SJ WorldNews - шаблон joomla Авто

ကျွန်တော့်မှတ်တမ်း ကျွန်တော့်မှာတမ်း

Saturday, 20 January 2018 10:53 Written by  font size decrease font size decrease font size increase font size increase font size

၂၅-၂-၁၉၅ဝ ရက် နံနက် အရုဏ်ဦးသို့ရောက်ပါပြီ။ ရထားလမ်းကို မမြင်ရသေးပါ။ နောက်တပ်များက ခါးပြတ်ကျန်ခဲ့သည်။

နေမင်းကြီး ထွက်လာပြီး ရထားလမ်းကို မိုင်ဝက် ခန့်တွင် တွေ့ရပါပြီ။ ရှေ့ဆုံး သနက(၆)မှ တပ်ခွဲတစ်ခွဲသာ ပါလာသည်။ ကျန်တပ်ခွဲမှာ ကျန်နေပါသေးသည်။ သို့သော် ဖြစ်ပေါ်လာမည့် ပြဿနာမှာ အကြီးကြီးပါ။ မြင်သာအောင် အနည်းငယ် ဖော်ပြပါမည်။

ရွှေအင်ဒုံ ရွာကြီးဘက်မှ တက်လာသော သနက(၆) စစ်ကြောင်း၏ ရှေ့မိုင်ဝက် ခန့်တွင် ရထားလမ်း တွေ့ရပါပြီ။ သနက(၆) စစ်ကြောင်း၏ လက်ယာဘက် ပြွန်တန်ဆာမြို့ကိုလည်း မြင်နေရသည်။

သနက(၆)နှင့် စာရေးသူတို့ စစ်ကြောင်း၏ လက်ဝဲဘက်တွင် ညောင်လေးပင် မြို့ဘက်ကို မြင်နေရသည်။ နောက်တပ်များကို မစောင့်နိုင်တော့ပါ။ တပ်ဦး တပ်ခွဲတစ်ခွဲနှင့်ပင် ရထားလမ်းကို ဆက်၍ တက်ရပါတော့မည်။

ဤကဲ့သို့ တပ်နည်းနည်းဖြင့် တက်ရသည်မှာလည်း အမှားကောင်း ဖြစ်သည်ကို ဆက်ရေး ပါသည်။ တပ်ကြပ်ကြီး အေးစန်တို့၏ ဘီအီး ပိုင်အိုနီယား တပ်စိတ်နှင့် ပါလာသော BDF တပ်စုမှာ နယ်ခံတပ်ဖွဲ့ ဖြစ်သဖြင့် အားကိုးရသည်။

BDF တပ်စုမှူး ဗိုလ်အောင်မြင့်မှာ BDF မှ လူဟောင်းကြီး ဖြစ်သဖြင့် ပို၍ပင် အားကိုးရသည်။

တိုက်ပွဲဖြစ်လျှင် သနက(၆)မှတိုက်ပြီး BDF တပ်စုမှ ဘီအီးတပ်က ရထားလမ်း ဖျက်ဆီး ရမည်ကို လုံခြုံရေး ယူပေးရမည် ဖြစ်သည်။ စာရေးသူ ရေးခဲ့သည့် အထဲတွင် မိုးမလင်းမီ ရထားလမ်းရောက်မှ အန္တရာယ် ကင်းနိုင်မည်ကို ရေးခဲ့သည်။ ယခု နေမင်းကြီး ကောင်းကောင်း လင်းနေပြီ ဖြစ်၍ အန္တရာယ်တွေ တစ်ခုပြီး တစ်ခုဝင် လာပုံကို ရေးပါမည်။

ပထမဆုံး ပြွန်တန်ဆာမြို့ KNDO အင်အား ၅ဝဝ ကျော်ဘက်ကို အရင်ရေးမည်။ KNDO တို့၏ APT သံချပ်ကာ ရထားကြီးမှာ စာရေးသူတို့ဘက်သို့ မီးခိုးတလူလူဖြင့် ထွက်လာသည်။ သနက(၆)ရှေ့မှတပ်ကို စတင် တိုက်ခိုက်တော့မည် အခြေအနေမျိုး ရှိသည်။ '' BE ရထားလမ်းကို မိုင်းခွဲပါ '' ဟေူ သာ သနက(၆) မှ ဗိုလ်ကြီးထွန်းဖေ အမိန့်ရသည်။ တပ်ကြပ်ကြီး အေးစန်ကို ဘီအီးဆယ်ယောက်နှင့် BDF ဗိုလ်ကြီးအောင်မြင့်တို့ မီးရထား သံလမ်းရှိရာသို့ အပြေးတက်လာကြသည်။

ပြွန်တန်ဆာဘက်ရှိ APT ရထား၏ ကိုက် ၁ဝဝဝ လောက်မှ စက်သေနတ်ဖြင့် စတင်ပစ်ခြင်း ခံရသည်။ သနက(၆) တပ်အားလုံး မစုံဘဲ တပ်ခွဲတစ်ခွဲသာ ရထားလမ်းအနီး ကိုက်၂ဝဝ လောက်တွင် နေရာ ယူထားနိုင်ခြင်းမှာ ကံကောင်းသည်။

ပြွန်တန်ဆာတွင် APT ရထားနှစ်စင်း ရှိသည်ဟူသော သတင်းရထားသည်။ ယခု APT သံချပ်ကာ ရထားတစ်စင်းသာ လာရောက် တိုက်နေခြင်း ဖြစ်ပေသည်။ စာရေးသူမှာ စဉ်းစား ကြည့်သည်။ KNDO တို့၏ APT သံချပ်ရထားကြီး ထဲမှ မြင်နေသဖြင့် မိမိစစ်သည်များ သေကြရုံသာ ရှိသည်။

မိမိတပ်၏ အမှားမှာ ရထားဖျက်ဖို့ရန် ရန်သူမသိမီ ကြိုတင်ပြင်ဆင်ဖို့ အချိန်လိုအပ်သည်။ ထို့ကြောင့် မိုးမလင်းမီ ရထားလမ်းကို ရောက်ဖို့ အမိန့်ထိ မှန်သည်။ သို့သော် တပ်ရင်းတစ်ရင်းလုံး ချီတက်မှုနှင့် အတူလိုက်ပါ နေရခြင်းမှာ မှားသည်။

လျင်မြန်သော တပ်ခွဲတစ်ခွဲလောက်နှင့် အရင်သွားသင့်သည်။ ဤသို့ မဖြစ်ခဲ့သဖြင့် မိမိတပ်က လယ်ကွင်းတွင် ရှိပြီး KNDO တို့ APT သံချပ်ကာ ရထားကို တိုက်ရန်မှာ မစဉ်းစားရဲသော အခြေအနေ ဖြစ်သည်။

ထို့ထက် ပိုဆိုးသည်မှာ ရထားသံလမ်း နှစ်ခုကြားသို့ ဝင်ပြီး မိုင်းခွဲဖို့မှာ စာရေးသူ၏ တာဝန်ကို စဉ်းစားကြည့်ရန် ဖြစ်သည်။ ၂၅-၂-၁၉၅ဝ ရက် နံနက်လင်းသည်နှင့် ဗိုလ်ချုပ် ကျော်ဇော ဦးစီးသည့် တောင်ဘက် ကားလမ်းကြီးအတိုင်း ချီတက်လာသော သနက(၃) ချေမှုန်းရေး တပ်အဖို့ သံချပ်ကာတပ်များ ပါသဖြင့် ထိုးစစ်ကို အောင်မြင်အောင် တိုက်နိုင်မည် ဖြစ်သည်။

သို့သော် ပိတ်ဆို့ရေး၊ ဖြတ်တောက်ရေးတပ် ဖြစ်သော သနက(၆)နှင့် ဘီအီးတပ်အဖို့ တာဝန် ကျေစရာ အကြောင်းမမြင် ဖြစ်နေသည်။ ဘီအီးတပ်၏ တာဝန်ကို ပြီးခဲ့သော စစ်ဆင်ရေး များတွင် အခြားသော ညီနောင် တပ်များနှင့်အတူ အောင်မြင်စွာ တိုက်နိုင်ခဲ့သည်ချည်း ဖြစ်သည်။

ယခု ပြွန်တန်ဆာမြို့နှင့် ညောင်လေးပင် မြို့နှစ်မြို့ကြားသို့ ရောက်နေသော မိမိတို့ ဘီအီးမိုင်း အဖွဲ့မှာ ရထားလမ်းချိုး ဖျက်ရတော့မည် ဖြစ်သည်။

တောင်ဘက်ပြွန်တန်ဆာ ဘူတာရုံဘက်မှ KNDO တို့၏ APT သံချပ်ကာရထားမှာ မီးခိုး ခေါင်းတိုင်မှ မီးခိုးများဖြင့် သနက(၆) တပ်ရင်းကို မြင်လို့လား၊ စာရေးသူတို့ ရထားသံလမ်း ဖျက်မည့်အဖွဲ့ကို မြင်လို့လား မသိပါ။

တဖြည်းဖြည်းချင်း စာရေးသူတို့ဘက်သို့ ထွက်လာသည်။ KNDO တို့၏ သံချပ်ကာ ရထားမှ စက်လတ်ကြီး လက်နက်ဖြင့် သနက(၆) တပ်ဘက်သို့ ပစ်နေသည်။

သနက(၆)ဘက်ကလည်း ရထားလမ်းနှင့် ကိုက် ၂ဝဝ ခန့် အတွင်းမှ ပြန်ပစ်သဖြင့် တိုက်ပွဲကြီး စတင်ပါ တော့သည်။

Read 144 times
Rate this item
(0 votes)
Last modified on Saturday, 20 January 2018 10:54