SJ WorldNews - шаблон joomla Авто

တပြည်သူမရွှေထား

Friday, 14 September 2018 08:50 Written by  font size decrease font size decrease font size increase font size increase font size

''ဟုတ်ပါတယ်...။ ရောင်းဖို့'' ဖြေလိုက်ပြီးနောက် ကျွန်တော်က သူ့ကို သေချာစွာ ကြည့်မိသည်။...။

''သြော်''

သူကလည်း ကျွန်တော့်ကို ပြန်စိုက်ကြည့်နေပြီးမှ မျက်နှာတွင် အံ့သြဝမ်းသာဟန်နှင့် ဆိုသည်။

''သြော်...ခင်...ခင်ဗျား...ဟို...ကိုကြင်မောင်ရဲ့ယောက်ဖနော်...''

သူ့အသက်က နှစ်ဆယ့်နှစ်နှစ်ခန့် ရှိ၍ ကျွန်တော့်ထက်ကြီးသည်။

ယင်းသို့တိုင်စေ သူက ယဉ်ကျေးလှစွာ ကျွန်တော့်ကို ''ခင်ဗျား''သုံး၍ စကားပြော၏။

''ဟုတ်ပါတယ်...။ခင်ဗျားလည်း...''

ကျွန်တော်က စကားကိုမဆက်။ ဆက်ရန်က ခက်နေ၏။ သူကလည်း မဆက်စေလိုဟန်ဖြင့် သွက်သွက်ပြော၏။

''ဟုတ်ပါတယ်။ ဟုတ်ပါတယ် ...ခင်ဗျား မှတ်မိသားပဲ ...။ အတော်ပဲဗျာ...ကျွန်တော်လည်း ကိုကြင်မောင်ကို တွေ့ချင်တာနဲ့ အိမ်လိုက်ရှာနေတာ''

''အေးဗျာ...။လာ...။ ဝင်ထိုင်ပါဦး...။''

ဆရာလေးကလည်း ဖိတ်ခေါ်၏။

''မောင်မြတ်ဆွေ အသိလား။ လာပါ...။ဝင်ထိုင်ပါ

...''

သူက ဝင်ထိုင်သည်။ ကျွန်တော်က သူ့ကိုမေး၏။

''ခုနက ... ကျွန်တော့်ယောက်ဖကို ခင်ဗျား

လိုက်ရှာတယ် ပြောတယ်။ ဘာကိစ္စလဲ''

''တည်းဖို့ခိုဖို့ပါ။ မူလကတော့ ရွှေတောင်အထိပဲ လာတာ။ ရောက်မှတော့ ဒီဘက်လည်း ဝင်ဦးမယ် ဆိုပြီး ဆက်လာခဲ့တာ။ ဒီမှာက အသိဆိုလို့ သူတစ်ယောက်ပဲ ရှိဖူးတယ်လေ။ သူပြောထားလို့ မီးရထားလမ်းဘေးက အိမ်သွားရှာတော့ မရှိဘူး။ ပြောင်းသွားပြီ ဆိုတယ်၊ အခု ခင်ဗျားနဲ့တွေ့တာ အခန့်သင့်ပဲ'' ''နေဦး...။ သူ ဂျပန်စကားပြန်ဖြစ်ပြီး ကြီးပွားနေတာ ခင်ဗျားသိလား''

''ဂျပန်စကားပြန်...။ဟင့်အင်း...။ မသိဘူး''

''ကျွန်တော်က စကားကုန်ပဲ ပြောရမယ်။ သူ့အိမ်မှာက ဂျပန်စစ်ဗိုလ်တွေ ဘာတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်။ လွတ်တော့ မလွတ်လပ်ဘူး။ ခင်ဗျား ဘယ်နှရက်တည်းမလို့လဲ...''

''ဟာ ...။တစ်ညအိပ်လောက်ပါ။ နေပါစေဗျာ...

ဂျပန်တွေဘာတွေနဲ့ဆို မတည်းတော့ဘူး''

သူသည် စကားမှားသွားသည်ကို သတိရဟန်ဖြင့် ချက်ချင်းပြင်ပြော၏။

''တခြားမဟုတ်ပါ ဘူးလေ။ ဂျပန်တွေဘာတွေဆိုတော့ ကျွန်တော်က ကြောက်တယ်။ မတော် အနေအထိုင်မတတ်၊ ပြောမှားဆိုမှား ရှိမှဖြင့်...'' ''ခင်ဗျား အခုဘာလုပ်နေလဲ...'' ''ကျပန်း အရောင်းအဝယ် ပေါ့ဗျာ...။ သြော်...ဒီမှာ နည်းနည်းပါးပါး တောင်ပါသေးတယ်''

သူက လွယ်အိတ်တစ်လုံး လွယ်ထားသည်။ ယခု သူ့လွယ်အိတ်တွင်းမ ပစ္စည်းများကို ထုတ်ပြသည်။

သူ့ပစ္စည်း ကလေးများမှာ သေးသော်လည်း ဂျပန်ခေတ်တွင် ရှားပါး၍ အဖိုးတန်သော ပစ္စည်းများ ဖြစ်၏။

စက်ချုပ်အပ်၊ အဝတ်ချုပ်အပ်၊ အပ်ချည်လုံး၊ ချိတ်၊မုတ်ဆိတ်ရိတ်ဘလိတ်ဓား၊ မီးခြစ်ကျောက်၊ လက်နှိပ်ဓာတ်မီး၊ မီးသီး၊ ကြယ်သီးအမျိုးမျိုး၊ လက်ပတ်နာရီကြိုး၊ ဖောင်တိန်နှင့် ကလောင်နစ်သွားများ၊ မယ်ဒလင်၊ တယော စသည်၌ တပ်သော သံမဏိကြိုးလေးများ...။...။

စုံလည်း စုံလှသည်။

''မယ်ဒလင်ကြိုးလေး တွေတော့ သဘောကျသဗျာ။ ကျွန်တော်တို့ ဒီမှာ ဓာတ်ကြိုးထဲက ဝါယာကြိုး ဖြုတ်သုံးနေရတယ်။ ဒုံးကြိုးတွေတော့ နှစ်ပင်ပူးပြီး ဖြစ်သလိုချနေရတယ်''

''ခင်ဗျားလိုချင်ရင်တော့ တစ်စုံ ကျွန်တော် လက်ဆောင်ပေးခဲ့ပါမယ်''

''ဟာ...မလုပ်ပါနဲ့ဗျာ။ ခင်ဗျားဟာက အဖိုးတန်တွေ။

ကျွန်တော်တို့ ဝယ်ပါ့မယ်။ မဟုတ်ဘူးလား ဆရာ...''

''အေးကွ...။ သုံး၊လေးစုံဝယ်ထားရအောင်...''

''ခင်ဗျား ရန်ကုန်ကလာတာလား...''

''ဟုတ်ကဲ့...''

''ရန်ကုန်မှာ အဲဒီပစ္စည်းတွေ အစုံရတာပဲလား...''

''ဟိုမှာလည်း ရှားတာပေါ့။ ဒီလိုပဲ လိုက်စုရတာ။

ဟိုမှာရောင်းလည်း ရပါတယ်။ ကျွန်တော်က ဒီဘက်

ရောင်းပြီးအပြန် သင့်မယ့်ကုန်လေး သယ်သွားမယ် စိတ်ကူးတာ''

''ဘယ်လိုကုန် သင့်မလဲ''

''ချည်ထည်လေး ဘာလေးပေါ့ဗျာ''

''ခင်ဗျားပစ္စည်းလေးတွေက ရှားရှားပါးပါး ဟာမို့ ရောင်းရင်စွံ မှာပါပဲ။ ဒီမှာတော့ မဟုတ်ဘူးဗျ။ ဒီကတော့ မြင်တဲ့အတိုင်းပဲ ...။ ကားဆိပ်၊ လှည်းဆိပ်သာသာရယ်။

ပေါင်းတလည်ဘက်သွားပါလား။ ဟိုမှာက ဈေးနဲ့ဘာနဲ့ စည်စည်ကားကားပဲ။ အထည်လည်း ကောင်းကောင်းရတယ်''

''အဲဒီဘက်မရောက်ဖူးဘူးဗျ။ အသိအကျွမ်းလည်း မရှိဘူး...''

ကျွန်တော် အကြံတစ်ခု ရလာသည်။

''ဒီလိုလုပ်ဗျာ။ ဟိုမှာ ကျွန်တော့်အသိတွေ ရှိတယ်။ ကျွန်တော်နဲ့လိုက်ခဲ့။ သြော်...ဆရာရေ...ကျွန်တော် မယ်ဒလင်လေး၊ ငါးလုံးယူသွားမယ်။ ဘယ့်နှယ်လဲ ...'' ''အေး ... အေး...။ မင်းအကြံမဆိုးဘူးဟ။

ကောင်းတယ်...။ကောင်းတယ်...''

သူက ကျွန်တော့်ကို ကြည့်ပြီးမေး၏။

''ကျွန်တော် ဘယ်တည်းရမလဲ။ ခင်ဗျားယောက်ဖ အိမ်တော့ဗျာ...''

ကျွန်တော်မဖြေရက်၊ ဆရာလေးက ဝင်ပြော၏။

''ကျုပ်တို့ဆီပဲ တည်းပါဗျာ။ လူတစ်ယောက် စာနေရာတော့ ရှိပါတယ်''

ဤသို့ဖြင့် အစစ အဆင်ပြေ သွားကြ၏။

ညနေအိမ် အပြန်တွင် သူက ကျွန်တော်နှင့် ဘုရားခြေရင်းအထိ လိုက်လာသည်။ သူက ကျွန်တော့်ကို တောင်းပန်သည်။

''ခင်ဗျားဆရာလေးကို...ကျွန်တော် ...ဟိုဒင်း ...ဟို...ဟိုထဲရောက်ဖူးတာ မပြောပါနဲ့ဗျာ''

''ဘာဖြစ်လို့လဲ''

''ဒါသိရင် လူတွေက အထင်သေးချင်တယ်ဗျာ။

ကျွန်တော် အခု ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာပါ''

''ဟိုတုန်းက...ဘာကိစ္စနဲ့ အဲဒီဟိုဟာထဲ ရောက်တာလဲ''

''ကျွန်တော့်ဇာတိက ဓနုဖြူကပါ။ လှေထိုးလိုက်လာရင်း လှေသူကြီးက ညစ်တာနဲ့ ဒီပြည်ဆိပ်ကမ်းမှာ စကားများကြတယ်...။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း ဓားခုတ်မှု ဖြစ်ရတာ။...။''

''အင်းလေ...။ကောင်းပါပြီ...ဒါထက် ခင်ဗျား နာမည် ဘယ့်နှယ်ခေါ်လဲ''

''ကံလှတဲ့ခင်ဗျ။ ခင်ဗျားနာမည်ကရော''

''မြတ်ဆွေပါ''

သူနှင့်ခွဲပြီး ပြန်လာစဉ် သူ့နာမည်ကို တွေး၍ သဘောကျ လာမိသည်။ ကံလှ...။ အင်း...နာမည်နှင့် လူက လိုက်လိုက်သေးတော့။

ကံလှ (ဝါ) ကိုကံလှကား အခြားသူမဟုတ်...။

ဟိုးတစ်နှစ်။ လွန်လေပြီးသော ဟိုးတစ်နွေက ပြည်မြို့ကမ်းနားလမ်းတွင် ကျွန်တော့် ယောက်ဖနှင့် အတူတွဲ၍ ကျောက်ထု နေခဲ့ရရှာသော အကျဉ်းသား။...။

ကျွန်တော်ပစ်ပေးသော မတ်စေ့ကလေးကို ပါးစပ်တွင်း ပစ်သွင်းပြီး ကျွန်တော့်ကို ကျေးဇူးတင်သည့် မျက်လုံးများနှင့် ငေးကြည့် ကျန်ရစ်ရှာသော အကျဉ်းသားလူငယ်။...။

ကိုကံလှနှင့် ကျွန်တော်တို့ ပေါင်းတလည်သို့ သွား၍ ကုန်ရောင်းကုန်ဝယ် ပြုကြသည်မှာ ပထမတစ်ခေါက် ကတည်းက ဟန်ကျအဆင်ပြေသည်။

ကျွန်တော်တို့သည် ကျွန်တော်၏ ကျေးဇူးရှင်ဟောင်း ကိုညွန့်အောင်၏ အိမ်၌တည်းကြ၏။ အဆင်ပြေချင်တော့ ကိုညွန့်အောင်မှာလည်း ပေါင်းတလည်တွင် အထည်ဆိုင် ဖွင့်ထားသည်။ တစ်ဖက်က အထည်ဆိုင်ဖွင့်လျက် တစ်ဖက်ကလည်း အာရှလူငယ် အစည်းအရုံးတွင် လုပ်နေသည်။

ပို၍ အဆင်ပြေပုံကား ကျွန်တော်တို့ အမျိုးသားကျောင်းမှ အားကစားနည်းပြဆရာ ဦးလှမောင်သည် ပထမ အာရှလူငယ် အစည်းအရုံး၌ ကာယဗလမှူးလုပ်သည်။ နောက်ဥက္ကဋ္ဌ ဖြစ်လာသည်။

မိတ်ဟောင်းဆွေဟောင်း ဆရာဟောင်းတွေ၏ စောင်မပေးမှုကြောင့် ကျွန်တော် ယူလာသော မယ်ဒလင်လေးများ ကိုလည်း ရောင်းရသည်။ ကိုကံလှ၏ ပစ္စည်းကလေးများလည်း ဈေးကောင်းကောင်း ရပြီး စွံသည်။

အပြန်တွင် ကိုကံလှသည် ကိုညွန့်အောင်၏ ဆိုင်မှပင် ဖျင်ကြမ်း လုံချည်များကို အထူး ဈေးနှုန်း ချိုသာစွာ ဝယ်ရ၏။

ပထမတစ်ခေါက် အဆင်ပြေပြီး ကတည်းက ကိုကံလှလည်း ရန်ကုန်နှင့် သည်ဆီ အခေါက်ခေါက် ကုန်ကူးသည်။

အခေါက်ခေါက် ဆိုရသော်လည်း လမ်းပန်း အခက်အခဲကြောင့် တစ်ကြောင်း၊ ရန်ကုန်မှ ပြန်အတက်တွင် ကိုကံလှ ယူလာတတ်သော ပစ္စည်းကလေး မျိုးများမှာ စုဆောင်း ရှာဖွေရသည်မှာ ကြာတတ်သောကြောင့် တစ်ကြောင်း တစ်ခေါက်နှင့် တစ်ခေါက်ကြား တစ်လကျော်ကြာသည်။ ကိုကံလှ လာလျှင် ကျွန်တော်က ပေါင်းတလည်ဘက် အမြဲရောက်သည်။ တစ်ခါတစ်ရံ မြောက်ဘက် ဝက်ထီးကန်သို့ လည်းကောင်း၊ အရှေ့ဘက် ပေါက်ခေါင်းဆီသို့ လည်းကောင်း ကျွန်တော်တို့ ခရီးကွန့်ကြသည်။

အိမ်၌မပျော်သော ကျွန်တော်သည် ကိုကံလှလာ၍ ခရီးထွက်ရလျှင် စိတ်ချမ်းသာသည်။ ပြီးတော့ ဝက်ထီးကန်၊ ပေါင်းတလည်၊ ပေါက်ခေါင်းတို့ မှာဆိုလျှင် နေ့လည်း ဇိမ်နှင့်နေရ၏။ ညလည်း ဇိမ်နှင့်အိပ်ရ၏။

ပြည်မှာကတော့ နေ့လည်း ကျီးလန့်စာစား၊ ညဆိုလျှင်လည်း ဖြောင့်ဖြောင့်မအိပ်ရ။ ဘယ်အချိန်ဗုံး လာကြဲမည်ကို လန့်နေရသည်။

၁၉၄၃ ခုနှစ် ဆောင်းတွင်းပိုင်း၌ ပြည်ကို ဗုံးကြဲသည်မှာ သိသိသာသာ ပြင်းထန်လာ၏။

သည်ကြားထဲက ဂျပန်တို့က ရခိုင်စစ်မျက်နှာတွင် နိုင်လိုက်သည်ဆို၏။ နယူးဒေလီအထိ ချီတက်ရေး ဟူသော အသံမှာလည်း ပိုမြည်လာ၏။

တစ်နှစ်လုံး ပြည်တစ်ဝိုက်၌ ဂျပန်တပ်တွေ တိုးလာသည်။ ခါတိုင်းထက် တိုးလာသည်။ ဘယ်က ရောက်လာကြသည်မသိ။ ပေါင်းတလည်မြို့တွင် ဂျပန်တို့၏ ကားတပ်စခန်းကြီး ရှိနေသည်။ ပေါင်းတလည်မှ စစ်ကားကြီးများသည် ပြည်ကိုဖြတ်ပြီး မြစ်ကို ဖောင်ဖွဲ့ကူးကြသည်။ ကားတွေ သာမက လူတွေပါ နေ့ရောညပါ ကူးကြသည်။ မြင်းတပ်၊ လားတပ်များလည်း ကူးကြသည်။ အစစ်အဆေးများလည်း အလွန်ထူလာ၏။

အာလံဘက်မှလာလာ၊ ပေါင်းတလည်ဘက်မှလာလာ၊ ရွှေတောင်ဘက်မှတက်တက် ပြည်အဝင်ဆိုလျှင် ရဲဌာနမှ ထုတ်ပေးသော လက်မှတ်ကို ပြရသည်။ ပစ္စည်းမှန်သမျှ အရှာခံရသည်။ ငိုအားထက် ရယ်အားသန်ဖွယ်ကား ဆေးထိုးပြီးကြောင်း လက်မှတ်ဖြစ်၏။

တက္ကသိုလ်ဘုန်းနိုင်

Read 10 times
Rate this item
(0 votes)
Last modified on Friday, 14 September 2018 08:51