SJ WorldNews - шаблон joomla Авто

ဆဋ္ဌဂံ မစန္ဒာ

Tuesday, 23 October 2018 10:37 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဒေါ်တင်မေကြီးတို့က မြို့ပေါ်မှ ရှင်မပြုနိုင်သူ ကလေး များကို စုပေါင်းကာ ရှင်အပါး ၁ဝဝ သာသနာ့ဘောင် ထဲ သွတ်သွင်းပေးခဲ့သည်။ ထိုရှင်ပြုပွဲကို ရောက်လာသူ က ဒေါ်ခင်မေကြီးနှင့် သူ၏သားအငယ်ဆုံးဖြစ်သူ ဆေးကျောင်းသား ကိုကိုမောင်ဖြစ်လေသည်။ ကိုကိုမောင် ကတစ်ဖက်ခြံရှိ နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်ပြတင်း ပေါက်မှနေပြီး နွဲ့နွဲ့တို့ခြံထဲ ငေးမောကြည့်လေ့ရှိသည်။  နွဲ့နွဲ့ရေတွင်းတွင် ရေငင်နေသည်ကိုလည်းကောင်း၊ ပန်းပင်ရေလောင်းနေသည်ကိုလည်းကောင်း၊ ဆန်ဆေး နေသည်ကိုလည်းကောင်း၊ အဝတ်လျှော်နေသည်ကို လည်းကောင်း အပေါ်စီးမှနေပြီး တစေ့တစောင်း ကြည့်နေ တတ်သည်။

ကိုကိုမောင်ကပင် သွက်လွန်းတာလား၊ နွဲ့နွဲ့ကပင် အညှာလွယ်လွန်းတာလား၊ နှစ်မျိုးစလုံးကြောင့်လားတော့ မသိ၊ တစ်ပတ်လောက်အတွင်းတွင် မျက်လုံးချင်းစကား ပြောပြီး ချစ်သူဖြစ်သွားကြသည်။ ပုစွန်ဆိတ်ကလေး အလွန်ငယ်လှသော်လည်း ပင်လယ် ကို လက်ပစ်ကူးခဲ့လေသည်။ အဖေနှင့်အစ်မ အိပ်မော ကျလျှင် ခြံထဲသို့ တိတ်တဆိတ်ဆင်းပြီး ကိုကိုမောင်နှင့် တွေ့တတ်လာသည်။ အေးစိမ့်နေသော ရေတွင်းပေါင် ကလေးကို အတူမှီထိုင်ကာ ဆန်းစလကွေးကွေးလေးကို ငှက်ပျောပင်၊ ငှက်ပျောရွက်များကြားမှ ဝိုးတစ်ဝါးမျှော် ကြည့်ခဲ့ရသောညများကို သူ့တစ်သက်တာတွင် ဘယ် တော့မှ မေ့မည်မဟုတ်တော့ပေ။ သို့သော် ထိုစဉ်က သူ လုံးဝမသိခဲ့သော အချက်တစ်ချက်မှာ ကိုကိုမောင်သည် သိုးငယ်မဟုတ်ဘဲ ဝံပုလွေဖြစ်နေခြင်းကိုပင် ဖြစ်လေသည်။

ဝံပုလွေဟူသည်မှာ သူ၏ သားကောင်ကို မည်သည့် အခါမျှ သက်ညှာလေ့မရှိကြောင်းကို နွဲ့နွဲ့သိသောအခါတွင် အစစအရာရာနောက်ကျခဲ့ပြီဖြစ်သည်။ သူ၏ ဝမ်းကြာတိုက်တွင်လည်း ကိုကိုမောင်၏ သွေးသားက တွယ်ငြိနေခဲ့လေပြီ။ ထိုအကြောင်းကို သူက ထိတ်လန့် တုန်လှုပ်စွာသိခဲ့ရပြီး ကိုကိုမောင်အား မျက်ရည်နှင့် အသိပေးခဲ့သည်။ ရင်ထဲတွင်တော့ ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ချက်များ ပြည့်လျှံ၍နေခဲ့သည်။ နောက်တစ်နေ့ညကျတော့ သူတို့နှစ်ဦးရှိရာ ရေတွင်း ဘေးသို့ ဒေါ်ခင်မေကြီး ရောက်လာလေသည်။ ညဥ့် သန်းခေါင်ယံပင် ဖြစ်သော်လည်း ဒေါ်ခင်မေကြီးသည် လှပ မွှေးကြိုင်နေသည်။ ဆံပင်ကို သေသပ်စွာထုံးပြီး သဇင်ပန်း လေးငါးခက်လည်း ပန်ထားသေးလေသည်။ အေးပြီး ချိုသာသော်လည်း ဓားသွားကဲ့သို့ ထက်မြက်သော စကားလုံးများကတော့ နွဲ့နွဲ့၏အသည်းကို တစ်လွှာချင်း မွှန်းခဲ့လေသည်။

''မောင်မောင့်မှာ စေ့စပ်ထားတဲ့သူရှိပြီးသားကွဲ့၊ သူတစ်နေ့လက်ထပ်ရင် အဲဒီမိန်းကလေးကိုပဲ လက်ထပ် ရမယ်ဆိုတာလည်း သူသိပြီးသား'' ဒေါ်ခင်မေကြီးက လေအေးလေးနှင့် ပျော့ပျောင်းစွာ ပြောလေသည်။ ''အဲဒီမောင်မောင်တစ်ယောက်ဟာလေ သိရက်နဲ့ကို ရှုပ်ချင်နေတာ၊ ဟိုမှာလည်း တစ်ဇာတ်ရှုပ်ခဲ့လို့ သွေးမှ အေးပါစေတော့လို့ ဒီမှာ ကြာကြာနေမိပါတယ်။ နောက် ထပ် ရှင်းစရာဇာတ်တစ်ဇာတ်က ထပ်ရှုပ်လာပြန်ရော၊ ယောက်ျားဆိုတာ ဒီလိုတွေပဲကွဲ့ မိန်းကလေးရဲ့၊ ကဲ မောင်မောင်၊ မာမီ့ဆီ လာစမ်းကွယ်၊ ပြန်ကြပါစို့လား''

ကိုကိုမောင်သည် သူ့မိခင်၏စကားကို အံ့သြစရာ ကောင်းလောက်အောင် နားထောင်လေသည်။ ချစ်သူ (ချစ်သူဟု ထင်မိခြင်းသာ ဖြစ်နိုင်ပါသည်)ကို ကျောခိုင်း ၍ သူ၏မိခင်နှင့်အတူ နှစ်ထပ်တိုက်ကြီးပေါ်သို့ နာခံစွာ ပြန်တက်သွားသည်ကို နွဲ့နွဲ့သည် မှင်တက်မိသလို ငေး ကြည့်၍ ကျန်ရစ်ခဲ့သည်။

''သြော်'' ဒေါ်ခင်မေကြီးက ချိုမြစွာပြုံးရင်း ပြောသွား သေးသည်။ ''သဇင်ပန်း ပန်စရာရှိနေတဲ့သူဟာ ဒီ့ပြင်ပန်းကို ပန် ချင်ပါ့မလားကွယ်။ တကယ်လို့ ပန်တယ်ဆိုရင်တောင် မှ ခဏတဖြုတ်သာ ပန်တော့မှာပါ''တဲ့။ ထို့နောက် နွဲ့နွဲ့ကိုသားရေကွင်းနှင့်ပတ်ထားသော စက္ကူအိတ်ကလေး တစ်အိတ်ကမ်းပေးသွားသည်။ ''ပြဿနာတော်တော်များများကို အဲဒါက ဖြေရှင်းပေးနိုင် မှာပါ''တဲ့လေ။ နောက်ဆုံးတော့ စိမ့်စိမ့်အေးနေသော ရေတွင်းပေါင် လေးကိုမှီရင်း နွဲ့နွဲ့တစ်ဦးတည်းကျန်ခဲ့သည်။ နာကျင်ပြီး ကွဲအက်ကြေမွသွားသော နှလုံးသားကြောင့် မျက်ရည် များက တာကျိုးသလို ပြိုကျလာသည်။ သို့ပါသော်လည်း သူက ''ခုနတုန်းက အိပ်မက်ဆိုးမက်သွားတာပါ''ဟု အခါခါတွေးနေမိသေးသည်။ ဖြစ်သွား၊ ပျက်သွား၊ကြား ရ၊ မြင်ရသမျှကို သူဘာမှ မယုံချင် မယုံနိုင်အောင်ဖြစ် နေသေးလေသည်။

သူတို့သားအမိနှစ်ယောက်ကိုတော့ အဲဒီနေ့ကစပြီး မတွေ့ရတော့ပေ။ နောက်တစ်နေ့ ချက်ချင်းပြန်သွား သလား၊ သုံးလေးရက်နေမှ ပြန်သွားသလား နွဲ့နွဲ့မသိ ခဲ့ရချေ။ ယခင်က သူ့ကို ငေးကြည့်လေ့ရှိသော ကိုကို မောင်၏ အရိပ်ကိုပင် မမြင်ရသလို အပေါ်ထပ်မှ ပြတင်း ပေါက်ကလေးလည်း လုံးဝပိတ်သွားခဲ့လေတော့သည်။ ပြတင်းပေါက်ကလေး ပွင့်လာနိုးနှင့် မျှော်ငေးနေရှာမည့် ကောင်းမလေးတစ်ယောက်ကို သူတို့၏ အတွေးထဲမှာ ပင် တစ်ခါတစ်ရံမျှ သတိရတော့မည် မဟုတ်တော့ ချေ။

နောက်ဆုံးတော့ နွဲ့နွဲ့သည် အစ်မဖြစ်သူ ကြိုင်ကြိုင် ကိုဖက်ကာ ရှိုက်ကြီးတငင် ငိုရလေတော့သည်။ ''မိနွဲ့ ရယ်၊ အညှာလွယ်လှချေကလားဟဲ့'' မိန်းကလေးဆိုတာ ဣနြေ္ဒခြုံမှ လုံတာဟဲ့'' နှင့် ရင်ထု၍ ငိုခဲ့သော်လည်း ကြိုင်ကြိုင်သည် သူ၏ရှေ့တွင် မားမားမတ်မတ်ရပ်တည် ခဲ့ရှာလေသည်။ ''ငါတောင် မသိလိုက်တာ၊ ဘယ်သူမှ မသိဘူး မိနွဲ့၊ ဣနြေ္ဒမပျက်နေ၊ ငါကြံမယ်''ဟု အခါခါ အားပေး ခဲ့ရှာလေသည်။ ဒေါ်ခင်မေကြီးပေးသွားသော စက္ကူအိတ် ထဲတွင် ငွေစက္ကူအထပ်လိုက်ကို တွေ့ရသည်။ ရေတွက် ကြည့်တော့ တစ်သိန်းတိတိရှိလေသည်။ ရုပ်ရှင်ထဲ ဝတ္ထု ထဲကလိုဆိုလျှင် ထိုငွေကို ဆွဲထုတ်ပြီး လွှင့်ပစ်လိုက်ရ မည်ဖြစ်သည်။ တကယ်လည်း ထိုသို့ပင် လုပ်ချင်သည်။ သို့သော် ကြိုင်ကြိုင်က ''စိတ်အလိုမလိုက်နဲ့ ညီမလေး ရယ်၊ ငါတို့မှာ ငွေလိုလိမ့်မယ်''ဟု ပြောခဲ့သည်။ ထိုအချိန်တွင်ပင် သူတို့၏ ဖခင်ကြီး ရုတ်တရက်ရောဂါ သည်းလာကာ ဆုံးပါးခဲ့ရသည်။ သမီးဖြစ်သူ၏ ဇာတ်ရှုပ် ကိုမသိမီ သူ့ရောဂါနှင့်သူ ကွယ်လွန်ခြင်းဖြစ်၍ အဖေ  ကံကောင်းလှသည်ဟု နွဲ့နွဲ့ထင်မိသည်။ သူ့အကြောင်း ကိုသာသိလျှင် ရှိလက်စရောဂါကိုသာမက ယူကျုံးမရ စိတ္တဇဝေဒနာကိုပါ ခံစားပြီးမှ ဆုံးပါးရရှာမည်ဖြစ်သည်။ အဖေဆုံးပြီး မကြာမီပင် ကြိုင်ကြိုင်က သူ၏ချစ်သူ ကိုမင်းဇော်(မိဘမောင်နှမမရှိဘဲ ဦးလေး၏ပွဲရုံတွင် ကူညီလုပ်ကိုင်နေသူ)နှင့် အကျဉ်းရုံး၍ လက်ထပ်သည်။

သူတို့၏ ခြံကိုလည်း ဒေါ်တင်မေကြီးကို ရောင်းလိုက် သည်။ အဖေတွယ်တာလှသော မြေကလေးကို အခြေ အနေအရပ်ရပ်ကြောင့် မတတ်သာ၍ ရောင်းရခြင်းဖြစ် သည်။ ရန်ကုန်တွင်ရှိသော အမေ၏ အစ်မကြီးက ခေါ် နေသည်။ သူနှင့်အတူ သွားရောက်ပူးပေါင်းနေထိုင်ကာ လုပ်ကိုင်စားတော့မည်ဟု သတင်းလွှင့်ထားခဲ့သည်။ ရန်ကုန်မြို့တွင် အမေ၏ အစ်မကြီးဟူသည်မှာ တကယ် မရှိသော်လည်း သူတို့သည် ရန်ကုန်မြို့တွင် အမှန်တကယ် ပင် အခြေချခဲ့ကြသည်။ ရန်ကုန်မရောက်မီ တောင်ပေါ် မြို့လေးတစ်မြို့တွင် နွဲ့နွဲ့က သားယောက်ျားလေးတစ် ယောက်ကို လျှို့ဝှက်စွာ မွေးဖွားခဲ့သည်ကိုတော့ မည်သူမျှ မသိကြပေ။ ရန်ကုန်ရောက်တော့ သားကလေးသည် အစ်မကြိုင်ကြိုင်တို့၏သားလေး ဖြစ်သွားလေသည်။ ကိုမင်းဇော်က ဦးလေး၏ ဆန်ပွဲရုံတွင် လုပ်ကိုင် လာခဲ့သူဖြစ်၍ ဆန်အကြောင်းနားလည်သည်။ လည် လည်ဝယ်ဝယ်ရှိကာ စီးပွားရေးလည်း လာဘ်မြင်သည်။

ခြံရောင်းခဲ့သည့်ငွေနှင့် ဒေါ်ခင်မေကြီးပေးသည့်ငွေကို သာမက ရှိသမျှ ရွှေကလေးများကိုပါ ရောင်းချကာ ဆန် လုပ်ငန်းတွင် မြှုပ်နှံလုပ်ကိုင်ခဲ့ရာ အတော်ပင် အကျိုးပေး လေသည်။ အခုတော့ ဘုရင့်နောင်တွင် ဆန်ပွဲရုံတစ်ခု ပိုင်နေပြီး အိမ်ပိုင်နှင့် ကားပိုင်နှင့်ဖြစ်လာလေသည်။ အစ်မကြိုင်ကြိုင်တွင်လည်း နောက်ထပ်ကလေးမရ ၍ သားက တစ်ဦးတည်းသော သားအဖြစ် အစစအရာရာ အလိုလိုက်ခံရသည်။ စီးပွားဖြစ်သမျှမှာလည်း သားလေး ၏ ကုသိုလ်ကံကြောင့်ဟု သူတို့နှစ်ဦးလုံးက ယုံကြည် ကြသည်။

ဆက်လက်ဖော်ပြပါမည်။

Read 11 times
Rate this item
(0 votes)
Last modified on Tuesday, 23 October 2018 10:39