SJ WorldNews - шаблон joomla Авто

တပြည်သူမရွှေထား

Wednesday, 15 August 2018 09:47 Written by  font size decrease font size decrease font size increase font size increase font size

''ဒါ နင်တီးတယ်နော်...''

''အေး...''

မိုးကျရွှေကိုယ်က မယ်ဒလင်ကလေးကို လှမ်းယူလိုက်ပြီး ဟိုခေါက်ဒီခေါက် လုပ်ကြည့်၏။

''နင် ဘာတားချင်းတီးတလဲ...''

''ငါ မြန်မာသီချင်းတီးတာပေါ့...''

''နာ့ကို တီးပြမလား...''

ကျွန်တော်က ပြုံးနေသည်။ အမှန်က ကျွန်တော်လည်း ဆိုတီးချင်နေသည်။ မယ်ဒလင် ကလေးသည် ကျွန်တော်၏ တစ်ဦးတည်းသော အဖော်။ ပျင်းရိငြီးငွေ့ဖွယ် အချိန်များ၌ တစ်ဦးတည်းသော သူငယ်ချင်း။

''ငါ မြန်မာသီချင်း တီးတော့ နင်နားလည် ပါ့မလား

မိုးကျရွှေကိုယ် . . . ''

''ဟမ်း... နားလဲတယ် ...နာ မြန်မာတားချင်း ကမ်းကမ်းရတယ်...''

''နင် ဘာသီချင်းရလဲ...''

''နာ ဂမ်းမင့်ဒူရတယ်...''

''ဘာ... ''

''ဂမ်းမင့်ဒူ...နင် မတိဘူးလား...ဂမ်းမင့်ဒူ ...

မတ်နိုးဒူ...မားနရှင်...တိတ်ကမ်းတဲ့ တားချင်းတွေ

...''

''သြော်...သြော် ...ဂုဏ်မြင့်သူ...မြတ်နိုးသူ ...

မာနရှင်...ဟုတ်လား...''

''ဟား...ဟုတ်တယ် ...'' အာဂ မိုးကျရွှေကိုယ်

ပင်တည်း။

''နင်တီးမလား...''

''အေး...တီးမယ်...''

''တီးမယ်နော်...အပြင်တွားမယ်...ဒီထဲမှာ

ပူးတယ် ...'' အမှန်ပင် အခန်းကျဉ်းကလေး အတွင်း၌ အိုက်နေ၏။

ကျွန်တော်သည် မယ်ဒလင် ကလေးကို ယူပြီး မိုးကျရွှေကိုယ်နောက် လိုက်ခဲ့၏။

မိုးကျရွှေကိုယ်က သူနှင့်ထား စောစောက တီးကြကကြသော နေရာသို့ ခေါ်သော်လည်း ကျွန်တော်က ငြင်းရ၏။ ယင်းနေရာက အိမ်ကြီးနှင့် နီးလွန်းသည်။ နီးလွန်းသည် ဆိုသည်ထက် ကျွန်တော်တို့နှင့် မအပ်စပ်ဟု ဆိုလျှင် ပိုမှန်မည်။

ကျွန်တော်က ကျွန်တော်တို့ အစေခံတန်းလျား နယ်နိမိတ်ရှိ သြဇာပင်ပျိုအောက်၌သာ ထိုင်၏။ မိုးကျရွှေကိုယ်ကလည်း ဝင်ထိုင်လိုက်ပြီး မေး၏။

''နင် ဘားတီးမလဲ...''

''နင်ကြိုက်တာပြော...''

''နာ ဂမ်းမင့်ဒူပဲ ကြိုက်တယ်...''

ကျွန်တော်က ဂုဏ်မြင့်သူ သီချင်းကို တီးသည်။ လိုက်တော့မဆို။ အခြေအနေအရ မဆိုအပ်ဟု ထင်သည်။

အလိုက်မသိသော မိုးကျရွှေကိုယ်က တိုက်တွန်း၏။

''နင့်ပါးဂျပ်ကလဲရှိုး...''

ကျွန်တော်က ခေါင်းခါပြသော အခါ မိုးကျရွှေကိုယ်က မကျေနပ်ဟန်နှင့် ပြော၏။

''နင်မရှိုးရင် နာရှိုးမယ်...''

ကျွန်တော်က ခေါင်းညိတ်ပြ၏။

အမှန်မှာ အလေ့အကျင့် မရှိလျှင် တူရိယာနှင့် တီးနေစဉ် သီချင်းဝင်ဆိုရန် မြန်မာတစ်ယောက် အတွက်ပင် မလွယ်။ မိုးကျရွှေကိုယ် ခမျာမှာ ဆိုသာ ဆိုချင်သည်။ ဘယ်လို ဝင်ရမှန်းမသိ။ ကျွန်တော်က အသံတိုးတိုးနှင့် လိုက်ကြောင်း ပေးရ၏။ ကျန်အပိုဒ်များ၌ မဟန်သော်လည်း ထပ်ကျော့ရသော အပိုဒ်၌ကား မိုးကျရွှေကိုယ် ဝင်ဆိုတတ်သွား၏။

''မန့်အပေါ်ဝယ် ... ဂန်ရေမဒူလွတ်လား...

ရွှေစပဲ့ဖြူပန်ချွင်ဒူကညား ...မတနားဘဲ အက်စက်

တယ် ...''

ပြည်မြို့ မင်းကြီးတောင်ပေါ်တွင် ပြည်သားအစစ် မိုးကျရွှေကိုယ်ဆိုသံကို ကြားရသော် သီချင်းရှင် ပြည်လှဖေခမျာ မည်သို့ခံစား ရရှာမည်မသိ။ တော်ပါသေး၏။ တစ်ပုဒ်လုံး မိုးကျရွှေကိုယ် လိုက်မဆိုနိုင်။ 'မောင့်အပေါ်ဝယ် ဂုဏ်ရေမတူလို့လား' ဟူသော အပိုဒ်၌သာ ပါးဖြဲနားဖြဲနှင့်ဝင်၍ 'မတနားဘဲ အက်စက်'နိုင်သည်။

သီချင်း အဆုံး၌ ကျွန်တော်က သူ့ကိုပြုံးကြည့်၏။ သူက မှန်သောသစ္စာ စကားကို ဆို၏။

''နာရှိုးဒါ မကမ်းဘူး...''

''ကောင်းပါတယ်ကွာ...''

''မကမ်းပါဘူး...နာဒီတိုင်းနော...ကမ်းကမ်းရှိုး

တတ်တယ် ...ဒန်ဒန်...ဒန်ဒန်နဲ့ နင့်အုပ်ရှာ အော်နေ

တယ်နော်...နာ ဒွတ်ခတွေ့တယ်...''

''အေး...အတီးနဲ့ လူတိုင်းလိုက်မဆိုတတ်ဘူး ...

နောက်တော့ တတ်သွားမှာပါ...ငါ သင်ပေးပါ့မယ်

...''

''နင် တကယ်တင်ပွေးရင် နာကမ်းကမ်းရှိုးမယ်...''

''အေး ...သင်ပေးပါ့မယ်...''

''အေး...တင်ပွေး...အခု နင်တစ်ခုရှိုအုံး...''

''ဘာဆိုရမလဲ...''

''မတ်နိုးဒူ ရှို...''

''ဒီအိမ်မှာ မိန်းကလေးရှိတယ်...ဒါမျိုးတွေ ဆိုလို့

မကောင်းပါဘူး...''

''ဘာလို့ မကမ်းလဲ ...ကမ်းမလေးတွေရှိတယ်နော်

...ရှိုလို့ပိုကမ်းတယ်...''

''တခြားနေရာမှာတော့ဟုတ်တယ် ... ဒီမှာက

ကောင်မလေးက ဝန်မင်းသမီး... ငါက ခိုင်းတဲ့လူ

မဟုတ်လား ...မကောင်းဘူး...''

မိုးကျရွှေကိုယ် အတန်ကြာ စဉ်းစားနေ၏။ ထို့နောက် သဘောပေါက် သွားဟန် ခေါင်းညိတ်ညိတ် လည်ညိတ်ညိတ်နှင့် ပြော၏။

''ဟမ်းဟမ်း...မကမ်းဘူး...နာတိဘီ...နင်ရှိုး

တယ်နော်...ကမ်းမလေးက ရှိတ်ရှိုးတွားမယ် ...

ကမ်းမလေးက ဂန်းမင့်ဒူ...''

''အေး...ဟုတ်တယ်...ဒါပေမဲ့ နင်နားထောင်

ချင်ရင် ငါ တခြားသီချင်းတစ်ပုဒ်ဆိုတီးပြမယ်...''

''အတ်ခြား...''

ကျွန်တော်က ပတ်ပျိုးခံကို စတီးသည်။ ထို့နောက် ယမုန္နာပတ်ပျိုးကိုပင် တီးပြီး မတိုးမကျယ် ဆို၏။ ယမုန္နာ ပတ်ပျိုးမှာ ကျွန်တော်၏ အသည်းစွဲ ပတ်ပျိုးလည်း ဖြစ်သည်။ သီတာသောင်ခြေဘွဲ့ ဖြစ်သောကြောင့် အနှောင့်အသွားလည်း လွတ်သည်။

ညက အတန်မှောင်နေပြီ။ ကျွန်တော်နှင့် မိုးကျရွှေကိုယ် ထိုင်နေရာ၌ အရိပ်လည်း ကျနေ၏။ အိမ်ကြီးအတွင်းမှမူ မီးရောင်များ လျှံထွက်နေ၏။ သီချင်း အလယ်လောက်တွင် အိမ်ကြီးအပေါ် ထပ်အိပ်ခန်းပြတင်း တစ်ခုမှ ခန်းဆီး ပွင့်သွားသည်ကို ကျွန်တော်မြင်ရသည်။ ထို့နောက် အလင်းရောင်ကို ကျောပေးရပ်လာသော လူသဏ္ဌာန်လေး တစ်ခု ပေါ်လာသည်။

ကျွန်တော်က မိုးကျရွှေကိုယ်ဘက် ငဲ့ကြည့်၏။ မိုးကျရွှေကိုယ်က အိမ်ကြီးဆီ မြင်ဟန်မတူ၊ ခေါင်းလေးစောင်းကာ သီချင်းသံကို မှိန်းနားထောင်နေ၏။ ကျွန်တော့် မျက်လုံးများက ပြတင်းဆီ ပြန်ရောက်သွားသည်။

ပြတင်းဝမှ သဏ္ဌာန်၏ ရုပ်ရည်ကို သဲကွဲစွာ မမြင်ရသော်လည်း အရပ်အမောင်းက သိသာသည်။ ထိုထက်လည်ဆီ ဝိုင်းဝဲကျနေသော ဆံပင်ပုံစံက ပိုသိသာသည်။

ထား...။

ပြတင်းဝ၌ ထားသည် ငြိမ်ငြိမ်လေး ရပ်နေ၏။ သီချင်းကို နားထောင်နေမှန်း သိသာလှသည်။ ကျွန်တော့်ရင်က မသိမသာ ခုန်လာသည်။ အသံမတုန်ရန်နှင့် စည်းမမှားရန် မနည်းကြိုးစား ယူရ၏။

ပတ်ပျိုးအဆုံး သဖြန်ပြီး၍ အတန်ကြာသည် အထိထားသည် ပြတင်းဝ၌ ရပ်နေခဲ့သည်။ ထို့နောက် ခန်းဆီးလေးကို အသာပြန်ချ၍ နေရာမှ ပျောက်ကွယ်သွားသည်။

ကျွန်တော်ကမူ ပြတင်းဆီသို့ ငေးကြည့်မြဲ ကြည့်နေမိ၏။ ရင်တွင်း၌လည်း တလှပ်လှပ်...။

''မြတ်ဆွေ...''

''ဟေ...အာ...''

''နင့်တားချင်းနော် ...အားကြီးတာ နားဖို့ကမ်းတယ်

...''

''သြော်...အင်း ... နင် ဘာကိုသနားတာလဲ

မိုးကျရွှေကိုယ်...''

''နင့်တားချင်းထဲမှာနော်...နားတွေပါတယ်...''

''ဘာတွေ...''

''နားတွေ...နာဂျင်းတွေ...နာဒန်တွေ...

နာရန့်တွေ နာခူတွေတော့ မပါဘူး...''

''အဲဒါ ဘာဖြစ်သလဲ...''

တက္ကသိုလ်ဘုန်းနိုင်

Read 242 times
Rate this item
(0 votes)
Last modified on Wednesday, 15 August 2018 10:00