SJ WorldNews - шаблон joomla Авто

ဆေးသောက်တိုင်း မကောင်းပါ

Tuesday, 20 August 2019 10:22 Written by  font size decrease font size decrease font size increase font size increase font size

တစ်နေ့တခြား တိုးတက်ခေတ်မီလာသော ယနေ့ကမ္ဘာကြီးမှာ ရုပ်ဝတ္ထုတွေ တိုးတက်လာသည်နှင့်အမျှ အနာမျိုး ၉၆ ပါး ထက်မကသော ရောဂါဝေဒနာများလည်း ဖြစ်ပေါ်ခံစားလျက် ရှိနေကြသည်။ ယခုခေတ် လူအများစုသည် ဗီတာမင်ဓာတ်များ ဖြည့်တင်းဖို့အတွက် ဗီတာမင် ဆေးပြားတွေအပေါ် မှီခိုလာကြသည်။ သို့သော် ၎င်းဗီတာမင်ဖြည့်တင်းရန် အမှန်ကန်ဆုံးနှင့် အကောင်းဆုံးသော နည်းလမ်းမှာ အစားအစာထဲကနေ သဘာဝဗီတာမင် ရယူနည်းသာဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ ကျန်းမာရေး သုတေသီများက အောက်ပါအတိုင်း အကြံပြုထားကြသည်။

- ဗီတာမင်အေ ဆေးပြားစားခြင်းထက်၊ အစားအစာထဲတွင် ပါရှိသော သဘာဝ ဗီတာမင်အေဓာတ်ကို ခန္ဓာကိုယ်ထဲရှိ သွေးရည်က  ၁ ဒသမ ၅၄  ဆ ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်သည်။

- ဗီတာမင်ဘီဝမ်း ဆေးပြားစားခြင်းထက် အစားအစာထဲတွင် ပါရှိသော သဘာဝဗီတာမင် ဘီဝမ်းကို ခန္ဓာကိုယ်ထဲရှိ သွေးရည်က ၁ ဒသမ ၃၈ ဆ ပိုမိုစုပ်ယူနိုင်ပြီး အချိန်ကာလအားဖြင့် ခန္ဓာကိုယ်ထဲမှာ ၁ ဒသမ ၂၇ ဆပို၍ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သည်။

- ဗီတာမင်စီဆေးပြားစားခြင်းထက် အစားအစာထဲတွင် ပါရှိသော သဘာဝ ဗီတာမင်စီကို  ခန္ဓာကိုယ်ထဲရှိ အနီရောင် သွေးဆဲလ်များက ၁ ဒသမ ၇၄ ဆ ပိုမိုစုပ်ယူနိုင်သည်။

- အစားအစာမှရရှိသော သဘာဝဗီတာမင်စီကို တစ်လခန့် နေ့စဉ်မှန်မှန် စားသုံးခြင်းက ခန္ဓာကိုယ်ထဲရှိ မကောင်းသာ LDL ကိုလက်စထရော ပမာဏကို သိသိသာသာ ကျဆင်းလာနိုင်သည်။ အကယ်၍ ဗီတာမင်စီ ဆေးပြားစားရုံဖြင့် ယင်းကဲ့သို့ အကျိုးအာနိသင်ကို အပြည့်အဝ ရရှိနိုင်မည်မဟုတ်ပေ။

- အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် ဗီတာမင်အီး တစ်နေ့တာ လိုအပ်ချက် ပမာဏမှာ ၁၅ဝ ယူနစ်ဖြစ်ပြီး  ထိုပမာဏထက် ကျော်၍ ဗီတာမင်အီးကို စားသုံးပါကလူကို ဘေးဖြစ်စေနိုင်သည်။ ယနေ့အိမ်သုံး ဆေးဝါးပစ္စည်း ဈေးကွက်ရှိ ဗီတာမင်ဆေးတောင့် တချို့တွင် ၄ဝဝ ယူနစ်ပါရှိနေခြင်းမှာ အသက်အန္တရာယ် အတွက်စိုးရိမ်ရသည်။

ဆေးသောက်တိုင်း မကောင်းပါ

အကယ်၍ဆေးပြားများ မှီဝဲသုံးစွဲဖို့ လိုအပ်နေသည်ဟု ထင်မြင်ယူဆပါက -

- ဦးစွာပထမ မိမိမှာ ဗီတာမင်ချို့တဲ့သော လက္ခဏာများ ရှိ၊ မရှိကို နားလည်တတ်ကျွမ်းသော ဆရာဝန်ဖြင့် စမ်းသပ်စစ်ဆေးဖို့လိုသည်။

- ဗီတာမင်ဆေးဝါးများ၏ အကျိုးအာနိသင်၊ သုံးစွဲပုံနည်းလမ်း၊ သုံးစွဲရမည့် ပမာဏနှင့် သုံးစွဲပြီးနောက် ခံစားရမှု အခြေအနေ ထူးခြားဖြစ်စဉ်များကိုလည်း တိတိကျကျ သုံးသပ်တတ်ဖို့လိုသည်။

-ဗီတာမင်ဆေးပြားများကို ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် လက်လွတ်စပယ် မသုံးသင့်သလို အားဆေးအဖြစ် ကာလတာရှည်လည်း မသုံးစွဲသင့်ပေ။ အကယ်၍ ဗီတာမင်ဆေးပြားများကို ကာလတာရှည် လွန်ကဲစွာသုံးစွဲမိပါက ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သဖြင့် အထူးဆင်ခြင်သင့်သည်။

အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် ဗီတာမင်ဆေးဝါးများကို  ကာလတာရှည် လွန်ကဲစွာသုံးစွဲမိပါက မလွဲမသွေ ခံစားရမည့် ဘေးထွက်ဆိုးကျိုးများမှာ-

ဗီတာမင်အေ ၁ဝ  မီလီဂရမ်

ခံတွင်းပျက်၍ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ပျို့အန်ခြင်း၊ သွေးအားနည်းခြင်း၊ ဆံပင်အရောင်မွဲခြောက်ခြင်း၊ အကြောင်းမဲ့ဆံပင်ကျွတ်ခြင်း၊ အသားအရေ ခြောက်သွေ့ယားယံခြင်း၊ ခြေလက်ထုံ၍ နာကျင်ခြင်း၊ မျက်စိပြူးခြင်း၊ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခဲခြင်း။

ဗီတာမင်စီ ၁ ဂရမ်

ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအိမ်အက်စစ် အထွက်များ၍ အစာအိမ် အချဉ်ပေါက်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အမျိုးသမီးတချို့ သန္ဓေမအောင်ခြင်း။

ဗီတာမင်ဒီ ၄ဝ မိုက်ခရိုဂရမ်

ကိုယ်ရေကိုယ်သားပူခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အစာစားချင်စိတ် ကုန်ခန်းလာပြီး ကိုယ်အလေးချိန်ကျလာခြင်း၊ အသည်းကြီးခြင်း၊ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ အရိုးထုထည် ပွလာပြီး အရိုးကြွပ်ဆတ်ခြင်း။

ဗီတာမင်အီး ၂ဝဝ မီလီဂရမ်

သွေးပြန်ကြောပိတ်ဆို့ခြင်း၊ သွေးတိုးခြင်း၊ ကြွက်သား အားနည်းခြင်း၊ တစ်ကိုယ်လုံးကို ကိုင်ရိုက်ခံထားရသကဲ့သို့ မလှုပ်ချင်မသယ်ချင်ဖြစ်လာခြင်း၊ ရင်သားကြီးလာခြင်း။

ဆေးဝါးတချို့ကြောင့် ယာဉ်မောင်းစဉ် အန္တရာယ်ရှိနိုင်

ဆေးဝါးအများစုသည် လူတစ်ဦး ကားမောင်းနိုင်စွမ်းကို မထိခိုက်သော်လည်း အချို့သော လွတ်လပ်စွာ ဝယ်ယူနိုင်သည့် ဆေးများနှင့် ဆရာဝန်ပေးသော ဆေးဝါးသည်လည်း ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပြီး ကားမောင်းရန် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည်ဟု အမေရိကန် အားကစားနှင့် ဆေးဝါးအဖွဲ့ (FDA) က သတိပေး ပြောကြားထားသည်။ အချို့ဆေးဘူးများတွင် ဆေးသောက်ပြီးနောက် စက်ယန္တရားကြီးများ မောင်းနှင်ခြင်း မပြုရန်

သတိပေးထားပြီး ၎င်းတွင် ကားမောင်းခြင်းလည်း ပါဝင်သည်။

၎င်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ လှုပ်ရှားမှု နှေးကွေးခြင်း၊ မူးမိုက်ခြင်း၊ အာရုံစိုက်မှု လျော့ပါးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားမှု မြင့်တက်ခြင်းများ ခံစားရနိုင်သည်။ ဆေးဝါးအချို့က ကားမောင်းနိုင်စွမ်းကို နာရီအချို့သာ ထိခိုက်နိုင်သော်လည်း၊ အချို့သည် နာရီများစွာ ကြာမြင့်နိုင်ပြီး အချို့မှာ နောက်တစ်နေ့အထိ ထိခိုက်နိုင်သည်။

ပဋိဇီဝဆေး ယဉ်ပါးခြင်း အန္တရာယ်

ခန္ဓာကိုယ်အတွက် သောက်သုံး/ထိုးနှံလိုက်သော ပဋိဇီဝဆေးများကို လူ့ခန္ဓာကိုယ်တွင်းရှိ ဗက်တီးရီးယား ပိုးမွှားများက ခံနိုင်ရည် ရှိလာခြင်း ဖြစ်စဉ်ကို 'ပဋိဇီဝဆေး ယဉ်ပါးခြင်း' ဟုခေါ်သည်။ ထိုသို့ ပဋိဇီဝဆေး ယဉ်ပါး လာခြင်းကြောင့် ကူးစက်ရောဂါများကို ကုသနိုင်စွမ်း လျော့နည်းသွားစေသည်။ ထိုဖြစ်စဉ်ကို အရပ်သုံးစကားအရ 'ဆေးမတိုးတော့ခြင်း' ဟုလည်း ခေါ်ကြသည်။ ပဋိဇီဝဆေး ယဉ်ပါးမှု (AMRAntimicrobial Resistance) ပြဿနာသည် အခြား နိုင်ငံများတွင်သာမက မြန်မာနိုင်ငံ အတွက်လည်း အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာ အန္တရာယ်တစ်ခု ဖြစ်ပြီး ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး လူတိုင်းကြုံတွေ့ ရနိုင်သည်။

ယခုအခါ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေး တိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်း (Global Action Plan-AMR) ကို ရေးဆွဲထားပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အမျိုးသားအဆင့် ပဋိဇီဝဆေး တိုက်ဖျက်ရေး ဆိုင်ရာစီမံကိန်း (National Action Plan-  AMR) ကို ရေးဆွဲထားပြီးဖြစ်သည်။

ပဋိဇီဝဆေးများကို တလွဲသုံးစွဲခြင်းကြောင့်-

- ဆေးယဉ်ပါးမှုအန္တရာယ် အချိန်တိုတွင်း ကျရောက်စေနိုင်သည်။

- ဆေးယဉ်ပါးမှုဖြစ်ပွားပါက ကုသရန်နှင့် ပျောက်ကင်းရန် လွန်စွာခက်ခဲသည်။

-ဆေးယဉ်ပါးမှုဟာ လူမျိုးမရွေး၊ အသက်အရွယ် မရွေးဖြစ်ပွားနိုင်သည်။

မှန်ကန်သော ဆေးသောက်နည်းပုံစံ

ဆေးဝါးများကို အောက်ပါဆေးသောက်နည်း လမ်းညွှန်အတိုင်း သောက်ပေးသင့်သည်။

ထမင်းမစားမီပဋိဇီဝ ဆေးသောက်ခြင်း

အကယ်၍ ထမင်းမစားမီ ဆေးသောက်မည်ဆိုပါလျှင် ထမင်းမစားမီ နာရီဝက်အလိုမှာ ဆေးသောက်ပါ။ ထမင်းမစားမီ နှစ်မိနစ်လောက် အလိုမှအချိန်ကပ်၍ ဆေးလုံးဝ မသောက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အစားအစာနှင့် ဆေးသောက်ချိန် လွန်စွာနီးကပ်နေပါက အချို့သော ဆေးဝါးများသည် ၎င်းအစားအစာများထဲ ရောနှောပါသွားပြီး ဆေးစွမ်းသတ္တိ ဓာတ်ပြယ်သွားစေနိုင်သည်။

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ခြင်း

အကယ်၍ ထမင်းစားပြီးမှ ဆေးသောက်မည်ဆိုပါလျှင် ထမင်းစားပြီးနောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်ခန့်ကြာမှသာ ဆေးသောက်ပါ။ အဘယ်ကြောင့်ဆိုသော် အချို့သော ဆေးဝါးများသည် အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို အချို့ဆေးများကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ် ပါသွားကာ ဆေးမတိုးနိုင်တော့ပေ။

ဗီတာမင်ဆေးများ သောက်ရန် အကောင်းဆုံးအချိန်

ဗီတာမင်အားဆေး  တစ်ခုခု မှီဝဲရမည်ဆိုပါလျှင် ဆေးသောက်ရန် အကောင်းဆုံးအချိန်မှာ နေ့လယ်စာ ထမင်းစားပြီးနောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်ခန့်ကြာမှ သောက်ရမည်ဖြစ်သည်။ ဗိုက်ထဲတွင် မည်သည့်အစာမျှ မရှိဘဲ အားဆေးကို လုံးဝမသောက်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် (ဥပမာ) ဗီတာမင်ဘီနှင့်  ဗီတာမင်စီ အားဖြည့်ဆေးများက ဆီးအဖြစ် ချက်ချင်း စွန့်ပါသွားသည့်အတွက်  ဆေးအာနိသင် ပျက်ပြယ်သွားကာ သောက်သမျှ အားဆေးအချည်းနှီးသာ ဖြစ်စေသည်။

ဆေးပတ်လည်အောင်သောက်ပါ

နေကောင်းသွားသည့်တိုင်အောင်  သောက်လက်စဆေးကို  မိမိသဘောအတိုင်း ရပ်မပစ်ပါနှင့်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် ဆက်လက်သောက်ပါ။အဘယ်ကြောင့်ဆိုသော် (ဥပမာ) အဖျားကျ သွားသော်လည်း ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုး ကျန်ရစ်နေသေးသော အင်အားကြီး အဖျားပိုးက လူကိုထပ်မံဖျားနာစေ၍ ၎င်းရောဂါပိုးကို အမြစ်ပြတ်ချေမှုန်းသည့် အနေဖြင့် ဆေးညွှန်းကုန်အောင် ဆက်သောက်သင့်သည်။

ပဋိဇီဝဆေးဝါးများနှင့် နွားနို့အန္တရာယ်

ဆေးဝါးများကို နွားနို့နှင့် တွဲဖက်မသောက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရောဂါတစ်ခုခုအတွက် ခံတွင်းမှမျိုချလိုက်သော သောက်ဆေးများကို အစာအိမ်က အက်စစ်ဓာတ်ပြု၍ အစာချေဖျက်ပေးပြီး သက်ဆိုင်ရာရောဂါထံသို့ သွေးစီးကြောင်းများမှ တစ်ဆင့် အနာနှင့်ဆေး တွေ့စေကာ ခံစားနေရသော ဝေဒနာကို သက်သာလာစေသည်။ နွားနို့တစ်မျိုးတည်းကိုသာသောက်ပါက ၎င်းနို့ထဲတွင်ပါရှိသော ကယ်စီယမ်နှင့် အာဟာရဓာတ်တို့ကို အစာအိမ်မှဓာတ်ပြု၍ ခွန်အားဖြစ်စေမှာ မှန်ကန်သော်လည်း အကယ်၍တက်ထွာဆိုက်ကလင်း အပါအဝင် ၎င်းနှင့်အာနိသင်တူသော ပဋိဇီဝဆေးဝါးများကို နွားနို့ဖြင့်ရော၍ ဆေးသောက်မိပါက နို့ထဲတွင် ပါရှိသော ကယ်စီယမ်ဓာတ် က ဟန့်တားစေသော အစွမ်းရှိသဖြင့် ဆေးမတိုးနိုင်တော့ပေ။ 

ထို့အတူ ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်တို့တွင် ပါရှိသော ကဖိန်းဓာတ်များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု ကြန့်ကြာနှောင့်နှေးစေသည်။ ထို့ကြောင့်မည်သည့် ဆေးဝါးအတွက်ဖြစ်စေ သောက်ရေသန့် တစ်မျိုးတည်းဖြင့်သာ ဆေးသောက်ခြင်းက အမှန်ကန်ဆုံးဖြစ်သည်။ ရေကျက်အေး၊ ရေနွေးဖြူ၊ ရေခဲရေတို့ဖြင့်လည်း ဆေးမသောက်သင့်ပေ။

ပဋိဇီဝဆေးဝါးများနှင့် စပျစ်သီးအန္တရာယ်

ပဋိဇီဝဆေးသောက်ပြီး ချက်ချင်းဆိုသလို စပျစ်သီး သို့မဟုတ် စပျစ်ဖျော်ရည် သောက်သုံးမိပါက ထိုအသီးထဲတွင် ပါဝင်သော သဘာဝအင်ဇိုင်း ဓာတုပစ္စည်းများက ပဋိဇီဝဆေးနှင့် တွေ့ဆုံပြီးနောက် ဓာတ်ဖောက်ပြန်၍ ဘေးထွက်ဆိုးကျိုးအဖြစ် သွေးခုန်နှုန်းကို မြင့်မားမြန်ဆန်လာစေကာ၊ အော်ဂလီဆန် ပျို့အန်မူးမော်နိုင်ပြီး အခန့်မသင့်ပါက သတိလစ်စေသည်။ အထူးသဖြင့် သွေးကျဆေး၊ ကယ်စီယမ်အားဖြည့်ဆေး၊ စိတ်ငြိမ်ဆေး၊ ကိုလက်စထရောကျဆေး၊ ဗီတာမင် အားဆေး အမျိုးမျိုး၊ အကိုက်အခဲ ပျောက်ဆေး၊ ကျား၊ မ ဟော်မုန်းအားဆေးနှင့် HIV ဆေးတွေက စပျစ်သီး သို့မဟုတ် စပျစ်ဖျော်ရည်နှင့် ဓာတ်ဖောက်ပြန်ကာ လူကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဖော်ပြပါဆေးဝါးများဖြင့် ကုသမှု ခံယူနေစဉ်အတွင်း စပျစ်သီး လုံးဝမစားသင့်ပေ။

ထိုမျှမက ဆစ်ထရစ်အက်စစ် ခေါ် အချဉ်ဓာတ်ကဲသော သစ်သီးများဖြစ်ကြသည့် ဂရိတ်ဖရု၊ လိမ္မော်၊ သံပရာ၊ သလဲသီး၊ သရက်၊ မာလကာ၊ ပန်းသီး(အချဉ်)၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ(အဖြူ)၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ တို့ကလည်း ပဋိဇီဝဆေးဝါးများနှင့် တွဲဖက်၍ စားသောက်မိပါက အလားတူ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ၎င်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားသောက်ပြီးနောက် အနည်းဆုံး ၄ နာရီခန့်ကြာမှသာ ပဋိဇီဝဆေးဝါးများကို စိတ်ချလက်ချ သောက်သုံးသင့်သည်။  

ပေါက်ပေါက်

Read 38 times
Rate this item
(0 votes)
Last modified on Tuesday, 20 August 2019 10:23

Latest from ကေတု