SJ WorldNews - шаблон joomla Авто

အဆုတ်တီဘီရောဂါ ရှိ ၊ မရှိ

Thursday, 22 August 2019 10:38 Written by  font size decrease font size decrease font size increase font size increase font size

တီဘီရောဂါဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ တီဘီဗက်တီးရီးယားကြောင့် ဖြစ်ပွားတယ်။ လေမှတစ်ဆင့်၊ အသက်ရှူရာမှ တစ်ဆင့် ကူးစက်နိုင်တယ်။ ကမ္ဘာလူဦးရေရဲ့ သုံးပုံတစ်ပုံမှာ တီဘီရောဂါပိုး ကူးစက်ခံနေရပြီးနှစ်စဉ် ရှစ်သန်းခန့် တီဘီဖြစ်ပွားကာ လူကြီး၊ လူငယ်နှစ်သန်း နေ့စဉ်သေဆုံးနေတယ်။ တီဘီရောဂါဖြစ်ပွားသူဟာ ဆေးကုသမှု စနစ်တကျ မခံယူရင် လူနာက တစ်ဆင့်အတူနေ မိသားစုနဲ့ ပတ်ဝန်းကျင်ရှိ လူတွေပါ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

တီဘီရောဂါ ဘယ်လိုကူးစက်လဲ။ တီဘီရောဂါရှိသူတွေမှ အတူနေ မိသားစုကို ၎င်းလူစုလူဝေး များပြားတဲ့နေရာ ဥပမာ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ရထားဂိတ်၊ ကားဂိတ်တို့မှာ ဝေဒနာရှင်တစ်ဦးမှ အနီးရှိလုပ်ဖော်ကိုင်ဖက်များကို ၎င်းရောဂါပိုး အလွယ်တကူ ကူးစက်နိုင်တယ်။

တီဘီရောဂါပိုး ကူစက်ခံရတိုင်း  တီဘီရောဂါဖြစ်လေ မရှိပါဘူး။ကျန်းမာရေး သန်စွမ်းကာ ခန္ဓာကိုယ် ခုခံအားကောင်းရင် တီဘီရောဂါ ကူးစက်ခံရပေမယ့် ရောဂါ မဖြစ်ပွားနိုင်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားအရ တီဘီရောဂါပိုး ကူးစက်ခံရသူ ၁ဝဝ ဦးမှ ကျန်းမာရေး ကောင်းသူ ၂၅ ဦးမှာ တီဘီဆေး သောက်စရာမလိုပဲ ကိုယ့်ကိုယ်ခံ စွမ်းအား(Immunity) နဲ့ အလိုလိုတီဘီရောဂါ ပျောက်ကင်းတာတွေ့ရတယ်။

တီဘီရောဂါဖြစ်နိုင်သူများမှာ အာဟာရ ချို့တဲ့သူများ၊ ခုခံအားကျဆင်း နေသူများ၊ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊ အသားဝါဘီပိုး၊ အသားဝါ စီပိုးရှိသူများ၊ နာတာရှည်ကျောက်ကပ် ဝေဒနာရှင်တို့မှာ ပိုပြီးဖြစ်ပွားနိုင် တယ်။ ဆေးလိပ်၊ အရက်အလွန်အကျွံ သောက်သုံးသူများ၊ အသက် အရွယ်ကြီးရင့်သူများနဲ့ ငါးနှစ်အောက်ကလေးငယ်များ၊ ဆီးချိုရောဂါနဲ့ အစာအိမ်ဖြတ်တောက် ခံထားရသူတို့ဟာ တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်တယ်။ တီဘီလူနာရှိနေတဲ့ အိမ်၊အိမ်နဲ့နေထိုင်သူ ဦးရေ မမျှတ များပြားနေခြင်း၊ အိမ်နဲ့အလုပ်နေရာများ၊ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းစွာမရရှိခြင်း၊ လူမှုစီးပွားရေး နိမ့်ကျခြင်းတို့ကလည်း ရောဂါဖြစ် ပွားစေဖို့ အားပေးတဲ့အခြေအနေပဲဖြစ်တယ်။

ရောဂါဖြစ်ပွားမှု

အသက်အရွယ်မရွေး၊ ကျား၊ မမရွေး ရောဂါပိုး ကူးစက်ခံရရင် ရောဂါဖြစ်ပွားနိုင်တယ်။ တီဘီရောဂါဟာ အဆုတ်မှာ အများဆုံးဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ အခြားနေရာတွေဖြစ်တဲ့ ဦးနှောက်၊ အကျိတ်များ၊ အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ အရိုးအဆစ်နဲ့ အရေပြားစတဲ့ နေရာအနှံ့ ဖြစ်ပွားနိုင်ပါတယ်။

တီဘီရောဂါ လက္ခဏာများမှာ

အဓိကလက္ခဏာ သုံးခုမှာ နှစ်ပတ်၊ သုံးပတ်ကျော် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ သွေးပါခြင်း၊  ကျောနဲ့ရင်အောင့်ခြင်းတို့ ဖြစ်တယ်။

သာမန်လက္ခဏာတွေက ညနေပိုင်း အဖျားတက်ခြင်း၊ အဖျားတာရှည်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်း၊ ညဘက် ချွေးထွက်ခြင်းဖြစ်တယ်။

ကိုယ့်မှာ တီဘီပိုးရှိတယ် သံသယဖြစ်ရင် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများမှာ သလိပ်ကို သုံးရက်ဆက်တိုက် တီဘီပိုး ရှိ၊မရှိ စစ်ဆေးရမယ်။ အနည်းဆုံး တစ်ကြိမ်မှာ  နံနက်အိပ်ရာထ သလိပ်ဖြစ်ရမယ်။ သလိပ်ထဲမှာ တီဘီရောဂါပိုး တွေ့ရင် ကျန်းမာရေး ဝန်ထမ်းရဲ့ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူဖို့လိုတယ်။ သလိပ်ထဲမှာ တီဘီပိုး မတွေ့ရ ပေမယ့် ရောဂါအရလည်းကောင်း၊ အဆုတ်ဓာတ်မှန်နဲ့ အခြားဓာတ်ခွဲ စမ်းသပ်စစ် ဆေးမှုအရ ဥပမာ အီးအက်အား (ESR)များရင် တီဘီအပြင် ကင်ဆာထိစဉ်းစားရမယ်။ တတ်ကျွမ်း နားလည်သူများ တီဘီလို့ယူဆရင်  သေချာဆွေးနွေး တိုင်ပင်ကာ ထိရောက်တဲ့ ကုသမှုခံယူသင့်တယ်။

ပထမနှစ်လဆက်တိုက် ဆေးနှစ်မျိုး၊ နောက်လေးလ သို့မဟုတ် ခြောက်လ ဆေးလေးမျိုး ညွှန်ကြားတဲ့အတိုင်း တိုက်ကျွေးသင့်တယ်။ အာဟာရပြည့်ဝအောင် ကျွေးသင့်ပြီး အသုံးအဆောင်ပစ္စည်း သီးခြားခွဲထားကာ ကလေးတွေနဲ့ ခြင်ထောင်တစ်လုံးတည်း မအိပ်သင့်ပါဘူး။

ဆေးကုသမှုခံယူရရင်

ကျန်းမာရေး ဝန်ထမ်းမှ ညွှန်ကြားသည့်အတိုင်း မနက် ၆ နာရီထိုး မိုးလင်းလင်းချင်း ဆေးသောက်ရမယ်။ ပထမနှစ်လမှာ အိုင်ဆိုနစ် (isoniazid 400 mg) နဲ့ ရမ်ဖာရင်း rafampincin 600mg) နှစ်မျိုးပါ ဆေးသောက်ရမယ်။ နောက်ခြောက်လ သို့မဟုတ် ရှစ်လမှာ အိုင်ဆိုနစ်  (isoniazid 400 mg)၊ ရမ်ဖာရင်း (rafampincin 600mg)  ၊ အီးတီဘီ (Ethambutol 600 mg) နဲ့ ပိုင်ရာဇီနမိုက် (Pyrazamid 1g) လေးမျိုး ပါဆေးကို နေ့စဉ်နှစ်လနဲ့ နောက်လများမှာ တစ်ပတ်မှာနှစ်ကြိမ် ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့လိုတယ်။

သတိပြုရာမှာ

တီဘီဆေးကို   တပေါင်းတည်း   နံနက်အိပ်ရာထ အစာမစားမီ တစ်နာရီခွာ သို့မဟုတ် အစာစားပြီး သုံးနာရီ ခွာသောက်ဖို့ လိုပါတယ်။ အစာနှင့် ပေါင်းပြီးသောက်ရင် တီဘီဆေး အာနိသင်လျော့ကျနိုင်ပါတယ်။ နံနက် ၆ နာရီဆေးသောက်ပြီးပါက တစ်နာရီကြာမှ အစာစားတာ အကောင်းဆုံးဖြစ်တယ်။ ဆေးကြောင့် ဆီး၊ ဝမ်းနီလာရင် မစိုးရိမ်ဖို့လိုတယ်။ တီဘီဆေးသောက်နေသရွေ့ ဆီး၊ ဝမ်းနီနေမှာဖြစ်တယ်။ အရက်သောက်ခြင်းကို  အနားပေးဖို့ လိုမယ်။ အရက်သမားတွေဟာ တီဘီမပျောက်ဘဲ တီဘီဆေး ယဉ်ပါးရောဂါ ဖြစ်လွယ်လို့ အရက်ဖြတ်ပြီးမှ တီဘီဆေး တိုက်ကျွေးလေ့ရှိတယ်။

ကုသစဉ်မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ခြေလက်များထုံကျဉ်ခြင်း၊ ပူခြင်း၊ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းထဲမှပူခြင်း၊ ပျို့အန်ခြင်း၊ မျက်လုံး၊ အသားဝါလာခြင်း၊ အရေပြားတွင် ယားယံကာ အဖုအပိမ့်များ အနီကွက်များထွက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်းတို့ ရှိတယ်။

တီဘီဆေးကို မှန်မှန်နဲ့ပြီးဆုံးအောင် မသောက်ရင်  အစမှာသိသာ ထင်ရှားတဲ့ အန္တရာယ်မတွေ့ရပေမယ့်  နောက်ပိုင်းမှာ အဆုတ်တစ်ခုလုံး ပျက်စီးသွားနိုင်ကာ တီဘီရောဂါပိုး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားနိုင်တယ်။ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးတဲ့ တီဘီရောဂါပိုးက ဆေးကိုယဉ်ပါးသွား တဲ့အတွက် ပျောက်ကင်းအောင် ထပ်မံကုသရာမှာ ငွေကုန်ကြေးကျများ လွန်းလို့ ခက်ခဲစွာ ကုသရတယ်။ ဆေးယဉ်ပါးတဲ့ တီဘီဟာသေနှုန်းလည်း မြင့်မားတယ်။  မိသားစုဝင်တွေကိုလည်း ဆေးယဉ်ပါးတီဘီပိုး ကူးစက် သွားကာ အသက်အန္တရာယ် ရှိနိုင်တယ်။

တီဘီကို ဒေသန္တရ ကျန်းမာရေးဌာနက တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု (DOTS)နဲ့ အထောက်အကူဖြစ်နေပါတယ်။ လူနာက သက်သာ လာတဲ့အတွက် ဆေးသောက်ဖို့ မလိုအပ်ဘူး တင်တာ၊ ဆေးသောက်သုံးဖို့ ငြီးငွေ့လာတဲ့အခါ၊ ဆေးသောက်ပြီး မအီမသာဖြစ်တဲ့အခါ မိသားစု သို့မဟုတ် မိတ်ဆွေက ဆေးမှန်မှန်သောက်ဖို့ အကူအညီပေးရမှာဖြစ် တယ်။ တီဘီဆေးသောက်ပြီး သလိပ်ကို နှစ်လသို့မဟုတ် သုံးလပြည့်ရင် တစ်ကြိမ်၊ ငါးလပြည့်ရင်တစ်ကြိမ်၊ ခြောက်လ သို့မဟုတ် ရှစ်လပြည့်ရင် တစ်ကြိမ် သလိပ်ထပ်မံ စစ်ဆေးဖို့လိုအပ်ကာ ရင်ဘတ် ဓာတ်မှန်ရိုက် ကြည့်သင့်တယ်။

တီဘီရောဂါ မကူးစက်ရအောင် ကြိုတင် ကာကွယ်နိုင်ပါတယ်။ တီဘီ ကာကွယ်ဆေး (BCGွ) ကို ရင်သွေးငယ်များ အသက်နှစ်လမှာ မပျက်မကွက် ထိုးနှံပေးရမယ်။ နှာချေ၊ ချောင်းဆိုးရင် ပါးစပ်၊ နှာခေါင်းကို အဝတ်  သို့မဟုတ်  လက်ကိုင်ပဝါနှင့် လုံခြုံအောင်အုပ်ပြီးဆိုးရမယ်။ သလိပ်တံတွေးကို တွေ့ရာမထွေးဘဲ အဖုံးပါတဲ့ ခွက်မှာ ထွေးရမယ်။ သလိပ်ကို ရေအိမ်အတွင်း သို့မဟုတ် မြေကြီးနက်နက် တူးပြီးစွန့်ပစ်ရမယ်။ တီဘီဖြစ်သူကို အစာအာဟာရ ပြည့်ဝအောင် စားပေးဖို့လိုတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နာရီဝက်ကို အပြေး၊ လမ်းလျှောက်၊ ရွရွ ပြေး၊ ရေကူး၊ စက်ဘီးစီး ပြုလုပ်သင့်တယ်။ လူနာသုံးပြီးသား တစ်ရှူး၊ လက်ကိုင်ပဝါ၊ အဝတ်အထည်တို့လျှော်ဖွပ်၊ နေပူလှန်းပြီးမှသုံးသင့်တယ်။ တီဘီရောဂါရှိသူတွေဟာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည် တိုက်ရိုက်ရနိုင်တဲ့နေရာ၊ အခန်းမှာ သီးသန့်နေသင့်တယ်။ လူနာမှ တစ်ဆင့် ဆင့်ပွား မကူးစက်စေဖို့ လူနာရဲ့ပစ္စည်းများသီးခြားခွဲပြီး သုံးစွဲဖို့ လိုအပ်တယ်။ တီဘီသံသယရှိရင် ဒေသန္တရဆေးခန်း သွားကာ သလိပ်ပိုးစစ်ခြင်း၊  ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနဲ့ အဆုတ်တီဘီရောဂါ ရှိ၊ မရှိသိနိုင်မှာဖြစ်တယ်။ ရောဂါရှိရင် ဆေးကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။   

ဒေါက်တာ လွင်သန့်

Read 31 times
Rate this item
(0 votes)
Last modified on Thursday, 22 August 2019 13:12

Latest from ကေတု