ့တဲ့ ဘိုမရုပ်လေးထဲကလိုပဲ အဝါရောင် သို့မဟုတ် ရွှေဝါရောင် သို့မဟုတ် မီးခိုး ရောင်ပဲဖြစ်ပါတယ်။ ဆံပင်အရောင်ကိုကြည့်လိုက်တာနဲ့ အရှေ့ တိုင်းသားလား၊ အနောက်တိုင်းသား လားဆိုတာ ခွဲခြားနိုင်ပါတယ်။ ဆံပင်အရောင်နက်ပြီး စိုပြည်တောက်ပြောင်နေတာက ကျန်းမာ သန်စွမ်းတဲ့ဆံပင်ဖြစ်ပါတယ်။ မသန်စွမ်းတဲ့ဆံပင်အရောင်ကတော့ အနက်မွဲမွဲအရောင် ဖြစ်လေ့ရှိပါတယ်။

မှောင်တယ်ဆိုတာ အနက်ရောင်ရှိတဲ့ ဆံပင်အရေအတွက် များလွန်းလို့ နက်ပြီးမှောင်နေတာပါ။ တစ်နည်းအားဖြင့် ဆံပင်မပါးဘူး၊ မကျဲဘူး၊ ထိပ်မပြောင်ဘူးပေါ့။ မှောင်တယ်ဆိုတာ ဆံပင်ကျန်းမာ သန်စွမ်းတာကိုဆိုလိုတာပါ။ သန်စွမ်း ဆိုတဲ့အဓိပ္ပာယ်ကရော။ ဆံပင်တစ်ချောင်းကို နုတ်ကြည့်မယ် ဆိုရင် ဆံပင်အမြစ်(အိတ်)နဲ့ ဆံပင်အလုံးကို တွေ့ရမှာပါ။ ကျန်းမာတဲ့ဆံပင်ရဲ့အမြစ်က ကြီးတယ်။ ဆံပင်ကလည်း တုတ်တယ်။ သူ့ရဲ့ဆံပင်အဖျားမှာလည်း အခွတွေဖြစ်မသွားဘူးလေ။ တချို့ဆံပင် လေးတွေဆိုရင် ပိုးချည်မျှင်လေးတွေလိုပဲဖြစ်နေတာ။ ပျော့ပျော့သေးသေးလေးပေါ့။

ဒီလိုမျိုးနက်မှောင်သန်စွမ်းတဲ့ဆံပင်ဖြစ်အောင် ကျွန်မတို့နေ့စဉ်စားသုံးတဲ့ အစားအစာမှာ အသားဓာတ် အလုံအလောက်ပါဖို့လိုအပ်ပါတယ်။ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အသားငါးနဲ့ အစေ့အဆန်တွေကိုနေ့စဉ် စားဖို့လိုပါတယ်။ ဆံပင်တို့၊ ဦးရေပြားတို့ဟာ အသားဓာတ်ကဖြစ်လာတာတွေလေ။ ဒါ့အပြင် သံဓာတ် ဟာလည်း ဆံပင်ပေါက်ဖို့အတွက် အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ အသီးအရွက်အမျိုးမျိုး (အထူးသဖြင့် ကြော်ချက်လိုက်ရင် မည်းနက်သွားတဲ့ ဟာတွေ) ဖရုံစေ့၊ ပဲအမျိုးမျိုးနဲ့ အသားနီ (အမဲသား၊ ဆိတ်သား၊ ဝက်သား) အသားတွေဟာ သံဓာတ်ကြွယ်ဝပါတယ်။

ထူးခြားတာတစ်ခုကတော့ အေရိုမာကုထုံး (AREOMATHERAMY) ဖြင့်လည်း ဆံပင်တွေနက်မှောင် သန်စွမ်းတယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်လောက်ကတည်းက အေရိုမာကုထုံးကို အသုံးပြုပြီး ဆံပင်တွေကို ပိုမိုသန်စွမ်းအောင် လုပ်ဆောင်နိုင်ပါတယ်တဲ့။ သူတို့အေရိုမာကုထုံးမှာသုံးတဲ့ အမွှေး နံ့သာတွေကတော့ Cedarwood၊ လီဗန်ဒါ၊ ရို့စ်မေရီ၊ ထိုင်းနဲ့ တာဆီတို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဦးရေပြားကို နှိပ်နယ်ပေးခြင်းကလည်း ဆံကေသာကို သန်စွမ်းစေပါတယ်။ ဂျပန် သုတေသီတွေရဲ့တွေ့ရှိချက်ကတော့ လက်ဖျားထိပ်နဲ့ ဦးခေါင်းအရေပြားကို တစ်နေ့ကို လေးမိနစ်ပဲ နှိပ်နယ်ပေးရင် ခြောက်လလောက် ကြာတဲ့အခါ ဆံပင်ပိုပြီးသန်စွမ်းလာတာကို တွေ့ရှိရတယ်လို့ ဆိုပါ တယ်။ ဒါတင်မကသေးပါဘူး။ ဖရုံစေ့အဆီကို နေ့စဉ်သောက်ရင် ဆံကေသာ အလှတိုးတယ်လို့ ဆိုပါတယ်။ ဒါကတော့ ၂ဝ၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သုတေသနပါ။ အမျိုးသားအသက် ၅ဝ-၆ဝ အရွယ်တွေကို အုပ်စုနှစ်စုခွဲလိုက်ပါတယ်။ ဦးထိပ်ပြောင်အုပ်စုတစ်စုကို ဖရုံစေ့အဆီနေ့စဉ် တိုက် တယ်။ ၄ဝဝ မီလီဂရမ်အဆီပေါ့။ ခြောက်လတိတိတိုက်ပြီး ဒီလူတွေရဲ့ ဆံပင်အရေအတွက်ဟာ အဆီမတိုက်ခင်ကထက် ၄ဝ ရာခိုင်နှုန်းပေါက်လာတယ်တဲ့။ ဆိုလိုတာက မူလဆံပင်အရေအတွက် ၁ဝဝ ရှိရင် ခြောက်လကြာဖရုံစေ့ အဆီသောက်ပြီးတော့ ဆံပင်အရေအတွက် ၁၄ဝ ရှိလာတာပေါ့။ ဖရုံဆီမတိုက်ဘဲထားတဲ့ ဦးထိပ်ပြောင်အုပ်စုမှာတော့ ၁ဝ ရာခိုင်နှုန်းပဲပိုလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကဲ ဦးပြောင်တို့ဖရုံဆီ နေ့စဉ်သောက်ကြစို့။

တကယ်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သဘောတရားအရ အသက်ကြီးလာရင် အထူးသဖြင့် ၆ဝ ကျော်လာရင် ဆံပင်တွေပါးသွားတတ်ပါတယ်။ ဆံပင်ကျွတ်တာပိုများတာ မဟုတ်ဘဲ ဆံပင်အသစ် ပေါက်နှုန်းနည်းသွားတာပါ။ သဘာဝပါပဲ။ အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့ပုံစံက နားထင်၊ နဖူး အစပ်ကစပြီး ကျွတ်ပါတယ်။ ထိပ်ပြောင်တာပေါ့။ တချို့မှာတော့ နောက်စေ့နားမှာလည်း ကျွတ်တော့ နောက်ပြောင်ပါဖြစ်တာပေါ့။ ပိုဆိုးလာရင် တစ်ခေါင်း လုံးပြောင်တာပေါ့။ အမျိုးသမီးတွေဆံပင်ကျွတ်တဲ့ ပုံစံကတော့ တစ်ခေါင်းလုံးနေရာအနှံ့ တဖြည်းဖြည်းပါးလာတဲ့ သဘောပါ။

ဆောပလယ်မီတိုဆိုတဲ့ ဆေးတစ်မျိုးဟာ အမျိုးသားများ ထိပ်ပြောင်တာ ကိုလျော့စေတာတွေ့ရ တယ်လို့ အချို့သုတေသနတွေမှာ ပြောပါတယ်။ နေ့စဉ် ၃၂ဝ မီလီဂရမ်ခန့်သောက်မယ်ဆိုရင် နှစ်နှစ်ကြာတဲ့အခါ သိသာမယ်လို့ ဆိုပါတယ်။ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေတော့ ဖော်ပြမထားပါဘူး။ အမေတို့အမြဲသုံးတဲ့အုန်းဆီ၊ သံလွင်ဆီတွေကလည်း အခုလက်တွေ့ သုံးနေသူမှာတောင် ဆံပင်သန်၊ ဆံပင်နက်ပြီး ဆံပင်ကျွတ်တာလျော့တာ တွေ့ရပါ တယ်။ မြန်မာတိုင်းရင်းဆေးတွေမှာ ထောလပတ်ရွက်၊ မာလကာရွက်၊ ရှားစောင်းလက်ပပ်တွေကို ဦးရေမှာ လိမ်းထားရင် ဆံပင်ကျန်းမာ ရေးပိုကောင်းတယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် ဆံပင်ရှည်နှုန်းဟာ တစ်ပတ်ကို လက်မဝက်မှတစ်လက်မအထိ ရှိပါတယ်။ မျိုးရိုး ဗီဇနဲ့မိမိစားတဲ့အစားအသောက်ပေါ်လည်းတည်ပါတယ်။ ဆံပင်ကျွတ်နှုန်းကတော့ တစ်နေ့ကို ငါးပင်မှ ၁ဝ ပင်လောက်အထိရှိပါတယ်။ ဒီထက်ပိုပြီး ကျွတ်နိုင်တဲ့ အနေအထားကတော့ တချို့ရောဂါတွေ (တီဘီရောဂါ၊ ကင်ဆာရောဂါ၊ အာဟာရချို့တဲ့ရောဂါ၊ နာတာရှည်ကျောက်ကပ် အားနည်းရောဂါ၊ လည်ပင်းဟော်မုန်းများရောဂါ၊ သွေးလေးဖက်နာ) မှာဖြစ်နိုင်ပါ တယ်။ တစ်ခါတလေမှာလည်း ဆံပင်ထွက်နှုန်း ယာယီရပ်သွားတာရှိပါတယ်။ (ဥပမာ- မီးဖွားပြီးစအချိန်၊ တိုက်ဖွိုက်ရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ ခွဲစိတ်ထားခြင်း)အချို့သောဆေးများ(ဥပမာ-စိတ်ပျော်ဆေး၊ သွေးပေါင်ကျဆေး၊ နှလုံးဆေး) သည်လည်း ဆံပင်ပါးစေပါတယ်။

အဲဒီတော့ အမေပေးထားတဲ့ဆံပင် အလှတွေမလျော့အောင် ဘယ်လိုကာကွယ်ကြမလဲ။ ကျွန်မတို့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်အခြောက်ခံစက်သုံးတဲ့အခါမှာ အပူဓာတ်တွေများရင်လည်း ဆံပင်ကျွတ် တတ်ပါတယ်။ နေ့စဉ်အာ ဟာရပြည့်တဲ့ အစားအစာကို ဂရုတစိုက်စားသုံးရပါတယ်။ အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အသီးအရွက်ပုံမှန်ဆိုရင်ရမှာပါ။ လောကဓံကိုလည်း ခံနိုင်အောင်ကြိုးစားရင် ဆံပင်ကျွတ်တာလျော့မှာပေါ့။ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဟာလည်း ဆံပင်ကျန်းမာရေးကို အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ရေသောက်တာလည်းလိုပါတယ်။ ဒါ့အပြင် ဆံပင်ကို ကလစ်တွေတပ်တာ၊ စည်းကြိုးတင်းတင်းကျပ်ကျပ် စည်းတာတွေဟာလည်း ဆံပင် ကိုပါးစေပါတယ်။ အထူးသဖြင့် ဓာတုပစ္စည်းတွေဟာ ဆံပင်ကို ပိုကျွတ်စေပါတယ်။ ဓာတုပစ္စည်းပါတာတွေကတော့ ဆံပင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင်ဖြောင့်ဆေး၊ ဆံပင်ကောက်ဆေး၊ ဆံပင်ကော်တင်ဆေး၊ ဆံပင်ပေါင်း တင်ဆေးတွေပဲဖြစ်ပါတယ်။ ခေါင်းလျှော်ရည် ဆပ်ပြာတွေကြောင့်လည်း ဆံပင်ကျွတ်နှုန်း များနိုင်ပါတယ်။ ရှေးတုန်းကလို တရော်ကင်ပွန်းသီးနဲ့ ခေါင်းလျှော်ရင် ထောလပတ်ရွက်လေးကြိတ်ပြီး ခေါင်းလိမ်းရင် ဆံပင်သန်မှာပေါ့။ ခေါင်းဖြီးတာကြမ်းရင်လည်း ဆံပင်ပိုကျွတ်တတ်ပါတယ်။ ခေါင်း လျှော်ရည်မှာ ဆပ်ပြာများရင်လည်း ဆံပင်ပိုကျွတ်ပါတယ်။ ဆံပင်ရေစိုနေစဉ် ဘရပ်ဖြင့်တိုက်ခြင်း၊ ကြိုးစည်း တင်းတင်းစည်းခြင်းတွေဟာလည်း ဆံပင်ကိုဆွဲနုတ် သလို ဖြစ်တတ်ပါတယ်။ နူးနူးညံ့ညံ့ ကိုင်တွယ်ရမှာပေါ့။

ဆောင်းပါးတစ်ခုထဲမှာတော့ ဆံပင်သန်စေတဲ့ အစားအစာတွေကို အလေးပေးပြီး ဖော်ပြထားလို့ ဖောက်သည်ချလိုက်ရပါတယ်။ ဆံပင်ကြီးထွားဖို့ ဘိုင်အိုတင်ဆိုတဲ့ဓာတ်လိုပါတယ်။ သူမရှိရင် ဆံပင် ပါးမယ်။ ပိုကျွတ်မယ်ပေါ့။ ဘိုင်အိုတင်ဓာတ်ဟာ ကြက်ဥ၊ ငါးအမျိုးမျိုး၊ အစေ့အဆန်၊ အရွက်အမျိုးမျိုး နဲ့အာလူးတို့မှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဘရာဇီးအဆန်မျိုးမှာပါတဲ့ ဆယ်လီနီယမ်ဓာတ်ဟာလည်း ဆံပင်သန်စေပါတယ်။ ဆယ်လီနီယမ်ဓာတ်ဟာ အသား၊ ကြက်ဥ၊ နို့၊ ကွေကာတို့မှာပါဝင်ပါတယ်။ အဆီများတဲ့အသားတွေမှာပါတဲ့ အိုမီဂါ-၃ ဟာလည်း ဆံပင်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဗီတာမင်ဒီနဲ့ လိုင်ဆင်းဓာတ်တွေဟာလည်း ဆံကေသာအလှအတွက် လိုအပ်ပါတယ်။ သံဓာတ်၊ ဇင့်ဓာတ်၊ ဖောလစ်အက်စစ်၊ အသားဓာတ်၊ နိုင်ယာစင်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စသောဓာတ်တွေ အားလုံးလည်း ဆံကေသာ ကျန်းမာရေးမှာ ပါဝင်ပါတယ်။ ခြုံပြီးပြောရရင် အသား၊ ငါး၊ ကြက်ဥ၊ အသီးအရွက်၊ ပဲအမျိုးမျိုး၊ အာလူးအစရှိသော ပုံမှန်အစားအစာတွေစားရင်ပဲ ဆံကေသာအလှအတွက် အဆင်ပြေနေပါပြီ။ အချို့သောဆေးများ (ဥပမာ- MINOXIDIL, FINESTRIDE)ဟာ ဆံပင်ပိုသန်တဲ့ အစွမ်းသတ္တိရှိပေမယ့် သောက်ဆေး အညွှန်းအနေနဲ့ မပေးလိုပါ။ လိမ်းဆေးအနေနဲ့တော့ သုံးရင် အန္တရာယ်မရှိပါ။ ဒါပေမဲ့ အစားအသောက်ကပိုပြီးအဓိက ကျပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလိုဆံပင်ကိုအကြေကောက်ကောက်လိုက်၊ လှိုင်းအကြီးကြီး ကောက်လိုက်၊ တော်ကြာနေဖြောင့်လိုက်၊ ဆံပင်အရောင်ကိုလည်း အပြာဆိုးလိုက်၊ အဖြူဆိုးလိုက်၊ အနီဆိုးလိုက် လုပ်နေတဲ့ခေတ်ကြီးမှာ ကိုယ်သုံးတဲ့ ဆံပင်ဆိုးဆေး၊ ဖြောင့်ဆေး၊ ကောက်ဆေးတွေကို အလိမ္မာနဲ့ ဆင်ခြင်သင့်ပါတယ်။ ခေါင်းလျှော်ရည်သုံးတာပဲဖြစ်ဖြစ်၊ ဆံပင်အခြောက်ခံတာပဲဖြစ်ဖြစ်၊ ကလစ်သုံး တာ၊ ခေါင်းဖြီးတာ၊ ခေါင်းစည်းကြိုးစည်းတာပဲဖြစ်ဖြစ် အစစသတိပြုကြမယ်ဆိုရင် နက်မှောင်သန်စွမ်း သောဆံကေသာအလှရှင်များဖြစ်ကြမှာပေါ့။ သဘာဝအလှပိုင်ရှင်များဖြစ်ရေးကို ဦးတည်ပါတယ်။ ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

Read 44 times
Rate this item
(0 votes)
Last modified on Wednesday, 01 May 2019 08:37

Latest from ကေတု