SJ WorldNews - шаблон joomla Авто

ကျန်းမာရေးကို ထိခိုက်စေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ

Sunday, 14 July 2019 09:42 Written by  font size decrease font size decrease font size increase font size increase font size

ဥတုဘောဇနသင်္ဂဟကျမ်းထဲက စာလုံးလေးတစ်လုံးကိုယူပြောချင်ပါတယ်။ ''မလဓာတ်'' ဆိုတာ ''အဟုန်တွေ''ကိုတားမြစ်ရာက   ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းသွားတဲ့အညစ်အကြေးလို့ မှတ်ယူမိပါတယ်။ ဆီး၊ ဝမ်း၊ သွေး၊ လေ၊ သလိပ် ဒီအရာတွေဟာ စီးဆင်းနေရမှာပါတဲ့။ မစီးဆင်းနိုင်ဘဲ စုပုံလာရင် ''မလ''ဆိုတဲ့ မကောင်းတဲ့ဓာတ်ဖြစ်ပေါ်လာပါသတဲ့။ ဒီဓာတ်တွေနည်းရင် ခေါင်းမူး၊ ခေါင်းအုံ၊ မအီမသာတွေဖြစ်တတ်ပြီး များလာရင်တော့ အသက်အန္တရာယ်ပြုတော့တာပါပဲ။ ကျွန်တော်ကတော့ ဒီ''မလ''ဆိုတဲ့ဓာတ်တွေကို Pollutant (ညစ်ညမ်းစေသောပစ္စည်း)လို့ ခေါ်ချင်ပါတယ်။ ညစ်ညမ်းစေသော ပစ္စည်းတွေဟာ ကိုယ်တွင်းဝင်ရောက်နေရင် အဲဒီလူရဲ့အသက်အန္တရာယ်ကို ရန်ရှာသလို ပတ်ဝန်းကျင်မှာရှိနေရင် ဒေသခံလူထုတစ်ရပ်လုံးကို ဒုက္ခပေးတော့တာပါပဲ။ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတာ သက်ရှိတွေရော သစ်ပင်ပန်းမန်တွေကိုပါထိခိုက်စေပြီး ကြီးထွားဖြစ်ထွန်းမှုကိုသာမက ကိုယ်တွင်းတစ်သျှူးအစိတ်အပိုင်းအထိ ပျက်စီးဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် နာမကျန်းဖြစ်ခြင်း ရောဂါတွေကိုပါ ဖြစ်ပေါ်ခံစားရပါတယ်။ အလွန်ပြင်းထန်တဲ့အခြေအနေမှာဆိုရင် အသက်သေဆုံးနိုင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

လေထုညစ်ညမ်းခြင်း (Air Pollution)

နိုင်ငံခြားသတင်းတွေထဲမှာဆို လေထုညစ်ညမ်းမှုတွေ မကြာခဏပါလာတတ်ပါတယ်။ များသောအားဖြင့်တော့ စက်ရုံ၊ အလုပ်ရုံတွေ၊ ယာဉ်အမျိုးမျိုး၊ အင်ဂျင်စက်အမျိုးမျိုးကထွက်လာတဲ့ဓာတ်ငွေ့တွေ၊ အမှုန်အမွှားတွေကြောင့်လို့ ဆိုပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာအောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ အငွေ့ပြန်လွယ် အော်ဂဲနစ်ဓာတ်ပေါင်းများ၊ အမှုန်အမွှားများ၊ ဖရီးရဒီကယ်(ဓာတ်တိုးပစ္စည်း)၊ အဆိပ်သင့်ဓာတ်သတ္တုများ၊ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ အမိုးနီးယား၊ ဆိုးရွားတဲ့အနံ့အသက်တွေ၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေ စတဲ့အညစ်အကြေးတွေ အများကြီး။  ဒီအညစ် အကြေးတွေကို  သဘာဝလေ၊ မြေ၊ သစ်ပင်တွေက သူ့နည်းသူ့ဟန်နဲ့ ဆေးကြောသန့်စင်ပေးပေမယ့် များပြားစုပုံလာတဲ့အခါ လူရော သဘာဝပါ ထိခိုက်ပျက်စီးရပါတယ်။ လူတွေမှာဆိုရင်တော့  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ နှလုံးသွေးကြော ရောဂါတွေ၊ ကင်ဆာရောဂါတွေ၊ ဦးနှောက်နဲ့အာရုံကြောရောဂါတွေ ဖြစ်ပေါ်ခံစားရပါမယ်။  အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ နာတာရှည်အဆုတ်ရောင်၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် စတာတွေအပြင်  လတ်တလောအသက်ရှူခက်၊   အသက်ရှူကျပ်  စတဲ့အရေးပေါ်အခြေအနေတွေလည်း တွေ့ကြုံခံစားရနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂ဝ၁၄ ခုနှစ် ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီသေဆုံးမှုတွေဟာ နှစ်စဉ်လူဦးရေ ခုနစ်သန်းခန့်ရှိနေပါတယ်။ ၂ဝ၁၉ ခုနှစ် မတ်လကထုတ်ပြန်တဲ့လေ့လာမှုတွေအရ သေဆုံးမှုဟာ ၈ ဒသမ ၈ သန်း ဝန်းကျင်လောက်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။  စက်ရုံ၊ အလုပ်ရုံတွေဆိုတာ အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။  ဓာတ်ဆီ၊ ဒီဇယ်  စတဲ့လောင်စာတွေကို အသုံးပြုရတော့ မီးခိုးတွေထွက်လာပြီး လေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ စွန့်ပစ်ပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှုတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုရင်    မီးခိုးမထွက်တဲ့စက်ရုံတွေ တည်ဆောက်ရမယ်လို့ နားလည်တတ်ကျွမ်းတဲ့သူတွေက လမ်းညွှန်လေ့ရှိပါတယ်။  ခရီးသွား လုပ်ငန်းတွေဖွံ့ဖြိုးလာအောင်  ဆောင်ရွက်မယ်ဆိုရင် မီးခိုးမထွက်တဲ့စက်ရုံတွေ တည်ဆောက်တာပဲလို့ ပြောကြပါတယ်။ ဒါဆိုရင် မြေပေါ်မြေအောက်သယံဇာတတွေမဆုံးရှုံးဘဲ၊  သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ စီးပွားရေးတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါတယ်။ ကလိုရိုဖလူရိုကာဗွန်ကတော့ လူတွေနဲ့ရင်းနှီးတဲ့စကားလုံးလို့ ထင်ပါတယ်။   ကျွန်တော်တို့ ပူလို့အိုက်လို့ တပ်ဆင်အသုံးပြုတဲ့အဲကွန်းတွေ၊ ရေအေးအေးလေးသောက်ချင်လို့၊  အသီးအနှံတွေ၊  အသားငါးတွေ  မပုပ်မသိုးအောင်ထည့်ထားတဲ့ ရေခဲသေတ္တာတွေ စတဲ့အီလက်ထရွန်နစ်ပစ္စည်းတွေကနေ အဲဒီဓာတ်ငွေ့တွေထွက်လာတယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့ နားလည်တဲ့သူတွေက သဘာဝအတိုင်းနေကြဖို့၊ သဘာဝအတိုင်းလတ်လတ်ဆတ်ဆတ် စားသောက်ကြဖို့  တိုက်တွန်းလေ့ရှိပါတယ်။   သဘာဝအတိုင်း နေထိုင်စားသောက်တာဟာ အပြစ်ကင်းတဲ့ရှင်သန် ရပ်တည်ခြင်းပဲ ဖြစ်ပါတယ်။

မြေထုညစ်ညမ်းခြင်း (Soil Pollution)      

စက်မှုလုပ်ငန်းများရဲ့စည်းကမ်းမဲ့စွန့်ပစ်မှုများ၊ စိုက်ပျိုးရေးသုံးဓာတုဆေးဝါးများ စတဲ့မဆီလျော်မှုများကြောင့် ယူဇနာပေါင်း နှစ်သိန်းလေးသောင်းထုရှိသောကမ္ဘာမြေကြီးဟာ စတင်ညစ်ညမ်းလာရပါတယ်။ များသောအားဖြင့် တော့ စက်သုံးဆီတွေကနေ ဖြစ်လာတဲ့ ဟိုက်ဒရိုကာဗွန်တွေ၊ ဆေးဖျော်ရည်တွေ၊ ပိုးသတ်ဆေးတွေ၊ ခဲဆိပ်နဲ့တခြားသိပ်သည်းဆပြင်းဓာတ်သတ္တုတွေ ကြောင့်လို့ သိရပါတယ်။ ပထမအပေါ်ယံမြေဆီလွှာညစ်ညမ်းပြီး လေထု၊ ရေငွေ့တွေကို ထပ်ဆင့်ညစ်ညမ်းစေပါတယ်။ နောက် မိုးအဖြစ်ရွာချတဲ့အခါ မြေပေါ်မြေအောက်  ရေထွက်ပင်ရင်းတွေကို  ညစ်ညမ်းစေပြန်တယ်။  ဒါကြောင့်မြေထုညစ်ညမ်းရင်   ထိတွေ့ကိုင်တွယ်တဲ့သူတွေကို ထိခိုက်စေရုံသာမက လေထု၊ ရေထုတွေကိုပါ ဖျက်ဆီးနိုင်ပါတယ်။ အဓိကပါဝင်တဲ့ပစ္စည်းတွေ ပေါ်မူတည်ပြီး ခရိုမီယမ်အဆိပ်၊ ခဲဆိပ် စတဲ့ဓာတ်သတ္တုအဆိပ်သင့်တာ၊ စက်သုံးဆီ၊ ဖျော်စပ်ရည်၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး စတာတွေကြောင့် ကင်ဆာအမျိုးမျိုး၊ ရောဂါအမျိုးမျိုးအတွက် အကြောင်းရင်းတစ်ခုအဖြစ်သာမက   နာတာရှည် နှလုံးရောဂါတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဘန်ဇိုင်းဓာတ်နဲ့ကြာမြင့်စွာထိတွေ့မှုကြောင့် သွေးကင်ဆာ၊ ပြဒါးအဆိပ်နဲ့ ပိုးသတ်ဆေးထဲမှာပါတဲ့ ဆိုက်ကလိုဒင်းကြောင့် ကျောက်ကပ်ပျက်စီးတာ၊ အသည်းကိုထိခိုက်တာ၊ အာရုံကြောပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်၊ မူးဝေ၊ မောပန်း၊ မျက်စိရောင်ရမ်း၊ အရေပြားယားယံ စတဲ့အပေါ်ယံအပယိ ကလေးတွေလည်းဖြစ်တတ်ပါတယ်။ ဘယ်လိုထိခိုက်တယ်၊ ဘယ်လောက်ထိခိုက်မလဲဆိုတာ ညစ်ညမ်းမှုပမာဏနဲ့ထိတွေ့မှု အချိန်ကာလပေါ် မူတည်မှာပေါ့။

ရေထုညစ်ညမ်းမှု (Water Pollution)

စက်ရုံ၊ အလုပ်ရုံတွေကနေစီးထွက်လာတဲ့ ရေဆိုးတွေ၊ လူတွေရဲ့မစင် အညစ်အကြေးတွေ၊ စိုက်ပျိုးမြေတွေကစီးထွက်လာတဲ့ နိုက်ထရိတ်တွေကြောင့် အဓိကညစ်ညမ်းရတယ်လို့ဆိုပါတယ်။ စက်သုံးဆီအမျိုးမျိုးကြောင့် ရေမျက်နှာပြင်ပေါ်မှာ ဆီအလွှာ အဖြစ်နဲ့ ရေရဲ့အောက်ဆီဂျင် ရယူသန့်စင်မှုကို လျော့ကျစေပါတယ်။ ချွတ်ဆေးတွေ၊ ဆပ်ပြာရည်တွေ၊ ဆိုးဆေးတွေက ရေရဲ့အရည်အသွေးကို ချပစ်ပါတယ်။ အမှုန်အမွှားတွေကလည်း မျောပါနေကြပြီး လေထုထဲကကြက်ခိုးတွေလို ရေထုကို ညစ်ညမ်းစေပါတယ်။ အဆိပ်သင့်စေတဲ့ ဆာလဖိုက်တို့၊ ဆာလဖိတ်တို့ စတဲ့ဓာတ်တွေကြောင့် ရေထုရဲ့အောက်ဆီဂျင်ပါဝင်မှုကို လျော့နည်းစေပါတယ်။ ရောဂါပိုးမွှားတွေ ခိုအောင်းနေတာကြောင့်လည်း ရေထုညစ်ညမ်းရပါတယ်။ ရေတစ်ပိဿာရှိရင်   သန့်တယ်ဆိုတဲ့ ရှေးအယူအဆရှိခဲ့ပါတယ်။ တကယ်တော့ ရေကနည်းလာလေလေ ပါဝင်တဲ့အနယ်အနှစ်တွေ၊ အဆိပ်သင့်စေတဲ့ ဓာတ်တွေ၊ ရောဂါပိုးမွှားတွေက များလာလေလေပါပဲ။ ရေဟာ နေနဲ့ လေနဲ့တွေ့ပြီး အောက်ဆီဂျင်ဓာတ် တိုးမှုမလုပ်ရရင် ပိုပြီးညစ်ညမ်းနိုင်ပါတယ်။ ဒီလိုမသန့်စင်တဲ့ရေကို သောက်သုံးနေရတာကြောင့် အစာအဆိပ်သင့်ခြင်း၊ ဝမ်းလျှော၊ ဝမ်းကိုက်၊ သန်ကောင်ရောဂါ စတဲ့ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် နာတာရှည်ရောဂါအနေနဲ့ ဓာတ်သတ္တုအဆိပ်သင့်ခြင်း၊ မျိုးဗီဇ ထိခိုက်ခြင်း၊ ကင်ဆာအမျိုးမျိုးဖြစ်ပေါ်စေခြင်း၊ အာရုံကြောရောဂါများ ခံစားရခြင်း၊ အရေပြားရောဂါအမျိုးမျိုး စတာတွေလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေထဲမှာ  ရေထုညစ်ညမ်းမှုက ဒုတိယအဖြစ်များဆုံးလို့ သိရပါတယ်။ ၂ဝ၁၃ -၂ဝ၁၄ ခုနှစ်အတွင်း စစ်တမ်းကောက်ယူခဲ့တဲ့ မြို့နယ်များရဲ့ ၃ဝ ရာခိုင်နှုန်းမှာ သောက်သုံးရေသာမက စိုက်ပျိုးရေပါရှားပါးနေပါသတဲ့။ အထူးသဖြင့်တော့ အပူချိန်မြင့်မားတဲ့နွေရာသီမှာ  မကွေး၊  မန္တလေး၊  စစ်ကိုင်း၊ ပဲခူး၊ ကချင်၊ ကရင်၊ ချင်း၊ ရှမ်း စတဲ့တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ ရေရှားပါးမှုတွေ ပိုမိုဆိုးရွားလာတာကိုတွေ့ရပါတယ်။ ရေရှားပါးလာလေ ညစ်ညမ်းလာလေပဲမဟုတ်လား။ လောကသုံးပါးထဲမှာ သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့တွေ အားလုံးဟာ ဂေဟစနစ်အတွင်း ကျင်လည်နေကြရတာပါ။ ပူလို့ လေထုဟာပွလာပြီး အပေါ်ကိုတက်သွားပါသတဲ့။ အဲဒီနေရာမှာ လေဟာနယ်ဖြစ်ပေါ် သွားတာကြောင့် ပတ်ဝန်းကျင်က လေအေးတွေဝင်လာသတဲ့။ ရေသံသရာ၊ နိုက်ထရိုဂျင်သံသရာ၊ ကာဗွန်သံသရာ စတဲ့ဂေဟစနစ်တွေကလည်း အမြဲတမ်းလည်ပတ် စီးဆင်းနေတယ် မဟုတ်ပါလား။ လေထု၊ မြေထု၊ ရေထုတွေကလည်း သဘာဝအတိုင်း ညစ်ညမ်းတာမျိုးရှိပေမယ့် သဘာဝအတိုင်းပြန်သန့်စင် သွားတတ်ပါတယ်။ ဒါပေမဲ့  လူလုပ်တဲ့ညစ်ညမ်းမှုတွေဟာ များပြားစုပုံလာတဲ့ အခါသဘာဝကြီးလည်း ကုသပြင်ဆင်မပေးနိုင်တော့ဘဲ ဂေဟစနစ်တွေပျက်စီး ယိုယွင်းလာရပါတယ်။ ဒါကြောင့် ကိုယ့်တာဝန်ကိုယ်ယူတဲ့ စိတ်ကလေးနဲ့ ကျွန်တော်တို့တတ်နိုင်သလောက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ဇော်သစ်ကြည်

Read 68 times
Rate this item
(0 votes)
Last modified on Sunday, 14 July 2019 09:44