SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တပြည်သူ မရွှေထား

Tuesday, 14 August 2018 09:43 Written by  font size decrease font size decrease font size increase font size increase font size

''ဒါဖြင့် နင် ဘာလုပ်တာရှိသလဲ ... ''

''ဟရေး ...ရှိတယ် ... နာ တာခင်းကြီးနဲ့ရုံးတွားတယ် ...နာ ရှာတွေ ကမ်းကမ်းပို့တယ် ...တာခင်းကြီးရုံးခန်းရှေ့မှာနော် ... နာ ကမ်းကမ်းထိုင်တယ် . .တာခင်းကြီး ဂေါက်သီး ရိုက်တယ်နော် . .

နာ ကယ်ဒီကမ်းကမ်းလုပ်တယ် ... နာမရှိဘူးနော် . . တာခင်းကြီး ဒွတ်ခပဲ . . တူပါးမဝင့်ဘူး ...''

''ဘာမဝင်ဘူး ...

''နင် နားမလည်ဘူး ... ဒါ ဘွတ်ရှဂါး ... ဘွတ်တားတွေနော် ... ဂေါက်တီးရိုက်တယ် ... မြန်မာ့တားတွေနော် ... ခြင်းလုံးခတ်တယ် ... ပါးမဝင်ဘူး ... ဒါ ဘွတ်ရှဂါး ... ကမ်းကမ်းမရိုက်နိုင်ဘူး ပြောဒါ ... နာပါးတယ်နော် ...တာခင်းကြီး ပါးဝင်တယ် ... အန်ဒါပါးဝင်တယ် ... ဘွတ်ဂီရတယ်

... ဘာဒီရတယ် ... နင်ဘားပြောချင်သေးသလဲ''

''နင် ဒီနေ့ ဝန်မင်းနဲ့ဘာလို့ ရုံးမလိုက်သွားလဲ ...'' ''အိမ်မှာ ပစ်ရှီးတွေတိမ်းနေတယ်...အားရှိတဲ့ ယောက်ျာ့လိုနေတယ် ... နာရုံးမတွားဘူး ... '' ''နင်ကော ဘတ္တလာလို ဘာလို့ဘင်္ဂလားမပြေးလဲ'' ''နာ့အဖေနဲ့အမေနော် ... ကာလား ... နာကာလားမဟုတ်ဘူး ... နာ့အဖေနော် ...

တာခင်းကြီးဆီမှာ မယ်စရီလုပ်တယ် ... ဝမ်းတွားတဲ့ ရောဂါဖြစ်တယ်နော် ... နာ့အဖေးရော ...အမေးရော ... ကမ်းကမ်းတေးတွားတယ် ... နာရှယ်နှစ် တားရှိဘီ ... တာခင်းကြီးနဲ့တာခင်မနော် ... နာ့ကို တားတမီးလို ကမ်းကမ်းမွေးထားတယ် ... နာကာလားတား မဟုတ်ဘူး ... မြန်မာ့တား ... '' ''နင့် အခြားနာမည် မရှိဘူးလား ... '' ''နာငယ်ငယ်နော် ... မရမ်းဒီးလို့ ခေါ်တယ် ... နာ မကြိုက်ဘူး ... နာ့နားမယ် ... မိုးကျရွှေကိုယ် ... တာခင်မတို့ ခေါ်ဒါ ... နာကြိုက်တယ် ... ''

သူ၏ အတ္ထုပ္ပတ္တိနှင့် ဂုဏ်ထူး လုပ်ငန်းများကို မိန့်မြွက်တော်မူပြီးနောက် ... မိုးကျရွှေကိုယ်သည် အိတ်တွင်းမှ ကပ်ကြေးတံဆိပ် စီးကရက်ဘူးကို ထုတ်ယူ၏။ စီးကရက်တစ်လိပ်ကို မီးညှိ၍ မျက်လုံးတစ်ဖက်မှိတ်ကာ ဟန်နှင့် ရှိုက်ဖွာနေ၏။

အိမ်တွင်းမှ 'မိုးကျရွှေကိုယ် ... မိုးကျရွှေကိုယ်'ဟု ခေါ်သံကြားရ၏။ မေမေကြီး၏ အသံပင် ဖြစ်သည်။

မိုးကျရွှေကိုယ်သည် မဲ့လိုက်ပြီးမှတ်ချက်ချ၏။ ''နာ့ကို ခွေးကာလား ... ဘာအတုံးကျလဲ ပြောတယ်။ အခုနားမရှိဘူးနော်။ နာ့ကိုခေါ်တယ်။ ဘာကမ်းတလဲ။ နာအိမ်တာထဲမှာ ရှီးကလက်တွား တောက်နေဦးမယ်။ရှပ်ပြားကိုနော် ...။ နားတင်းတလိုနင်တိုက်... နင် ဂါဝန်းတွေ ဘားတွေ တာတက်မလျှောရဘူး'' ယင်းသို့ သြဝါဒပေးပြီး မိုးကျရွှေကိုယ်သည် အစေခံတန်းလျား အိမ်သာဘက်ဆီသို့ စီးကရက်ခဲလျက် စတိုင်နှင့် လျှောက်သွား လေသတည်း ...။

ထိုနေ့ညနေက ညပိုင်းတွင် ဆက်လက် ထုပ်ပိုး ပြင်ဆင်စရာ ရှိသောကြောင့် တစ်အိမ်သားလုံး ညစာကို စောစောစားကြသည်။ မီးဖိုချောင် ကိစ္စများ အားလုံး ပြီးစီးသောအခါ အိမ်ကြီးပေါ်၌ ကျွန်တော့်အတွက် ဘာအလုပ်မျှမရှိ။ သူတို့ သိမ်းကြ ဆည်းကြသော လုပ်ငန်းအတွက် ကျွန်တော့်ကို ခေါ်မခိုင်းကြ။

မိုးကျရွှေကိုယ် ပင်လျှင် ခြံတစ်ထောင့် သစ်ပင်အောက်၌ ကုလားဗုံလေးတီးကာ သီချင်းတအေးအေးနှင့် အနားယူ နေသည်။ ထိုစဉ် ထူးဆန်းသော မြင်ကွင်းကို တွေ့ရသည်။

ကျွန်တော်က ကျွန်တော်တို့၏ အစေခံတန်းလျား အခန်းကလေးရှေ့မှ ကြည့်နေခြင်း ဖြစ်သည်။

မိုးကျရွှေကိုယ်က အိမ်ကြီး၏ ခေါင်းရင်းဘက် ဥယျာဉ်တွင်း တစ်နေရာ၌ ဗုံတီးနေခြင်း ဖြစ်သည်။ သူ့နေရာနှင့် အစေခံတန်းလျားမှာ ကိုက်သုံးဆယ်ခန့် ဝေးသည်။ ပထမသော် မိုးကျရွှေကိုယ် တစ်ယောက်တည်း သီချင်းဆို ဗုံတီးနေခြင်း ဖြစ်၏။ မကြာမီပင် အလွန်လှပသော ကုလားမလေး တစ်ဦး ပေါ်လာ၏။

နေဝင်စ ဖြစ်သော်လည်း ညနေခင်းသည် များစွာလင်းနေသေးသည်။ ကောင်းကင်ပြာ၌ ကြယ်တို့စုံနေသည်။

လေချိုကလည်း တသွေးသွေးနှင့်။ ကုလားမလေးကို အံ့သြစိတ်နှင့် ကြည့်နေသော ကျွန်တော်သည် မျက်နှာကို မြင်သောအခါ ပို၍အံ့အားသင့်မိ၏။

ထား ...။ ကုလားမလေးကဲ့သို့ ဝတ်ထားသောထား ...။ ဆာဒီအပြာနု ကလေးကို အချိုးကျကျ လှလှပပ ခြုံထားသည်။ မိုးကျရွှေကိုယ်သည် သူ့သွားဖြူဖြူများပေါ်အောင် ပြုံးလျက် ခေါင်းကလေးကို ငဲ့ကာငဲ့ကာနှင့် သီချင်းဆိုရင်း ဗုံလေးကိုတီး၏။

ထားက ကုလားမလေးကဲ့သို့ ကသည်။

မိုးကျရွှေကိုယ် ဆိုနေသော ကုလားသီချင်းကို ကျွန်တော်လည်း ရသည်။ 'ခါဆန်ဂျီ' သီချင်းဖြစ်၏။

ခါဆန်ဂျီမှာ အလွန်လူကြိုက်များသော ကုလားဇာတ်ကားဖြစ်၏။ ကုလားတွေသာမက မြန်မာတွေပါ ကြိုက်ကြသည်။ ခါဆန်ဂျီ ဇာတ်ကားတွင်းမှ ဇာတ်လိုက်နှမကုလားမလေးမှာ အဓိက ဇာတ်ဆောင်တစ်ဦး ဖြစ်သည်။ ယင်းကုလားမလေး ဆိုသော သီချင်းမှာ လူတိုင်း နှုတ်ဖျား၌ စွဲကျန်ရစ်သည်။

''ဇာဝနေ ... ကနချဒေးဟိုင်း ... ဟာယ ...ဟားဟာ ... ကလီယာ ခုယောခုမေ ... မဂျာ နာကီဆဒေးဟိုင်း ...'' မိုးကျရွှေကိုယ်က စိတ်ဝင်စားစွာ ဆိုတီးသည်။ ထားကလည်း အဟုတ်တကယ် ကနေသည်။

ခါဆန်ဂျီကို ကျွန်တော်ကြည့်ဖူးသည်။ ကုလားမလေး၏ အကမှာ အမှန်ပင်ကောင်းသည်။ ယခုထားသည် အဖြစ်ကနေသည် မဟုတ်ပေ။ မေးထိုးမေးငင်၊ ကိုယ်သိမ်းကိုယ်ယိမ်း၊ ဆတ်ခနဲအရပ်၊ ယို့ခနဲအလှည့်၊ ကြော့ခနဲအကော့ ...။ အားလုံးကို ဇာတ်လိုက် ကုလားမလေး နည်းတူ စနစ်တကျကနေ၏။

''အာ့ဟာဟာ ...အာ့ဟာဟာ ...ဆိုဂျလေ ...ဆိုဂျလေ ... ဆိုဂျလေ့ ... ဆိုဂျလေ ... ပူရော့ ကုယောခုမေ ... မေဂျာနကီ ဆဒေးဟိုင်း ... '' ဆိုနိုင်ပေသည့် မိုးကျရွှေကိုယ် ...။ တတ်နိုင်ပေသည့် မရွှေထား။ နှစ်ယောက်သား အဟုတ်တကယ်ကဲနေကြ၏။ ထားကနေပုံမှာ ကျွန်တော့်အတွက် ရှုမငြီး။ သို့ရာတွင် ရဲရဲလည်း မကြည့်ဝံ့။ ကိုယ့်နေရာမှကိုယ် ခပ်ကွယ်ကွယ်ချောင်းကြည့်နေရသည်။

သည်ပုံမြင် နေရပြန်တော့ ထားသည် အပြစ်ကင်းသော ကလေးငယ်ပမာ။ ချစ်စဖွယ်၊ နှစ်သက်စဖွယ်။ ကျွန်တော့်ကို ဆက်ဆံစဉ် တွေ့ရသော မာနနှင့် မောက်မာမှုတို့ ဘယ်ပြေး ကုန်ပြီနည်း။

ကျွန်တော်သည် ဝမ်းနည်းသကဲ့ သို့လည်း ဖြစ်မိသည်။ မိုးကျရွှေကိုယ်ကို မနာလိုသကဲ့ သို့လည်း ဖြစ်မိသည်။ ကျွန်တော့်ဘဝသည် မိုးကျရွှေကိုယ်ထက် နိမ့်ကျလေသလော။

သူတို့ ပျော်ပျော်ရွှင်ရွှင် ဆိုနေက နေကြသည်မှာ အတန်ကြာသည်။ အလင်းရောင် လုံးဝပျောက်မှ ပြီးသွားကြ၏။

ကြမ်းပြင်၌ ခင်းထားသော အိပ်ရာထက် ကျွန်တော်လှဲသည်။ တစ်နေ့လုံး တောက်တောက်နှင့် လုပ်ခဲ့ရသောကြောင့် လူသည်အနည်းငယ် ညောင်းနေ၏။ လူညောင်းသည်ထက် စိတ်က ညောင်းသည်။

ယခုနေရသော အိမ်မှာ ယခင်နေရသော အိမ်ထက်များစွာ ကောင်းပါ၏။ သို့ရာတွင် စိတ်က မလွတ်လပ်။

ကျွန်တော်သည် အခန်းနံရံ၌ ထောင်ထားသော မယ်ဒလင်ကလေးကို ငေးကြည့်နေမိ၏။ အခန်းပြင်မှ ခြေသံပေါ်လာသည်။ ခေါ်သံလည်း ပေါ်လာ၏။

''ကမ်းဂလေး ... '' ကျွန်တော်က မထူး။ ''ဟဲ့ ... ကမ်းဂလေး ... နင် အိပ်ပွလား ..'' အသံတွင်မက အခန်းဝ၌ မိုးကျရွှေကိုယ် ကိုယ်ထင်ပြပေါ် လာ၏။ ကျွန်တော်က စကားပြန် မပြောဘဲ သူ့ကိုစိုက်ကြည့်နေ၏။

''ဟမ်း ... နင် မွအိပ်တေးဘူး ... နာခေါဒါ ဘားလို့ မထူးလဲ ... '' ''ငါ့ကို ကောင်ကလေးလို့ မခေါ်နဲ့ မိုးကျရွှေကိုယ်... '' ''နင့်နာမယ် နာမတိဘူး ... '' ''ငါ့နာမည် မြတ်ဆွေ ... '' ''ဟား ... မြတ်ဆွေ ... နာ နားမယ်တိတယ်နော် ... နားမယ်ခေါတယ် ... မတိဘူးနော် ...နားမယ်မခေါဘူး ...ဟမ်း ... ဟမ်း ... အပ်ချား ... မြတ်ဆွေ... နာ နားမယ်ခေါတယ် ... '' ကျွန်တော်က ထထိုင်၏။ မိုးကျရွှေကိုယ်လည်း ကျွန်တော့်အနီးဝင်ထိုင်၏။ မိုးကျရွှေကိုယ်သည် သူ့သွားဖြူဖြူ များကို ဖြဲပြပြီး မေး၏။

''မြတ်ဆွေ ... နင် ကမ်းမလေးကို ကြိုက်တလား ... '' မြတ်စွာဘုရား ...။ ကျွန်တော် မျက်လုံးပြူးသွား၏။ ''မိုးကျရွှေကိုယ် ... နင်ဘာစကားပြောတာလဲ ...'' ''နားကမ်းကမ်းပြောဒါ ... ကမ်းမလေးကတယ်နော် ... နင်မကြိုက်ဖူးလား ... '' တော်ပါသေး၏ ...။ ''သြော် ... အေး ... အေး ... ထားက သိပ်အကကောင်းတာပဲ ... '' ''အား ... ကမ်းတယ် ... ကာလားလိုလည်း ကတတ်တယ် ... ဗိုလ်လိုးလည်း ကတတ်တယ် ... နာနဲ့တူနော် ... . နယ်နယ်လေးထဲက နေးတယ် ... နာနဲ့နော် ... တူကမ်းကမ်းကတယ် ... '' စကားအဆုံး၌ မိုးကျရွှေကိုယ်၏ မျက်လုံးများသည် ကျွန်တော့်၏ မယ်ဒလင် ကလေးဆီ ရောက်သွား၏။

 

တက္ကသိုလ်ဘုန်းနိုင်

Read 335 times
Rate this item
(0 votes)
Last modified on Tuesday, 14 August 2018 09:47