SJ WorldNews - шаблон joomla Авто

ပိုးသတ်ဆေး ဓာတ်မြေသြဇာအကြွင်းအကျန်နဲ့ လူထုကျန်းမာရေး

Sunday, 05 May 2019 11:48 Written by  font size decrease font size decrease font size increase font size increase font size

စိုက်ပျိုးမွေးမြူရာမှာ နိုင်ငံတိုင်း ပိုးသတ်ဆေးဓာတ်မြေသြဇာကို မရှိမဖြစ် သုံးစွဲနေကြပါတယ်။ ပိုးသတ် ဆေးသုံးရာမှာ မထင်မှတ်ဘဲ ပိုးသတ်ဆေး အဆိပ်တောက်မှုများ ကြုံကြိုက်ကြရပါတယ်။ တိုက်ရိုက် ပိုးသတ်ဆေးသုံးစွဲရာမှာ အဆိပ်တောက်ခြင်းအပြင် ပိုးသတ်ဆေးအကြွင်း၊ ဓာတ်မြေသြဇာအကြွင်း ပါရှိတဲ့ တိရစ္ဆာန်ရဲ့အသား၊ နို့၊ ဥများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ စားသုံးမှုက အဆိပ် အတောက် ဖြစ်ကြရပါတယ်။ နှစ်စဉ် လူပေါင်း ၂၂ဝဝဝဝ အဆိပ်မိသေဆုံးကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ပိုးသတ်ဆေးက ပိုးမွှား တွေနှိမ်နင်းနိုင်ပေမယ့် ယင်းအဆိပ်က လူနဲ့တိရစ္ဆာန်တွေအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကြေညာချက်အရ ကမ္ဘာပေါ်မှာ လယ်သမားပေါင်း ၂ဝဝဝဝ-၄ဝဝဝဝ ဟာ ပိုးသတ်ဆေးအဆိပ်ကြောင့် သေဆုံးနေကြရပြီး အမေရိကန်မှာ ပိုးသတ်ဆေးကြောင့် နာမကျန်း သူပေါင်း ၃ဝဝဝဝဝ ခန့်ရှိတယ်လို့ဆိုတယ်။ ဟင်းသီးဟင်းရွက်တွေမှာ လူတို့အတွက် ကစီဓာတ်၊ ပရိုတိန်းဓာတ်၊ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တို့ရရှိနိုင်လို့ အာဟာရပညာရှင်တို့က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် စားသောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ပိုးမွှားဒဏ်ခံဖို့ အပင်၊ အသီး၊ အရွက်ထွားဖို့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ မလွဲမသွေသုံးစွဲလာရတဲ့အခါ စားသုံးသူတွေရဲ့ ကျန်းမာရေး ထိခိုက်လာပါတယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကို အများဆုံးထိတွေ့တဲ့ လူတန်းစားတွေက လယ်သမားနဲ့ သူ့ရဲ့မိသားစုတွေ၊ ထုတ်လုပ်သူတွေ၊ စိုက်ပျိုးမွေးမြူရေး ပတ်ဝန်းကျင်နဲ့ ဆက်နွှယ် နေသူတွေဖြစ်ကြတယ်။ လယ်သမား ၇ဝ-၈ဝရာခိုင်နှုန်းမှာ ပိုးသတ်ဆေးဓာတ်မြေသြဇာကို တိုက်ရိုက်ထိတွေ့နေကြတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့ကို စိုက်ပျိုးမွေးမြူရေးမှ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများသုံးစွဲနေကြတယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ အကြွင်း အကျန်က အစားအစာမှာပါဝင်နေလို့ လူထုကျန်းမာရေးကို ထိခိုက်စေပါတယ်။ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ ပါဝင်နေတယ်။

အမေရိကန်မှာ နှစ်စဉ်လူပေါင်း ၆၇ဝဝဝ ပိုးသတ်ဆေး အဆိပ်မိရာမှ ပိုးသတ်ဆေး မတော်တဆမှုကြောင့် အဆိပ်မိလို့ ၂၇ ဦး သေဆုံးကြရတယ်။ ဓာတ်မြေသြဇာပိုးသတ်ဆေး ဆေးကြွင်းတွေက အစားအစာမှာ ၃၅ ရာခိုင်နှုန်းပါဝင်နေတယ်။ တစ်ကမ္ဘာလုံးထုတ်လုပ်တဲ့ ပိုးသတ်ဆေးအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သုံးစွဲကြတယ်ဆိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုးသတ်ဆေး အဆိပ်မိခြင်းကို အများဆုံးခံစားကြရပါတယ်။ ဗဟုသုတ နည်းပါးလို့ပဲဖြစ်တယ်။ ပိုးသတ်ဆေး ဓာတ်မြေသြဇာ အဆိပ်မိခြင်းဟာ ပိုးသတ်ဆေးနဲ့ အများဆုံးထိတွေ့သူများ အများဆုံးလို့ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒေသန္တရချက်အရက်တွေမှာ ပုလဲ၊ ယူရီးယားဓာတ်မြေသြဇာ၊ ပလတ်စတစ်၊ ရော်ဘာ၊ ဆာလဖျူရစ်အက်စစ်ပျော့၊ အင်ဒရင်းအနည်းငယ်တို့ ပါဝင်ချက်လုပ်ထားလို့ စံမမီတဲ့ အရက်ဖြစ်နေတယ်။ စားသောက်ကုန်နဲ့ ဘာမှမသက်ဆိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ချက်လုပ်ထားလို့ ရေရှည်သောက်သုံးသွားရင် အသည်းရောင်ရောဂါ၊ ခန္ဓာကိုယ်ခုခံမှုစနစ် ပျက်စီးခြင်း၊ အသည်း ပျက်စီးခြင်း၊ အစာအိမ်အူလမ်းကြောင်းများ ပျက်စီးစေခြင်း၊ နှလုံးနှင့်သွေးကြောစနစ် ပျက်စီးစေခြင်း၊ ဦးနှောက်နဲ့အာရုံကြောစနစ် ပျက်စီးစေခြင်း စတဲ့ဆိုးကျိုးသာခံစားရပြီး အရွယ်မတိုင်မီ အသည်း ကြွပ်ဆတ်ရောဂါ၊ အသည်းကင်ဆာရောဂါတို့နဲ့ ကွယ်လွန်သွားကြရပါတယ်။ ယနေ့မှာနိုင်ငံခြားက စံမမီတဲ့ အရက်တင်သွင်းမှု ပိတ်ပင်ထားခဲ့ရာ အရက်သောက်သုံးသူတွေအတွက် စံမမီဓာတ်မြေသြဇာ၊ ဓာတုပစ္စည်း ပါဝင်ချက်လုပ်ထားတဲ့ အရက်တွေကြောင့် အသည်းနဲ့ဆိုင်တဲ့ရောဂါတွေ စောစောရရှိကာ အသက်ငယ်ငယ်နဲ့ သေဆုံးကြရပါတယ်။ ၁၉၉၁ ခုနှစ်က ကမ္ဘာ့ (FAO)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတို့ ကြာရှည်စွာထိတွေ့နေသူတွေဟာ အသည်းအမာရွတ်ထင်ခြင်း၊ အသည်းကြွပ်ဆတ်ရောဂါ၊ အသည်းကင်ဆာဖြစ်ခြင်း၊ မျိုးပွားအင်္ဂါများ ထိခိုက်လာနိုင်ခြင်းကြောင့် ပိုးသတ်ဆေး ဓာတ်မြေသြဇာကင်းတဲ့ အစားအစာတို့ကို ရွေးချယ်စားသောက်ဖို့လိုတယ်။ ပိုးသတ်ဆေး အများစုရဲ့ ပင်ကိုဓာတုဖွဲ့စည်းပုံမှာ အဆီပါဝင်မှုများတဲ့ အသား၊ နို့စတဲ့ အစားအစာတွေမှာ ပျော်ဝင် လေ့ရှိတယ်။ ပိုးသတ်ဆေးများစွာအနက် ဒီဒီတီ၊ အင်ဒရင်း၊ ဒိုင်အင်ဒရင်းနဲ့ ဟက်တာကလိုတို့ဟာ သက်ရှိသတ္တဝါ သတ်ကောင်တွေလို့ တင်စားခေါ်ဝေါ်ကြတယ်။

ဒီဒီတီကို ၁၈၇၄ မှာ ဇီးလ်လာက ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၃၉ မှာ ဆွစ်ဇာလန်နိုင်ငံသားမီလာက ပိုးသတ်ဆေးရဲ့အာနိသင်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အရောင်နဲ့အနံ့ကင်းမဲ့ပြီး ရေမှာပျော်ဝင်တဲ့ ဓာတုပစ္စည်းဖြစ်ကာ လူ၊ တိရစ္ဆာန်နဲ့ အပင်တွေမှာစုဝေးမိရင် အဆိပ်ဖြစ်စေတယ်။ ဒီဒီတီပါဝင်တဲ့ အစား အစာ ကြာရှည်စားသုံးရင် ကင်ဆာရောဂါဖြစ်စေကာ ဆီးချို၊ သွေးချို၊ နှလုံးရောဂါဖြစ်စေတယ်။ ဒီဒီတီပိုးသတ်ဆေးကို အပင်ပိုးသတ်ဖို့ဖျန်းရာမှ မြေကြီးပေါ်မှာ ကာလရှည်ကျန်ရစ်ပြီး စားပင်တွေ အပေါ်က တဖြည်းဖြည်းစိမ့်ဝင်ရာမှ စားသုံးမိတဲ့လူနဲ့ တိရစ္ဆာန်တို့ အဆိပ်အတောက်ဖြစ်ကြရတယ်။ ခြင်ဆေးဖျန်းရာမှာ ဒီဒီတီသုံးစွဲနိုင်ရင် ခြင်ပြေးရုံမက အနံ့ရှူမိရင် လူကိုအန္တရာယ်ဖြစ်စေတယ်။ ဓာတုပိုးသတ်ဆေးတို့ဟာ တိရစ္ဆာန်ရဲ့ အသည်းနှင့်အဆီပြင်မှာ အများဆုံး စုဝေးနေတတ်ပါတယ်။ ပိုးသတ်ဆေးအကြွင်းအကျန်ပါရှိတဲ့ အစားအစာမှ စားပင်ပါရှိတဲ့ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ အကြွင်း အကျန်ထက် နို့နဲ့နို့ထွက်ပစ္စည်းမှာ ပါဝင်မှုကသုံးဆပိုတယ်။ အသား၊ ငါးနဲ့ကြက်သားတို့မှာ ခြောက်ဆ ပိုတယ်။ ၁၉၆၄-၁၉၆ဝ ပြည့်နှစ် လေ့လာတွေ့ရှိချက်တစ်ခုမှာ ဆိုထားတယ်။ ပိုးသတ်ဆေး ဆေးကြွင်းပါဝင်တဲ့နို့ကို ကြာရှည်သောက်မိရင် လူရဲ့ပင်ကိုသဘာဝခုခံမှုစွမ်းရည် အလုပ်လုပ်နိုင်မှု လျော့နည်းလာကာ ပန်ကရိယမှ အင်ဆူလင်မထုတ်လုပ်နိုင်ဘဲ ဆီးချို၊ သွေးချိုရောဂါဖြစ်လာရတယ်လို့ သုတေသီကဆိုတယ်။ အော်ဂယ်နိုဖော့စဖိတ်ပါ မာလာသီယွန်၊ ပါရာသီယွန်၊ ဒိုင်ကလိုရိုဖော့၊ ဟေလာဇွန်၊ ဒိုင်ယာဇွန်နွန်တို့ဟာ ပိုမိုပြင်းထန်တဲ့ ပိုးသတ်ဆေးတွေဖြစ်ကာ ၁၉၃ဝ ပြည့်နှစ်မှ စပြီး သုံးစွဲခဲ့ကြတယ်။ ယင်းပိုးသတ်ဆေးကို စားသုံးမိရင် မှိုဆိပ်တောက်သလို ခံစားရတယ်။ အစား ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ကြွက်တက်ခြင်း၊ ချွေးထွက်ခြင်း၊ မျက်ရည်နှာရည်များကျခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်နိုင်တယ်။ မာလာသီယွန်က ခန္ဓာကိုယ်ထဲ ကြာကြာမနေနိုင် ပါဘူး။ ဆီးမှတစ်ဆင့် ရက်အနည်းငယ်အတွင်း စွန့်ထုတ်ပစ်တယ်။ မာလာသီယွန်ကို ခြင်ဆေး ဖျန်းရာမှာ အဓိကသုံးလာတယ်။ မာလာသီယွန်ပါတဲ့လေကိုရှူမိရင်း အဆိပ်သင့်ရင် အသက်ရှူ ခက်ခဲလာခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ ချွေးထွက်ခြင်း၊ တံတွေးများ ယိုစီးကျခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ဖြစ်ကာ နောက်ဆုံးအသက်ပါ ဆုံးရှုံးနိုင် တယ်။ သုတေသီတွေကမာလာသီယွန်ကြောင့် အဆိပ်သင့်ကာ ကင်ဆာရောဂါ မဖြစ်နိုင်ဘူး လို့ဆို တယ်။

ကလေးငယ်တွေမှာ ကစားစရာအရုပ်မှ ခဲဆိပ်သင့်ခြင်းရှိတယ်။ သွားလာကစားရင်း ပိုးသတ်ဆေး အဆိပ်သင့်ကာ ခံစားကြရတယ်။ ၁၉၉၄ ခုနှစ် သုတေသနအရ အင်္ဂလန်မှာ ပိုးသတ်ဆေး အဆိပ်တောက်ခြင်းရဲ့ ၅ဝ ရာခိုင်နှုန်းကို အသက် ၁ဝ နှစ်အောက် ကလေးတွေမှာ တွေ့ရပါတယ်။ ပင်ကိုဇီဝဖြစ်စဉ်အရ မလိုအပ်တဲ့ အဆိပ်တွေ ခန္ဓာကိုယ်မှ လျင်မြန်စွာ ဖယ်ရှားပစ်နိုင်ပေမယ့် လက်ခံရမယ့် ပမာဏကများနေတတ်လို့ အဆိပ်ဖြစ်ရတာဖြစ်တယ်။ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုး ရေးနဲ့ မွေးမြူရေးက အဓိကစီးပွားရေး လုပ်ငန်းဖြစ်နေတော့ ဓာတုပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ သုံးစွဲမှုတို့ရှိနေနိုင်သလို အဆိပ်သင့်မှုတွေလည်း ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေး ဓာတ်မြေသြဇာအကြွင်းအကျန်ကြောင့် လူသားတွေရဲ့ ကျန်းမာရေးထိခိုက်မှုမရှိအောင် ကာကွယ် နိုင်ကြပါစေ။

Read 129 times
Rate this item
(0 votes)
Last modified on Sunday, 05 May 2019 11:50